အင်္ဂလန်ပြည်သူ့ အချစ်တော် လီဗာပူး ရဲ့ ရင်ဆိုင် ကစားချိန်မှာ ၊ ချဲဆီးက ပျော်ပျော်ကြီးနဲ့ “လူဆိုးဘွဲ့” ခံယူသွားမယ်လို့ ဆိုလိုက်တဲ့ သောမတ် တူချယ်

ချဲဆီး နည်းပြ သောမတ် တူချယ် က ပက် ဂွာဒီယိုလာ မှတ်ချက်ပေးခဲ့ဖူးတဲ့ “အင်္ဂလန် တစ်နိုင်ငံလုံးက လီဗာပူး ကို အားပေးကြတယ်” ဆိုတဲ့ စကားကို ထေက်ခံလိုက်ပြီး ၊ အက်ဖ်အေ ဖလား ဗိုလ်လုပွဲမှာ တစ်နိုင်ငံလုံး ဆန္ဒကို ဆန့်ကျင်ပြီး “လူဆိုးကြီး” အဖြစ်နဲ့ တိုက်ပွဲဝင်သွားမယ်လို့ ဆိုလိုက်ပါတယ်။

တစ်ချိန်တည်းမှာ လီဗာပူး နည်းပြ ကလော့ပ်ဟာ ပရိသတ်တွေ ရဲ့ အားပေးမှုကို ခံရဖို့ အတွက် တစ်ဖက်အသင်းကို မြှောက်ပင့်ပြောကာ ၊ သူ့ အသင်းကတော့ အမြဲတမ်း “အောက်အသင်း” မျိုး ဖြစ်အောင် ပုံဖော်တဲ့ နေရာမှာ ဆရာတစ်ဆူပဲ မှတ်ချက် ပေးသွားခဲ့ပြန်ပါတယ်။

“ ကျနော် လီဗာပူး ဖန် မဟုတ်ပါဘူး။ ပက် က ဘာကြောင့် ဒီလို ပြောသွားလဲ ဆိုတာ နားလည်ပေးနိုင်ပါတယ်။ သူ့ရဲ့ ခံစားချက်မှာ ဘာကြောင့် ဒီလိုမျိုး ဖြစ်နေလဲ ဆိုတာ ကိုယ်ချင်းစာပေးနိုင်ပါတယ်။ ယေဘုယျ အားဖြင့်တော့ သူ့ရဲ့ ပြောဆိုမှု အပေါ် ငြင်းဆိုဖို့ ခက်ခဲပါတယ်။

ကလော့ပ် ဟာ သူ့အသင်းကို “အောက်အသင်း” အသင်းအဖြစ် ပုံဖော်တဲ့ နေရာမှာ ဆရာတစ်ဆူပါ။ ဘင်ဖီကာ ၊ ဗီလာရီးရဲ တို့နဲ့ ကစားရမယ့် အနေအထားမှာတောင် လီဗာပူး က အောက်အသင်းမျိုး ဖြစ်အောင် သူက ပုံဖော် ပြောပြနိုင်တဲ့သူပါ။ ဒါက ထူးဆန်းပါတယ်။ သူတို့ အသင်းဟာ ဘယ်လိုလုပ်ပြီး အောက်အသင်း ဖြစ်နိုင်မှာလဲဗျာ။

ဒါပေမယ့် သူကတော့ အဲဒီလိုတွေ အကြိမ်ပေါင်းများစွာ ပြောဆိုရင်းကနေ ၊ ပရိသတ်တွေ ရဲ့ ကိုယ်ချင်းစာမှုတွေကို သိမ်းပိုက်ထားတာပါ။

ကျနော့် အနေနဲ့တော့ မနာလိုစရာ ဘာမှ မရှိပါဘူး။ ကလော့ပ် ဟာ တကယ်တော်တဲ့ လူတစ်ယောက် ၊ ဟာသညဏ်ရှိတယ် ၊ ကမ္ဘာပေါ်က အကောင်းတကာ့ အကောင်းဆုံး နည်းပြတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ ဒေါ့မွန် ကို သူကိုင်တုန်းကလဲ တစ်နိုင်ငံလုံးက ဝိုင်းချစ်ကြတာပါ။ အခု လီဗာပူး ကိုင်တော့လဲ ထိုနည်းတူစွာပါပဲ။

အကုန်လုံးက လီဗာပူး ကိုပဲ အားပေးနေကြတယ် ဆိုတဲ့ ခံစားချက်မျိုး ခင်ဗျားတို့မှာလဲ ရှိမယ် ထင်ပါတယ်။

အဲဒီ အတွက် သူ့ကို အရမ်းချီးကျူးချင်ပါတယ်။ ပြိုင်ဘက် တစ်သင်းနဲ့ ရင်ဆိုင် ကစားရတော့မယ် ဆိုရင် ဒီလိုမျိုးပဲ ပြောဆို ချဉ်းကပ်ရတာလေ။ အဲဒီတော့ စနေနေ့ ညမှာတော့ ကျနော်တို့က “လူဆိုးကြီးတွေ”ပေါ့ဗျာ။ ဒီ ဂုဏ်ဒြပ်မျိုး ကျနော်တို့က ယူချင်ပါတယ်။ တစ်နိုင်ငံလုံးက ကရုဏာ သက်တာတွေ မလိုချင်ပါဘူး။ ကျနော်တို့ လိုချင်တာ ဆုဖလားပါ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

ဒီနှစ်သင်းဟာ ဒီရာသီ အတွင်း ဝင်ဘာလေကွင်းကြီးထဲမှာ ဒုတိယမြှောက် ထိပ်တိုက် တွေ့ဆုံတာ ဖြစ်ပြီး ၊ ပထမ အကြိမ် ကာရဘောင် ဖလား ဗိုလ်လုပွဲတုန်းကတော့ လီဗာပူး က ပင်နယ်တီ အဆုံးအဖြတ်မှာ အသာစီးယူရင်း ဗိုလ်စွဲခဲ့ဖူးပါတယ်။

BBC Football ရဲ့ဆောင်းပါးရှင်း လော်ရိုး က ဒီပွဲမှာ လီဗာပူး အနိုင်ရမယ်လို့ ခန့်မှန်းထားပြီး ၊ ပရိသတ်တွေ ရဲ့ ဇာတ်လိုက်ကျော် ပေါလ်မာဆွန် က ချဲဆီး အနိုင်ရမယ်လို့ သုံးသပ်ထားပါတယ်။

ကလော့ပ် နဲ့ သောမတ် တူချယ် တို့ နှစ်ယောက် ရဲ့ ထိပ်တိုက် တွေ့ဆုံမှု မှတ်တမ်းကို ကြည့်လိုက်မယ် ဆိုရင် အောက်ပါ အတိုင်း တွေ့ရမှာပါ။

Borussia Dortmund 1-1 Liverpool – April 7, 2016
Liverpool 4-3 Borussia Dortmund – April 14, 2016
Liverpool 3-2 Paris Saint-Germain – September 18, 2018
Paris Saint-Germain 2-1 Liverpool – November 28, 2018
Liverpool 0-1 Chelsea – March 4, 2021
Liverpool 1-1 Chelsea – August 28, 2021
Chelsea 2-2 Liverpool – January 2, 2022
Chelsea 0-0 Liverpool (10-11 on penalties) – February 27, 2022

SM