အားလုံး အသိအမှတ်ပြု ချဲလ်ဆီး ပိုင်ရှင်သစ် ဖြစ်လာပြီးနောက် ဘိုင်ယန်မြူးနစ် ၊ အိုင်းယက်ဇ်တို့ရဲ့ လမ်းစဉ် တခုကို စတင် ကျင့်သုံးဖို့ ပြင်ဆင်နေတဲ့ တော့ဒ်ဘိုလီ

မနေ့ကပဲ အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တော့ဒ်ဘိုလီ ဦးဆောင်တဲ့ ရှယ်ယာစု အဖွဲ့ဟာ ချဲလ်ဆီး အသင်းပိုင်ရှင်သစ်တွေ အဖြစ် အဖွဲ့အစည်းမျိုးစုံရဲ့ အတည်ပြု ထောက်ခံချက်ကို ရခဲ့သလို ၊ ပိုင်ရှင်ဟောင်း ဖြစ်တဲ့ ရိုမန် အေဘရာမိုဗစ်ခ်ျထံလည်း သတ်မှတ်ထားတဲ့ ငွေကြေး အလုံးစုံ လွှဲပြောင်းပေးခဲ့ပြီ ဖြစ်ပါတယ် ။

ဒီအတွက်ကြောင့် ချဲလ်ဆီး အသင်းဟာ sanction-free ကလပ် ပြန်ဖြစ်လာပြီး ၊ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း အရင်လို စိတ်ကြိုက် ပြန်လည် လှုပ်ရှားခွင့် ရှိလာပါပြီ ။ ပထမဆုံး အနေနဲ့ တော့ဒ်ဘိုလီ ဟာ ချဲလ်ဆီး အသင်းရဲ့ အထက်ရာထူးပိုင်းကို စီမံခန့်ခွဲနိုင်ဖို့ ကြိုးစားလျက်ရှိပါတယ် ။

လက်ရှိ ဘုတ်အဖွဲ့မှာ ထိပ်ပိုင်း ရာထူးကြီး နေရာတွေ ယူထားကြတဲ့ ကလပ် ဥက္ကဋ္ဌ ဘရုစ်ဘက်ခ် ၊ အားကစား ဒါရိုက်တာ မာရီနာ ဂရာနော့ဗ်စကီးယား ၊ နည်းစနစ် ဒါရိုက်တာ ပီတာချက်တို့ ရေတိုကာလ အတိုင်းအတာ တခု အထိ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ် ။

ဒါ့အပြင် တော့ဒ်ဘိုလီ ဟာ The Times သတင်းဌာနရဲ့ ဆောင်းပါးရှင် တဦးလည်းဖြစ် ၊ ချဲလ်ဆီး ပရိသတ် တဦးလည်း ဖြစ်တဲ့ ဒန်နီရယ် ဖင်ကယ်စတိမ်းနဲ့ တေးသံဖြန့်ချိရေး လုပ်ငန်းရှင် ဘာဘရာ ရှာရုန်းတို့ကို ဘုတ်အဖွဲ့ရဲ့ အခြားသော အရေးပါတဲ့ ကဏ္ဍတွေမှာ ရာထူးပေး ခန့်အပ်ဖို့ ပြင်ဆင်ထားပါတယ် ။

 

Daily Mail ရဲ့ အဆိုတခု အရ တော့ဒ်ဘိုလီ ဟာ လက်ရှိ ဘုတ်အဖွဲ့ တခုလုံးနဲ့ ရေရှည် ရှေ့ဆက်ဖို့ မသေချာတာကြောင့် ၊ အနာဂတ်မှာ ကလပ် အကြောင်း ထိထိမိမိ ရှိ်ခဲ့ဖူးတဲ့ ချဲလ်ဆီး ကစားသမားဟောင်း တဦးဦးကို ဘုတ်အဖွဲ့မှာ ခန့်အပ်နိုင်ဖို့ ကြံစည်ထားကြောင်း သိရပါတယ် ။

ဒီလမ်းစဉ်ကို ဘိုင်ယန်မြူးနစ် ၊ အိုင်းယက်ဇ် အသင်းတွေမှာ ကျင့်သုံးနေတာ မြင်တွေ့ရမှာ ဖြစ်ပြီး ၊ ဘိုင်ယန်မှာဆို ကလပ် ဂန္တဝင်တွေ ဖြစ်ကြတဲ့ ဖရန့်ဇ် ဘတ်ကင်ဘောင်ဝါ ၊ အူလီဟိုးနက်ဇ် ၊ အိုလီဗာခမ်းတို့ဟာ ထိပ်တန်း ရာထူးတွေ အသီးသီး ယူထားကြကာ ၊ အိုင်းယက်ဇ်မှာဆိုလည်း အက်ဒ်ဝင် ဗန်ဒါဆား ဟာ စီအီးအို ရာထူးကို ရရှိထားပါတယ် ။

လက်ရှိ ချဲလ်ဆီးမှာလည်း ကလပ် ဂန္တဝင် ဂိုးသမားဟောင်း ပီတာချက် ဟာ နည်းစနစ် ဒါရိုက်တာ နေရာမှာ ရှိနေပေမယ့် ၊ ကလပ် ပြင်ပ ဆက်ဆံရေးနဲ့ စီမံခန့်ခွဲရေးပိုင်းမှာ အသင်း အကြောင်း ကောင်းကောင်း သိထားတဲ့ နောက်ထပ် ချဲလ်ဆီး ကစားသမားဟောင်းတွေကို တော့ဒ်ဘိုလီ က အလိုရှိနေပါတယ် ။

ဒါဟာ ရိုမန် အေဘရာမိုဗစ်ခ်ျ ခေတ်လွန် ချဲလ်ဆီး အသင်း လှုပ်ရှားမယ့် ပထမဆုံး အပြောင်းအလဲ လမ်းစဉ် တရပ် ဖြစ်လာနိုင်ပါတယ် ။ တဖက်မှာ ချဲလ်ဆီး ဟာ အခုမှ sanction လွတ်ကင်း ကလပ် ဖြစ်လာတာကြောင့် အပြောင်းအရွှေ့ လှုပ်ရှားမှု အပိုင်းမှာ အခြား ဥရောပ အင်အားကြီး ကလပ်တွေထက်တော့ ခြေတလှမ်း နောက်ကျလျက်ရှိပါတယ် ။

SPORTS MYANMAR