အာဆင်နယ် အသင်း ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့တဲ့ အပေါ် စိတ်မကောင်း ဖြစ်နေတဲ့ အူဘာမီယန်း

အူဘာမီယန်း ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ကစားပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် ကူညီ စွမ်းဆောင် ပေးနိုင် ခဲ့ပေမယ့် သူ့ရဲ့ အသင်းဟောင်း အာဆင်နယ် အသင်းကတော့ ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ လွဲချော် ခဲ့ရပါတယ် ။

အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အူဘာမီယန်း ဟာ စည်းကမ်းချိုးဖောက်မှုကြောင့် အသင်း ခေါင်းဆောင် ရာထူးကနေ ဖယ်ရှား ခံခဲ့ရပြီး ပွဲထွက် လူစာရင်း ကနေ တောက်လျှောက် ချန်လှပ်ခံ ခဲ့ရတဲ့နောက် အာဆင်နယ် အသင်း နဲ့ နှစ်ဦး သဘောတူ စာချုပ် ဖျက်သိမ်း ခဲ့ပါတယ် ။

အဲ့ဒီနောက်မှာတော့ အူဘာမီယန်း ဟာ စပိန်လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ် ။ အူဘာမီယန်း ဟာ ဘာစီလိုနာ အသင်းကို ရောက်တဲ့ အချိန်မှာ ပုံစံကောင်းတွေ ပြသ နိုင်ခဲ့ပြီး ၂၃ ပွဲကစား စုစုပေါင်း သွင်းဂိုး ၁၃ ဂိုး အထိ သွင်းယူ ပေးနိုင်ခဲ့ပါတယ် ။

အူဘာမီယန်း က Sky Sports မှာ အာဆင်နယ် အသင်း ချန်ပီယံလိဂ် ဝင်ခွင့် လွဲချော်ခဲ့တာနဲ့ ပတ်သက်ပြီး ” သူတို့ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အတော်လေး နီးစပ် ခဲ့ပါတယ်။ သူတို့ အများကြီး တိုးတက်လာအောင် လုပ်ဆောင် နိုင်ခဲ့တယ် ဆိုရမှာပါ ။ ”

” ကျွန်တော်လည်း အတော်လေး စိတ်မကောင်း ဖြစ်ရပါတယ် ၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က သူတို့ကို ချန်ပီယံလိဂ် ဝင်ခွင့် ရစေချင်တာကြောင့်ပါ ။ အာဆင်နယ် မှာ ကျွန်တော့် သူငယ်ချင်းတွေ အများကြီး ရှိပါတယ် ။ ”

” လာမယ့် ရာသီမှာ သူတို့ အကောင်းဆုံးတွေ ဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ် ၊ သူတို့ ယူရိုပါလိဂ် ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရတာ ကောင်းတဲ့အရာလို့ ကျွန်တော်ကတော့ ထင်ပါတယ် ၊ သူတို့ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အူဘာမီယန်း ကို ဘာစီလိုနာ အသင်းထံ ထွက်ခွာခွင့် ပြုခဲ့ပေမယ့် သူ့နေရာ အစားထိုးဖို့ တိုက်စစ်မှူး ခေါ်ယူ နိုင်ခဲ့ခြင်း မရှိပါဘူး ။ ဒါ့အပြင် လာကာဇက် ကိုလည်း စာချုပ် သက်တမ်း မတိုးတော့တာကြောင့် အာဆင်နယ် တို့ တိုက်စစ်မှူး ခေါ်ယူဖို့ လိုအပ်နေပါတယ် ။

လက်တစ်လောမှာတော့ အာဆင်နယ် အသင်းဟာ မန်စီးတီး အသင်း နဲ့ စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ဂါဘရီယဲလ် ဂျေးဇု ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ် ။

SM