အသင်းဟောင်း လီဗာပူး နဲ့ ရီးယဲလ်မက်ဒရစ် တို့ ကစားကြမယ့် ချန်ပီယံလိဂ်ဖိုင်နယ် ဂိုးရလဒ်ကို ခန့်မှန်းလိုက်တဲ့ စတီဗင်ဂျာရတ်

စတီဗင် ဂျာရတ် ဟာ ပဲရစ်မှာ ကစားမယ့် အသင်းဟောင်း လီဗာပူ အသင်း နဲ့ ရီးယဲလ်မက်ဒရစ် အသင်းတို့ရဲ့ချန်ပီယံလိဂ်ဖိုင်နယ်ပွဲ ဂိုးရလဒ် ကို ခန့်မှန်း သုံးသပ် လိုက်ပါတယ် ။

ဂျာရတ် ရဲ့ အသင်းဟောင်း လီဗာပူး အသင်းဟာ ဒီရာသီမှာ အက်ဖ်အေဖလား နဲ့ ခါရာဘောင်း ဖလား ရယူ ထားပြီး ဖြစ်တာကြောင့် ချန်ပီယံလိဂ် ဖလားသာ ထပ်ရရင် တစ်ရာသီ အတွင်း ဖလားသုံးလုံးရတဲ့ အသင်း အဖြစ် မှတ်တမ်း ဝင်နိုင်မှာပါ ။

လီဗာပူး အသင်းဟာ ဒီရာသီမှာ ဖလားလေးလုံး အထိ မျှော်လင့်ချက် ရှိခဲ့ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ်မှာ ချန်ပီယံ ဖြစ်ဖို့ အနီးစပ်ဆုံး အနေအထား အထိ ရောက်ရှိ ခဲ့ပါတယ် ။ ချန်ပီယံ ဖြစ်သွားတဲ့ မန်စီးတီး အသင်းဟာ ဂျာရတ်ရဲ့အက်စတွန်ဗီလာ ကို အံ့ဖွယ် comeback ပြီး အနိုင်ယူသွားတာကြောင့်သာ လီဗာပူး တို့ ပရီးမီးယားလိဂ် ဖလားနဲ့ လွဲချော် ခဲ့ရတာပါ ။

လီဗာပူး အသင်း နဲ့ ယှဉ်ပြိုင်ကစားမယ့် ရီးယဲလ် မက်ဒရစ် အသင်းဟာလည်း ချန်ပီယံလိဂ် ဖလား ၁၃ ကြိမ် အထိ ရယူ ထားဖူးကာ ပြိုင်ပွဲ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်း ဖြစ်ပြီး စပိန် လာလီဂါ ချန်ပီယံလည်း ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့လေးနှစ်တုန်းက လီဗာပူး နဲ့ ရီးယဲလ်မက်ဒရစ် အသင်းတို့ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ထိပ်တိုက် တွေ့ဆုံ ခဲ့ကြဖူးပြီး စပိန် ကလပ် အသင်းက အင်္ဂလန် ကလပ် အသင်းကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြီး ဗိုလ်စွဲ သွားခဲ့ပါတယ် ။

လီဗာပူး အသင်းရဲ့ဂန္တဝင် ကစားသမား ဖြစ်ပြီး ၊ လက်ရှိမှာ အက်စတွန်ဗီလာ အသင်းရဲ့နည်းပြ အဖြစ် တာဝန်ယူထားတဲ့ ဂျာရတ် က ဗိုလ်လုပွဲမှာ လီဗာပူး အသင်းဟာ ရီးယဲလ် မက်ဒရစ် အသင်းကို ၂-၀ နဲ့ အနိုင် ရသွားလိမ့်မယ်လို့ ခန့်မှန်း သွားခဲ့ပါတယ် ။

” ကျွန်တော် ကတော့ လီဗာပူး က လူတွေအားလုံး ကံအကောင်းဆုံး ဖြစ်ကြပါ​စေလို့ ဆုတောင်း ပေးပါတယ် ။ နောက်ပြီးတော့ အားလုံး လိုချင်နေကြတဲ့ ရလဒ်မျိုး ယူဆောင် ပေးနိုင်လိမ့်မယ်လို့ မျှော်လင့် ပါတယ် ။ ”

” ကျွန်တော်တော့ ပွဲအတွက် အတော်လေး စိတ်လှုပ်ရှားနေပါပြီ ၊ ကွင်းပြင်ပ မှာလည်း ပရိသတ်တွေက ကောင်းမွန်တဲ့ စုစည်းမှုနဲ့ ရှိနေကြပါတယ် ၊ တကယ်ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ၊ လီဗာပူး ၂-၀ နဲ့ အနိုင်ရမယ်လို့ ကျွန်တော်ကတော့ ခန့်မှန်းပါတယ် ။ “‘ လို့ ပြောကြား သွားခဲ့ပါတယ် ။

SM