အက်ဖ်အေ ဖလား ပြိုင်ပွဲ ကနေ ဆုကြေး ပေါင် 3.5 သန်း နီးပါး ရရှိသွားတဲ့ လီဗာပူး

 

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေ ဖလား ဗိုလ်လုပွဲမှာ လီဗာပူး နဲ့ ချဲဆီး နှစ်သင်း စလုံးဟာ ပရိသတ်တွေ ရင်ခုန်ချင်စရာ ကောင်းလွန်းတဲ့ အခိုက်အတန့်တွေကို နောက်တစ်ကြိမ် ဖန်တီးပြသွားခဲ့ပါတယ်။

ချဲဆီး ကလဲ ခံစစ်ကို အခိုင်အမာထားကာ အလွန်ဆို ဆီကနေ ထွက်ပေါ်လာမယ့် ဘောလုံးတွေကနေ အစပြုပြီး ၊ လီဗာပူး ရဲ့ Defensive High Line ကို ဖိအားပေးဖို့ ပြင်ဆင်ခဲ့သလို ၊ လီဗာပူး ကလဲ ချဲဆီး ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ဖို့ တောင်ပံ တိုက်စစ်တွေ နဲ့ရော ၊ ဖြတ်တင်ဘောတွေကိုပါ အကြိမ်ကြိမ် အသုံးပြုခဲ့ပါတယ်။

 

သောမတ် တူချယ် ရဲ့ အသင်းဟာ အားထားရတဲ့ ကစားသမား ကိုင် ဟားဗတ် ပါဝင်လာခြင်း မရှိလို့ ၊ တိုက်စစ် ချိတ်ဆက်မှုပိုင်းမှာ အားနည်းမှုတွေ ရှိခဲ့သလို ၊ လီဗာပူး ကလဲ မို ဆာလာ စောစောစီးစီး ဒဏ်ရာ ရသွားလို့ ဘယ်တောင်ပံ အခြမ်းက ထိုးဖောက်တဲ့ ပုံစံကို အပြောင်းအလဲတွေ လုပ်ခဲ့ရပါတယ်။

ပထမပိုင်းမှာ လီဗာပူး က ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ တစ်ဖက်သတ် ဖိကစားသလို ၊ ချဲဆီး ကလဲ တန်ပြန် တိုက်စစ်ကနေ အခွင့်အရေး တစ်ချို့ ရခဲ့ပါတယ်။ သို့သော် ရင်ခုန်စရာ အခိုက်အတန့်တွေဟာ ဒုတိယပိုင်း ရောက်မှ ပိုပြီး မြင်တွေ့ခဲ့ရတာပါ။ ချဲဆီး က အလွန်ဆို ရဲ့ ဖရီးကစ် ကန်ချက် တိုင်ထိပြီး ဘေးထွက်ခဲ့သလို ၊ လီဗာပူး က ဒီယက်ဇက် နဲ့ ရော်ဘတ်ဆန် တို့ရဲ့ ကန်သွင်းမှုတွေလဲ ဂိုးတိုင်တွေ ထိလို့ နစ်နာခဲ့ရပါတယ်။

 

လီဗာပူး ဟာ ပွဲပြီးခါနီး အရောက်မှာ လိုအပ်နေတဲ့ အနိုင်ရလာဒ်ကို ရှာဖွေဖို့ တိုက်စစ် ကို အစွမ်းကုန် မြှင့်တင်ခဲ့ပေမယ့် ဂိုးပေါက် ရှာနိုင်ခြင်း မရှိပဲ ၊ ပင်နယ်တီ အဆုံးအဖြတ် ခံယူရတဲ့ အထိ ရောက်ရှိသွားခဲ့ ပါတယ်။ ကာရာဘောင် ဖလား ဗိုလ်လုပွဲတုန်းက ကယ်လာဟာ က ဟီးရိုး ဖြစ်ခဲ့သလို ၊ အက်ဖ်အေ ဖလား ဗိုလ်လုပွဲမှာတော့ အလီဆွန် က ဟီးရိုး ထပ်ဖြစ်ခဲ့တာပါ။

