အက်ဖ်အေဖလားဖိုင်နယ်မှာ တူချယ် မဖြစ်မနေ ပွဲထုတ်ရမယ့် ချဲလ်ဆီး ကြယ်ပွင့် ၃ဦးရဲ့ အမည်ကို ထုတ်ဖော်ပြောဆိုလိုက်တဲ့ ဟက်ဆယ်ဘိန့်ခ်

ချဲလ်ဆီး အသင်းဟာ မနက်ဖြန်ညမှာ အက်ဖ်အေဖလား ဗိုလ်လုပွဲ အဖြစ် လီဗာပူး အသင်းနဲ့ ဝင်ဘလေကွင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ် ။ ဒါဟာ ပြည်တွင်း ရှုံးထွက်ဖလား ဗိုလ်လုပွဲ ၂ခုမှာ တနှစ်တည်း တပြိုင်နက် ပထမဆုံး ထိပ်တိုက် တွေ့ဆုံခြင်း ဖြစ်ပါတယ် ။

ဒီရာသီ ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ ဒီ ၂သင်း ထိပ်တိုက် ကစားခဲ့စဉ်ကတော့ ပွဲချိန် မိနစ် ၁၂၀ အထိ တဖက်နဲ့ တဖက် ဘယ်သူမှ ဂိုးမသွင်းနိုင်ခဲ့ပဲ ၊ ပင်နယ်တီ အဆုံးအဖြတ်မှာ လီဗာပူး က ၁၁ – ၁၀ ရလဒ်နဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ် ။

 

ချဲလ်ဆီး ဟာ နောက်ဆုံး ၅နှစ်မှာ အက်ဖ်အေဖလား ဗိုလ်လုပွဲ ၄ကြိမ် အထိ တက်ရောက်နိုင်ခဲ့ပြီး ၊ အရှေ့ ၂ကြိမ်ဆက် အရေးနိမ့်ထားခဲ့ပါတယ် ။ ဒါ့အပြင် ကာရာဘောင် ဖိုင်နယ်မှာလည်း ၂ကြိမ်ဆက် ရှုံးထားတာကြောင့် ၊ နောက်ဆုံး ၄ကြိမ်ဆက် ဝင်ဘလေဖိုင်နယ်မှာ ချဲလ်ဆီးတို့ ဗိုလ်မစွဲနိုင်သေးပါဘူး ။

ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဂျင်မီ ဖလွိုက်ဒ် ဟက်ဆယ်ဘိန့်ခ်ကတော့ ချဲလ်ဆီးတို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကုန်မှာ ကစားခဲ့တဲ့ ကာရာဘောင် ဖလား ဖိုင်နယ်က ခြေစွမ်းအတိုင်းသာ ဒီတကြိမ်မှာ လီဗာပူးကို ရင်ဆိုင်ပြနိုင်မယ်ဆို အနိုင်မရစရာ အကြောင်းမရှိကြောင်း သုံးသပ် ပြောဆိုခဲ့ပါတယ် ။

Prime Slots နဲ့ တွေ့ဆုံခဲ့ရာမှာ ဟက်ဆယ်ဘိန့်ခ် က ” ၄ကြိမ်မြောက်ဆို ကံကောင်းတတ်တယ် မဟုတ်လား ? သူတို့ဟာ ကမ္ဘာ့ အကောင်းဆုံး ကလပ် တသင်းနဲ့ ရင်ဆိုင် ဗိုလ်လုရမှာပါ ။ တချို့ကလည်း လီဗာပူးကို လက်ရှိ ကမ္ဘာ့ အကောင်းဆုံး အသင်းလို့ ယူဆကြပါတယ် ။ ဟုတ်ပါတယ် ။ သူတို့ဟာ ချဲလ်ဆီးကို ဒီတကြိမ်မှာလည်း ကျော်ဖြတ် အနိုင်ယူပြနိုင်ပါတယ် ။ ဒါပေမယ့် အကောင်းဆုံး ပုံစံ ရနေမှပါ ။ ”

” ပြီးခဲ့တဲ့ လိဂ်ဖလားဖိုင်နယ်ကို ကြည့်ရင် ချဲလ်ဆီးဟာ သာမန် ပွဲချိန် အတွင်းမှာတောင် အနိုင်ရဖို့ကောင်းခဲ့ပါတယ် ။ သူတို့ဟာ အပိုင် အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့တာပါ ။ သူတို့ ကံမကောင်းခဲ့ဘူးဆိုပေမယ့် ၊ ရှုံးလည်း ရှုံးခဲ့တယ်လေ ။ ”

” ကာရာဘောင်ဖိုင်နယ်က အတိုင်းသာ ကစားပြနိုင်မယ်ဆိုရင် ဒီတခေါက် ဖိုင်နယ်မှာ ချဲလ်ဆီး ဟာ လီဗာပူးကို အနိုင်ကစားနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ။ နောက်ပြီး ဒီအချိန်ဟာ လီဗာပူးကို ရင်ဆိုင်ဖို့ အကောင်းဆုံး အချိန်ဆိုတာ တော့တင်ဟမ်နဲ့ တဂိုးစီ သရေကျခဲ့တာကို ကြည့်ပြီး နမူနာ ယူလို့ရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဟက်ဆယ်ဘိန့်ခ် က ၃ယောက်တွဲ တိုက်စစ်မှာ ဘယ်သူတွေကို ပွဲထုတ်သင့်ကြောင်းနဲ့ ပတ်သက်ပြီး ဟက်ဆယ်ဘိန့်ခ် က ” ကျွန်တော်ဆိုရင်တော့ တိုက်စစ်မှာ မေဆင်မောင့် ၊ ကိုင်ဟာဗက်ဇ်နဲ့ ပူလီဆစ်ကို ညာခြမ်းမှာ ထားဆော့မှာပါ ။ ချဲလ်ဆီး တိုက်စစ်မှာ ဒီရာသီ ကျွန်တော့ကို အထင်ကြီး အားအရစေဆုံးက ကိုင်ဟာဗက်ဇ် ဖြစ်ပါတယ် ။ ”

 

 

” အဲဒီ False 9 လို အထောင်တိုက်စစ်နေရာမှာ သူ ကစားရတာကို ကျွန်တော် သဘောကျပါတယ် ။ နောက်ပိုင်းမှာတော့ သူ့အခန်းကဏ္ဍက အတွင်းပိုင်းကို ပိုရောက်ခဲ့ပါတယ် ။ ဒါပေမယ့် သူ့ကို ပွဲထွက်စာရင်းကနေ ချန်ထားလို့ မရတဲ့ အချိန်ကာလ တရပ် ရှိခဲ့ပါတယ် ။ ”

” အဲဒီတုန်းက သူဟာ ဘယ်အချိန် ပြေးထွက်နေရာယူရမလဲ ၊ ဘယ်လို နေရာလွတ်တွေ ရှာဖွေရမလဲ ၊ ပင်နယ်တီ ဧရိယာ အတွင်း ဘယ်လို ချိန်သားကိုက် ဝင်လာရမလဲ ဆိုတာ အမှန်တကယ် နားလည်ခဲ့ပါတယ် ။ သူဟာ ပါးနပ်တဲ့ ကစားသမား တယောက် ဖြစ်ပြီး ကျွန်တော် သူ့ကို တကယ် ကြိုက်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR