အာဆင်နယ် အသင်းဟာ အူဘာမီယန်း နေရာကို အစားဝင်နိုင်မယ့်သူ ရှာတွေ့ခဲ့ပြီလို့ဆိုတဲ့ ဂတ်ခရွတ်

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ တစ်ပတ်မှာ လိဒ်ယူနိုက်တက် အသင်းကို ၂-၁ နဲ့ အနိုင် ကစားခဲ့ပြီးနောက် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ ပိုမို နီးစပ် လာခဲ့ပြီ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ လက်ရှိမှာ အဆင့် ၄ နေရာတွင် ရပ်တည်နေပြီး အဆင့် ၅ က တော့တင်ဟမ် အသင်းကို ၄ မှတ် အထိ ဖြတ်ထား နိုင်ပါတယ် ။

ဒီကြားရက်မှာတော့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အဆုံးအဖြတ် ဖြစ်လာနိုင်တဲ့ စပါး နဲ့ အာဆင်နယ် အသင်းတို့ရဲ့ မြောက်လန်ဒန်ဒါဘီပွဲ ရှိနေပါတယ် ။ အဆိုပါ ပွဲမှာသာ အာဆင်နယ် အသင်း စပါး ကို အနိုင် ရရှိပါက လက်ကျန် ၂ ပွဲ အလိုမှာတင် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိသွားမှာပါ ။

အာဆင်နယ် အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ပိုမို နီးစပ် စေခဲ့တဲ့ လိဒ်ယူနိုက်တက် ကို အနိုင်ရတဲ့ ပွဲမှာ ဟီးရိုး ဖြစ်ခဲ့သူကတော့ လူငယ် တိုက်စစ်မှူး အန်ကီတီးယား ဖြစ်ပြီး သွင်းဂိုး ၂ ဂိုးစလုံးကို သွင်းယူ ပေးခဲ့ပါတယ် ။

ရာသီကုန်ရင် အာဆင်နယ် အသင်းနဲ့ စာချုပ် သက်တမ်းကုန်ဆုံးမယ့် အန်ကီတီးယား ဟာ နောက်ဆုံးလိဂ် ၅ ပွဲ ဆက်တို​က် ပွဲထွက် ကစားခွင့် ရရှိထားပြီး သွင်းဂိုး ၄ ဂိုး အထိ သွင်းယူ ပေးထားနိုင်ပါတယ် ။

ဂတ်ခရွတ် က အန်ကီတီးယား ဟာ အူဘာမီယန်း ထွက်ခွာသွားမှုကြောင့် လစ်လပ်နေတဲ့ အာဆင်နယ် အသင်းရဲ့ တိုက်စစ် နေရာကို အကောင်းဆုံး ဖြည့်ဆည်း နိုင်ခဲ့ပြီလို့ BBC Sport Column မှာ ပြောကြား သွားခဲ့ပါတယ် ။

” နောက်ဆုံးတော့ အာဆင်နယ် အသင်းဟာ အူဘာမီယန်း နေရာကို အစားဝင် နိုင်မယ့် ကစားသမား ရှာတွေ့ ခဲ့ပြီလို့ ပြောရမှာပါ ။ အသက် ၂၂ အရွယ် အင်္ဂလန် တိုက်စစ်မှူးလေးက အာဆင်နယ်လို အသင်းမှာ ကိုယ့်နေရာတစ်နေရာကို ရှာဖွေ ရယူနိုင်ခဲ့တယ်ဆိုတာက တကယ့်ကို ထူးခြားဆန်းကြယ်တယ်လို့ ပြောနိုင်ပါတယ် ။ ”

” သူက ဘောလုံးကို တစ်ခုလုံး ပေးဆပ် ကစားပေးနေသူပါ ၊ ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်လာနိုင်တဲ့ အရည်အသွေးတွေ သူ့မှာ ရှိနေပါတယ် ၊ အာဆင်နယ် အသင်းက ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူး တစ်ဦး ခေါ်ယူနိုင်ခဲ့ရင်တောင် အန်ကီတီးယား ကို ထွက်ခွာခွင့် ပေးတာက ရူးမိုက်ရာ ကျပါလိမ့်မယ်။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ အန်ကီတီးယား ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆန္ဒ ရှိနေပေမယ့် အခုချိန်အထိ သဘောတူညီမှု တစ်စုံတစ်ရာ မရရှိသေးပါဘူး ။ အာဆင်နယ် အသင်းရဲ့မြို့ခံပြိုင်ဘက် ဝက်စ်ဟမ အသင်းဟာ အန်ကီတီးယား ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ် ။

SM