အာဆင်နယ် ကို ပြောင်းရွှေ့ ကစားဖို့ ဆွေးနွေးနေကြောင်း ဂျေဇု ရဲ့ အေးဂျင့် အတည်ပြု

မန်စီးတီး အသင်းရဲ့ ဘရာဇီး တိုက်စစ်မှုး ဂျေဇု ရဲ့ အေးဂျင့် ဖြစ်သူ Marcelo Pettinati က အာဆင်နယ် ဟာ သူ့ကစားသမား ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် တရားဝင် ဆွေးနွေးမှုတွေ ရှိထားတဲ့အကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ အခြား ကလပ်အသင်း 6 ခု ကပါ စိတ်ဝင်စားနေတဲ့ အကြောင်းကိုပါ ဆက်လက် ပြောဆိုသွားခဲ့ ပါတယ်။

အာဆင်နယ် နဲ့ ဂျေဇု ရဲ့ ကိုယ်စားလှယ် Marcelo Pettinati တို့ တွေ့ဆုံ ဆွေးနွေးမှုတွေ အပြီးမှာ ၊ မန်စီးတီး တိုက်စစ်မှုး ဟာ လန်ဒန် ကလပ်ကို ပြောင်းရွှေ့ ကစားဖို့ အလေးအနက်ထား စဉ်းစားလျှက် ရှိနေပါတယ်။

လက်ရှိ စာချုပ်သက်တမ်း က တစ်နှစ်ပဲ ကျန်တော့သာ ဖြစ်ပေမယ့် ၊ မန်စီးတီး မှာ ဆက်ကစားဖို့ ဆန္ဒမရှိတော့တဲ့ အကြောင်း အသိပေးထားပြီး ၊ ရာသီ ကုန်တာ နဲ့ အပြောင်းအရွှေ့ လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။

“ ကျနော်တို့က ဂျေဇု ရဲ့ အပြောင်းအရွှေ့ နဲ့ ပတ်သက်လို့ အာဆင်နယ် နဲ့ ဆွေးနွေးထားပြီးပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ စီမံကိန်းတွေ ကို သဘောကျပါတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာက ဘယ်လို ပုံစံနဲ့ အပြောင်းအရွှေ့ ဖြစ်လာနိုင်မလဲ ဆိုတာပေါ့။ အခြား ကလပ် 6 ခုကလဲ စိတ်ဝင်စားနေကြပါတယ်။ လောလောဆယ်တော့ သူဟာ မန်စီးတီး နဲ့ ရာသီအကုန် ပွဲစဉ်တွေ ဆင်နွှဲဖို့ပဲ အာရုံစိုက်နေတာပါ။ ပြီးရင် ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာမလဲ စောင့်ကြည့်ကြမယ်လေ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

ဂျေဇု အနေနဲ့ အာဆင်နယ် ကိုသာ ပြောင်းရွှေ့မယ် ဆိုရင် နှစ်ဦး နှစ်ဖက် စလုံးအတွက် အကျိုးရှိလာမယ့် အပြောင်းအရွှေ့မျိုး ဖြစ်လာနိုင်ပါတယ်။ လက်ရှိ တိုက်စစ်မှုးတွေ ဖြစ်တဲ့ လန်ကာဇက် ၊ အန်ခီတီးယား တို့က စာချုပ်သက်တမ်းတွေ အသီးသီး ကုန်ဆုံးကြတော့မှာပါ။

လန်ဒန် ကလပ်ဟာ အန်ခီတီးယား ကို သက်တမ်း တိုးဖို့ အရိပ်ယောင်တွေ ပြသနေသည့်တိုင်အောင် ၊ လန်ကာဇက် နဲ့တော့ အကြောင်းမထူးသေးပါဘူး။

ဒါကြောင့် ဂျေဇု အတွက် ပုံမှန် ပွဲထွက် ကစားခွင့်ရဖို့ က သေချာ သလောက်နီးပါး ရှိနေပါတယ်။

တစ်ချိန်တည်းမှာ အာဆင်နယ်သာ ချန်ပီယံလိဂ် ကစားခွင့် ဆုပ်ကိုင်နိုင်ခဲ့ရင် ၊ အပြောင်းအရွှေ့ ဖြစ်လာနိုင်ချေတွေက ပိုပြီး များသွားမှာပါ။ လက်ရှိ နည်းပြ အာတေးတား နဲ့ ဂျေဇု တို့ဟာ မန်စီးတီး မှာ လက်တွဲခဲ့ဖူးသူတွေ ဖြစ်လို့ ၊ တစ်ယောက် အကြောင်း တစ်ယောက် ကောင်းကောင်း သိထားသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ အာတေးတား စိတ်ကြိုက် တည်ဆောက်ထားတဲ့ အသင်းမှာ သေချာပေါက် အံဝင်အောင် ကစားပြနိုင်လိမ့်မယ်လို့ ခန့်မှန်း ရပါတယ်။

ဘရာဇီး တိုက်စစ်မှုးဟာ ဒီရာသီမှာ မန်စီးတီး အတွက် ပရီးမီးယားလိဂ် ပွဲပေါင်း 19 ပွဲ အထိ ပါဝင် ကစားပေးထားပြီး ၊ 8 ဂိုး သွင်းယူကာ ၊ ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲ နှစ်ကျော့ စလုံးမှာ ပါဝင် ကစားခွင့် ရရှိထားသူပါ။

ပြီးခဲ့တဲ့လ မှာ ကစားခဲ့တဲ့ ဝက်ဖို့ဒ် နဲ့ ပွဲစဉ်မှာ တစ်ဦးတည်း 4 ဂိုး အထိ သွင်းပြခဲ့ပြီးနောက် ၊ ပုံမှန် ပွဲထွက် ကစားခွင့် နဲ့ ပတ်သက်လို့ မေးမြန်းရာ “ ဒါက ကျနော် တစ်ယောက်ထဲ မဟုတ်ပါဘူး ၊ ကစားသမားတွေ အားလုံး လိုချင်ကြတဲ့ အခွင့်အရေးမျိုးပါပဲ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SM