လီဗာပူး အတွက် အဆုံးအဖြတ် ပင်နယ်တီကို ဒီရာသီ အသင်းအတွက် တစ်ဂိုးမှ သွင်းယူနိုင်ခြင်း မရှိတဲ့ စီမီကတ် က အမှားအယွင်း မရှိ ကန်သွင်းရင်း ချန်ပီယံ ဆုဖလားကြီးကို သိမ်းပိုက် သွားခဲ့တာ ဖြစ်ပါတယ်။

ဒီအောင်မြင်မှုကြောင့် လီဗာပူး ဟာ အက်ဖ်အေ ကနေ ချီးမြှင့်တဲ့ စုစုပေါင်း ဆုကြေး ပေါင် 3.5 သန်း ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အက်ဖ်အေ ဟာ သူတို့ ပြိုင်ပွဲမှာ ယှဉ်ပြိုင် ကစားတဲ့ အသင်းတွေကို ချန်ပီယံလိဂ် ပုံစံမျိုးပဲ တစ်ဆင့်ချင်း တိုးတက်မှု အလိုက် ခွဲတမ်း နဲ့ ပြန်လည် ပေးအပ်တာ ဖြစ်ပါတယ်။

 

တတိယ အဆင့် အနိုင်ရတဲ့ အသင်းကို – ပေါင် 82000

စတုတ္ထ အဆင့် အနိုင်ရတဲ့ အသင်းကို – ပေါင် 90000

ပဉ္စမ အဆင့် အနိုင်ရတဲ့ အသင်းကို – ပေါင် 180000

ကွာတား ဖိုင်နယ် အနိုင်ရတဲ့ အသင်းကို – ပေါင် 360000

ဆီမီး ဖိုင်နယ် အနိုင်ရတဲ့ အသင်းကို – ပေါင် 900000

ဗိုလ်လုပွဲ အနိုင်ရတဲ့ အသင်းကို – ပေါင် 1800000

 

အသီးသီး ချီးမြှင့်ခဲ့ ပါတယ်။

 

ဒါကြောင့် လီဗာပူး ဟာ ဒီပြိုင်ပွဲကနေ ဆုကြေး စုစုပေါင်း ပေါင် 3.412 သန်း ဆွတ်ခူး သွားခဲ့ ပါတယ်။

သူတို့ ရဲ့ အက်ဖ်အေ ဖလား ပြိုင်ပွဲ ဖြတ်သန်းမှု ကို ကြည့်လိုက်မယ် ဆိုရင် –

 

လီဗာပူး 4-1 ရှရူဘူရီ (တတိယ အဆင့်)

လီဗာပူး 3-1 ကာဒစ်ဖ် (စတုတ္ထ အဆင့်)

လီဗာပူး 2-1 နော့ဝှစ်ချ် (ပဉ္စမ အဆင့်)

ဖောရက် 0-1 လီဗာပူး (ကွာတား ဖိုင်နယ်)

မန်စီးတီး 2-3 လီဗာပူး (ဆီမီး ဖိုင်နယ်)

လီဗာပူး 6-5 ချဲဆီး (ဖိုင်နယ်)

 

အက်ဖ်အေ ဖလား ပြိုင်ပွဲမှာ လီဗာပူး အတွက် ပထမဆုံး သွင်းဂိုး ရယူပေးခဲ့သူက လူငယ် ချာတိတ် ကိတ် ဂေါ်ဒွန် ဖြစ်ပြီး ၊ သွင်းဂိုး အများဆုံး ကစားသမား က တာကီ မီနာမီနို ဖြစ်ပါတယ်။ ဂျပန် ဆာမူရိုင်း ဟာ အက်ဖ်အေ ဖလား ပြိုင်ပွဲမှာ စုစုပေါင်း 3 ဂိုး သွင်းယူပေးခဲ့သလို ၊ ကာရာဘောင် ဖလား ပြိုင်ပွဲတုန်း ကလဲ 4 ဂိုး သွင်းယူ ပေးနိုင်ခဲ့ ပါတယ်။

 

SPORTS MYANMAR