အက်စတွန်ဗီလာကို အပြီးသတ်ပြောင်းရွေ့ခွင့်ရဖို့ အတွက် ဘာစီလိုနာမှာ ရနေတဲ့ လစာရဲ့ ၇၀% ထိ လျော့ယူပေးခဲ့တဲ့ ကော်တင်ညို

အက်စတွန်ဗီလာ အသင်းဟာ မနေ့ညက ဖိလစ်ပီကော်တင်ညိုကို ဘာစီလိုနာ အသင်းထံမှ ပေါင် ၁၇ သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီး ဘရာဇီးစတားဟာ ဗီလာပက်ကို အမြဲတမ်း ပြောင်းရွေ့ခွင့် ရဖို့ အတွက် လစာ ၇၀% ထိ လျော့ယူပေးရန် သဘောတူညီပေးခဲ့ပါတယ်။ လီဗာပူး ကွင်းလယ်လူဟောင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက ဘာစီလိုနာ ကနေ ဗီလာမှာ အငှား လာရောက်ကစားခဲ့သူ ဖြစ်ပြီး ဗီလာပက်မှာ ခြေစွမ်းပြ ကစားလျက် ရှိနေကာ ပရီးမီးယားလိဂ် ၁၆ ပွဲမှာ ၄ ဂိုး သွင်းကာ ၃ ဂိုး ဖန်တီးပေးထားခဲ့သူ ဖြစ်ပါတယ်။

ကလပ် နှစ်သင်းကြား မူလက သဘောတူညီထားခဲ့တဲ့ Deal အရ ဗီလာ အနေနဲ့ ကော်တင်ညိုကို အပြီးသတ် ခေါ်ယူချင်တယ် ဆိုရင် ပေါင် ၃၃ သန်း အသုံးပြု သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက လီဗာပူးမှ ဘာစီလိုနာကို ပေါင် ၁၄၂ သန်းနဲ့ ပြောင်းရွေ့ခဲ့ပြီးနောက် ဘာစီလိုနာ ဘက်က ပေးချေနေရတဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၄ သိန်း ၈ သောင်း ဆိုတဲ့ များပြားလှတဲ့ ပမာဏကြောင့် ဗီလာ အနေနဲ့ ဘရာဇီးသားကို ခေါ်ယူနိုင်ပမလား ဆိုပြီး သံသယတွေ ရှိခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ကော်တင်ညိုဟာ ဗီလာရဲ့ Wage Structure နဲ့ အံ၀င်ခွင်ကျ ဖြစ်ဖို့ အတွက် သူ့ရဲ့ အဆိုပါ လစာရဲ့ ၇၀% ထိ လျော့ယူပေးဖို့ သဘောတူပေးခဲ့ ပါတယ်။ ဘရာဇီး ကွင်းလယ်ဖန်တီးရှင်ဟာ ဗီလာမှာ တစ်ပတ် ပေါင် ၁၂၀၀၀ နဲ့ ၄ နှစ် စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး ဘာစီလိုနာ ဘက်ကလည်း ကော်တင်ညိုရဲ့ မြင့်မားတဲ့ လစာကို ဖယ်ထုတ်ပစ်ဖို့ စိတ်အားထက်သန်နေတာကြောင့် နောက်ဆုံးမှာ ပေါင် ၁၇ သန်း ဆိုတဲ့ စျေးနှုန်းနဲ့ သဘောတူပေးခဲ့တာ ဖြစ်ပါတယ်။

