အဆုံးအဖြတ်ပွဲစဉ်တွေနဲ့…ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်တွေအတွက် ဘာဘာတော့ဖ်ရဲ့ ခန့်မှန်းချက်များ

ယနေ့ညမှာတော့ ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်တွေကို ကစားသွားရမှာ ဖြစ်ပြီး ဇယားအထက်ပိုင်းမှာကော အောက်ပိုင်းမှာပါ ဒရမ်ဆန်တဲ့ အရာတွေကို မြင်တွေ့ရနိုင်ပါတယ်။ ဇယားထိပ်မှာ တစ်မှတ်အသာနဲ့ ဦးဆောင်နေတဲ့ မန်စီးတီးဟာ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ လက်ခံ ကစားသွားရမှာ ဖြစ်ပြီး လီဗာပူးပရိတ်သတ်တွေကတော့ အသင်းရဲ့ ဂန္တ၀င် စတီဗင်ဂျာရတ်ရဲ့ ဖေးမကူညီမှုကို မျှော်လင့်နေပါတယ်။ ကလော့ရဲ့ အသင်းကတော့ ဘာပဲဖြစ်ဖြစ် ဝုဖ်ကို အနိုင်ကစားကာ အခြားပွဲစဉ်ရဲ့ ရလဒ်ကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ top 4 မျှော်လင့်ချက်ကတော့ လျော့ပါးသွားခဲ့ပြီ ဖြစ်ကာ စပါးအနေနဲ့ တန်းဆင်းသွားခဲ့ရတဲ့ နော့ဝှစ်နဲ့ပွဲမှာ တစ်မှတ်ရခဲ့မယ်ဆိုရင်တောင် လုံလောက်မှု ရှိနိုင်ပါတယ်။ ဇယားအောက်ခြေမှာတော့ ဘန်လေ နဲ့ လိဒ်တို့ထဲက တစ်သင်းသင်းဟာ ချန်ပီယံရှစ်ကို သွားရမှာ ဖြစ်ပြီး နှစ်သင်းစလုံးဟာ ရမှတ် ၃၅ မှတ်စီ ရထားပြီး ဘန်လေက ဂိုးကွာခြားချက်အသာနဲ့ အထက်ရောက်နေပါတယ်။

ခရစ်စတယ်ပဲလေ့စ် vs မန်ယူနိုက်တက်
ဒါဟာ ယူနိုက်တက်အတွက် ရာသီကောင်းတစ်ခုတော့ မဟုတ်ပါဘူး။ သူတို့ဟာ နွေရာသီမှာ ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုကို လုပ်သွားရမှာ ဖြစ်ပြီး ရာသီပိတ်ပွဲစဉ်မှာ ရလဒ်ကောင်းနဲ့ အဆုံးသတ်နိုင်ဖို့ပဲ ကျွန်တော် မျှော်လင့်နေပါတယ်။ ပဲလေ့စ်ဟာ ဗီအဲရာရဲ့ လက်အောက်မှာ တိုးတက်မှုတွေ ရှိနေခဲ့ပြီး သူတို့ဟာ ယူနိုက်တက်ကို ပြသနာ တစ်ချို့ ပေးသွားနိုင်ပါတယ်။

ခန့်မှန်းချက် : ၁-၂

အာဆင်နယ် vs အဲဗာတန်
အဲဗာတန် အနေနဲ့ တန်းဆင်းဇုန်ကနေ လွတ်သွားခဲ့ပြီ ဖြစ်တာကြောင့် ဖိအားတွေ မရှိတော့ပါဘူး။ အဲဗာတန်တို့ တကယ့်ကို စိတ်သက်သာရာ ရသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ top 4 အတွက် စပါးကို ဖိအားပေးနိုင်ဖို့အတွက် ဒီပွဲကို အနို်င်ကစားသွားရမှာပါ။ ဒီပွဲမှာ အာဆင်နယ်တို့ နိုင်ပွဲ ရသွားလိမ့်မယ်လို့ ကျွန်တော် မြင်နေပါတယ်။

ခန့်မှန်းချက် : ၂-၀

ချဲလ်ဆီး vs ၀က်ဖို့ဒ်
နှစ်သင်းစလုံး ဘာအတွက်မှ ကစားသွားရဖို့ မရှိပါဘူး။ ၀က်ဖို့ဒ်ဟာ တန်းဆင်းသွားရပြီး ဖြစ်ကာ ဘာဖိအားမှ မရှိတာကြောင့် ချဲလ်ဆီးကို တိုက်စစ်ဆင် ကစားသွားမှာပါ။ ဒါပေမယ့် ချဲလ်ဆီးဟာ သူတို့အတွက် တအားကို အားကောင်းလွန်းနေမှာပါ။ ဒါပေမယ့် နှစ်သင်းစလုံး ဖိအားမရှိဘဲ ကစားရမှာ ဖြစ်တာကြောင့် ဖျော်ဖြေမှု ပေးနိုင်မယ့်ပွဲ ဖြစ်လာမယ်လို့ ကျွန်တော် မျှော်လင့်နေပါတယ်။

ခန့်မှန်းချက် : ၃-၂

မန်စီးတီး vs အက်စတွန်ဗီလာ
စတီဗင်ဂျာရတ်သာ မန်စီးတီးနဲ့ပွဲမှာ ရလဒ်ကောင်းသာ ရယူနိုင်ခဲ့မယ်ဆိုရင် တကယ့်ကို လှပမယ့် ပုံပြင်ဖြစ်သွားပါလိမ့်မယ်။ သူဟာ နောက်ဆုံးမှာ လီဗာပူးကို အမှတ်ပေးဖလား ဆွတ်ခူးနိုင်အောင် လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ စီးတီးဟာ ၀က်ဟမ်းနဲ့ပွဲစဉ်မှာ title race ကို အပြီးသတ်ဖို့ အခွင့်အရေး ရခဲ့ပေမယ့်လည်း သရေကျသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ သူတို့ ခြေချော်သွားမယ်လို့ ကျွန်တော် မမြင်မိပါဘူး။ သူတို့ မဖြစ်မနေ အနိုင်ယူရမှာပါ။ သူတို့ဟာ ဒီလို အခြေအနေနဲ့ အသားတကျ ဖြစ်နေတဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲဟာ ပြိုင်ဆိုင်မှု ပြင်းထန်မှာ ဖြစ်ပြီး ဗီလာဟာ စီးတီးကို ဖိအားတစ်ချို့ ပေးနိုင်မှာ ဖြစ်ပါတယ်။

ခန့်မှန်းချက် : ၃-၁

နော့ဝှစ် vs တော့တင်ဟမ်
စပါးတို့ ဒီပွဲကို နိုင်ခဲ့ရင် ချန်ပီယံလိဂ်၀င်ခွင့်ရမှာ ဖြစ်ပြီး ဒါဟာ ရာသီကောင်း တစ်ခု ဖြစ်လာမှာပါ။ ကျွန်တော်ကတော့ ဆွန်ကို ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်စေချင်ပါတယ်။ ဆာလားကို မှီဖို့ သူတစ်ဂိုး သွင်းရမှာ ဖြစ်ပြီး ၂ ဂိုးသွင်းခဲ့မယ်ဆိုရင် ကျော်တက်နိုင်မှာပါ။ သူ ဒါကို လုပ်နိုင်စွမ်း ရှိကာ ဒါဟာ စပါးကိုလည်း ချန်ပီယံလိဂ်၀င်ခွင့် ရအောင် ကူညီပေးသလို ဖြစ်မှာပါ။

ခန့်မှန်းချက် : ၀-၃

လီဗာပူး vs ဝုဖ်
ဒါဟာ လီဗာပူးအတွက် လွယ်ကူတဲ့ နိုင်ပွဲ ဖြစ်လာမှာပါ။ အစောပိုင်းမှာ ဂိုးရခဲ့မယ်ဆိုရင် ဒါဟာ စီးတီးကို ဖိအားသက်ရောက်စေမှာပါ။ နောက်ဆုံးနေ့မှာ အခြား ပွဲစဉ်တွေ ဘယ်လို ရလဒ်တွေ ထွက်နေသလဲဆိုတာကို ကစားသမားတွေ ကြားနေရမှာပါ။ ဒါ့ကြောင့် လီဗာပူးမှာ တကယ့် အခွင့်အရေး ရှိနေပါတယ်။ အကယ်လို့များ ဗီလာသာ အီတီဟတ်မှာ ဦးဆောင်ဂိုး ရခဲ့မယ်ဆိုရင် အန်ဖီးမှာ အုံးအုံးကြွက်ကြွက် ဖြစ်သွားမှာပါ။ လီဗာပူးရဲ့ နိုင်ပွဲက လွဲပြီး ကျွန်တော် ဘာမှ မမြင်မိပါဘူး။

ခန့်မှန်းချက် : ၃-၀

အခြားပွဲစဉ်များ
လက်စတာ ၂-၂ ဆောက်သမ်တန်
ဘရန့်ဖို့ဒ် ၁-၂ လိဒ်
ဘန်လေ ၁-၁ နယူးကာဆယ်
ဘရိုက်တန် ၁-၁ ၀က်ဟမ်း

SM