ဗီလာကို အပြီးသတ် ပြောင်းရွေ့လာခဲ့ပြီးနောက် ကော်တင်ညိုက “ကျွန်တော့် အနေနဲ့ လက်ရှိနဲ့ အနာဂတ် အတွက် တကယ့်ကို ပျော်ရွှင်နေပါတယ်။ ကျွန်တော် ဒီကို စရောက်လာကတည်းက အားလုံးဟာ တအားကို Welcome ဖြစ်နေခဲ့တယ်လို့ ခံစားမိခဲ့ပါတယ်။ ကျွန်တော် ဒီမှာ တအားကို ပျော်နေပါတယ်။ ကျွန်တော် ဒီအသင်းကို တအား ယုံကြည်မိပြီး လာမည့်ရာသီမှာ ကျွန်တော်တို့ တကယ်ကောင်းတဲ့ အရာတွေကို ရရှိနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ လာမည့်ရာသီ အတွက် ကျွန်တော် အခုကတည်းက စိတ်လှုပ်ရှားနေပါပြီ။” လို့ ဆိုခဲ့ပါတယ်။

ကော်တင်ညိုရဲ့ လီဗာပူး အသင်းဖော်ဟောင်း ဖြစ်သူ ဂျာရတ်ဟာ ဒီအပြောင်းအရွေ့ အတွက် တအားကို ၀မ်းသာနေပြီး ဗီလာကို ရောက်လာခဲ့ပြီးနောက် ဘရာဇီး ကွင်းလယ်လူရဲ့ အကျိုးပြုမှုကို ချီးကျူးသွားခဲ့ပါတယ်။

ဂျာရတ်က “သူဟာ အက်စတွန်ဗီလာ အတွက် အရမ်းကောင်းတဲ့ ခေါ်ယူမှုပါ။ ဖီးလ်ဟာ စံပြပရော်ဖက်ရှင်နယ် ဖြစ်ပြီး ဇန်နဝါရီမှာ သူဒီကို ရောက်လာခဲ့ပြီးနောက်ပိုင်း အသင်းအပေါ် သက်ရောက်မှုဟာ ရှင်းလင်းပါတယ်။ ကွင်းတွင်း ကွင်းပြင်ပ သူ့ရဲ့ အားထုတ်မှုတွေ အပြင် သူဟာ လူငယ်ကစားသမားတွေ အတွက် စံပြပုဂ္ဂိုလ်ဖြစ်ပြီး ဒီလူငယ်တွေဟာ သူ့ရဲ့ အတွေ့အကြုံကြောင့် အကျိုးများနိုင်ပါတယ်။ ကျွန်တော်တို့ဟာ လာမည့်ရာသီ အတွက် အသင်းကို တည်ဆောက်နေတာ ဖြစ်ပြီး ဒီလို အပြောင်းအရွေ့ကို လုပ်နိုင်ခဲ့ခြင်းကြောင့် ကလပ်ကို ချီးကျူးသွားချင်ပါတယ်။”

ဗီလာမှာ ကော်တင်ညိုရဲ့ ခြေစွမ်းပြနေမှုကြောင့် ၎င်းကို အာဆင်နယ် နဲ့ နယူးကာဆယ် တို့က စိတ်၀င်စားမှုတွေ ရှိနေပေမယ့် ဘာစီလိုနာ ကြယ်ပွင့်ဟောင်းဟာ နူးကမ့်မှာ စိတ်ပျက်စရာ ၄ နှစ်တာ ကာလကို အတိတ်မှာ ချန်ခဲ့ကာ ဂျာရတ်နဲ့ အတူ အောင်မြင်မှုတွေ ရရှိနိုင်ဖို့ ရည်မှန်းလျက် ရှိနေပါတယ်။ ဗီလာ နည်းပြဟာ နွေရာသီမှာ ကွင်းလယ်လူ အဖျက် ကစားသမား တစ်ဦးကို အားဖြည့်သွားဖို့လည်း ပစ်မှတ်ထားနေပြီး လက်ရှိမှာ လိဒ်ရဲ့ ကယ်ဗင်ဖီးလစ် ဘရိုက်တန်ရဲ့ ဘစ်ဆူးမား နဲ့ မာဆေးရဲ့ ဘူဘာကာကင်မရာ တို့ကို စောင့်ကြည့်နေပါတယ်။

SM