ဟာလန်းနဲ့ပတ်သက်ပြီး မန်စီးတီးအတွက် စိတ်ပူစရာ အချက်တစ်ချက်ကို ထောက်ပြသွားခဲ့တဲ့ လီဗာပူးကစားသမားဟောင်း

 

လီဗာပူး ကွင်းလယ်လူဟောင်း ဖြစ်သူ ဒီယက်မာဟာမန်းက လာမည့် နွေရာသီမှာ မန်ချက်စတာစီးတီး အသင်းကို ပြောင်းရွေ့တော့မှာ ဖြစ်တဲ့ အာလင်းဟာလန်းရဲ့ ဒဏ်ရာ ပြသနာ မှတ်တမ်းနဲ့ ပက်သက်ပြီး သူ့အနေနဲ့ စိုးရိမ်မိတယ်လို့ ဆိုလိုက်ပါတယ်။ ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဟာလန်းကို ဒေ့ါမွန် အသင်းထံ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၆၀ ပေးချေကာ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြေငြာမှု လုပ်သွားခဲ့ပါတယ်။

မန်စီးတီးမှာ ဟာလန်း အနေနဲ့ တစ်ပတ် ပေါင် ၄ သိန်း နီးပါး ရရှိမှာ ဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ အီတီဟတ် ကလပ်နဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလက ရက်ဘူးဆဲဘတ်မှာ ဒေ့ါမွန် အသင်းကို ပြောင်းရွေ့လာခဲ့ပြီးနောက်ပိုင်း ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှုးတွေ ထဲက တစ်ဦး အဖြစ် ရပ်တည်ပြခဲ့ပြီး ဘွန်ဒက်လီဂါ ကလပ် အတွက် ၈၈ ပွဲမှာ ၈၅ ဂိုးထိ သွင်းယူပေးထားခဲ့ပါတယ်။

ဂျာမနီမှာ ကစားခဲ့တဲ့ ကာလအတွင်း ဟာလန်းဟာ ကြွက်သားဒဏ်ရာတွေနဲ့ အမြဲလိုလို ရုန်းကန် နေခဲ့ရပြီး ဒီရာသီမှာ ဒေ့ါမွန် အတွက် ပွဲစဉ်တွေ အများအပြား လွဲချော်ထားခဲ့ပါတယ်။ ဟာမန်းက ဟာလန်းရဲ့ ဒဏ်ရာ ပြသနာ မှတ်တမ်းဟာ စီးတီး အတွက် စိတ်ပူစရာ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ဟာမန်းက “ဟာလန်းရဲ့ အပြောင်းအရွေ့ဟာ ပရီးမီးယားလိဂ် အတွက် အရမ်းကို ကောင်းမွန်တဲ့ သတင်းပါ။ မန်စီးတီး အတွက်လည်း သတင်းကောင်း ဖြစ်ပါတယ်။ သူဟာ တအားကို ထူးချွန်တဲ့ ကစားသမား ဖြစ်ပါတယ်။ သူဟာ ဘွန်ဒက်လီဂါမှာ မုန်တိုင်းလို မွှေသွားခဲ့တဲ့သူ ဖြစ်ပြီး သူဟာ အဲဒီမှာ တစ်ပွဲကို တစ်ဂိုးနှုန်းလောက် သွင်းယူပေးခဲ့ပါတယ်။ သူဟာ ဘွန်ဒက်လီဂါ နဲ့ ချန်ပီယံလိဂ် တို့မှာ ဒေ့ါမွန် အတွက် ကောင်းကောင်း လုပ်ပြခဲ့ပါတယ်။

 

သိကြတဲ့အတိုင်းပဲ မန်စီးတီးဟာ သူ့အတွက် နောက်ထပ် ခြေလှမ်းတစ်ခုပါ။ ဒါတွေ အားလုံးဟာ အရင်ကတည်းက အစီအစဉ် ချထားခဲ့တာပါ။ သြစတီးယားမှာ တစ်နှစ်ခွဲကြာ သွားကစားပြီးနောက် ဘွန်ဒက်လီဂါမှာ သွားရောက် စမ်းသပ်ခဲ့ကာ အခုဆိုရင် သူဟာ ပရီးမီးယားလိဂ်မှာ စမ်းသပ်ခံရတော့မှာ ဖြစ်ပါတယ်။ ကျွန်တော် ကတော့ သူ အဲဒီမှာ အောင်မြင်မှု ရရှိမယ်ဆိုတာ သံသယ မဖြစ်မိပါဘူး။

သူနဲ့ ပက်သက်ပြီး တစ်ခုတည်းသော စိုးရိမ်စရာ ကတော့ ဟာလန်းဟာ ပြီးခဲ့တဲ့ ၁၂ လ အတွင်း ကြွက်သား ဒဏ်ရာတွေ တောက်လျှောက် ရခဲ့ပြီး ဒေါ့မွန် အတွက် ပွဲစဉ်တွေ အများကြီး လွဲချော် ထားခဲ့ပါတယ်။

ဒါဟာ မန်စီးတီးတို့ စိတ်ပူသွားရမယ့် တစ်ခုတည်းသော အချက် ဖြစ်ပါတယ်။ သူဟာ ဒီထက် ပိုပြီး မြန်နိုင်မလား ဆိုတာကတော့ ကျွန်တော်လည်း မသိပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ အခုကတည်းက အလင်းလို မြန်ဆန်နေလို့ပါ။

ဟာလန်းနဲ့ ပက်သက်ပြီး အာမခံနိုင်တဲ့ အချက်ကတော့ သူဟာ ကွင်းထဲမှာ ၁၀၀% ပေးဆပ်သွားမယ် ဆိုတာ ပါပဲ။ တစ်ခါတစ်ရံ သူ့အနေနဲ့ ကိုယ့်ကိုကိုယ် အနည်းငယ် ညှာကစားသင့်ပါတယ်။

ဘာလို့လဲဆိုတော့ သူဟာ ဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ် အနားယူပြီး ပြန်လာချိန် သူ့ရဲ့ ပထမဦးဆုံး ပွဲမှာ အပြင်းအထန် pressing လုပ်တက်ကာ အဲဒီနောက် ထပ်ပြီး ဒဏ်ရာ ရသွားတာမျိုး ရှိတက်လို့ပါ။

သူဟာ သူ့ရဲ့ ခန္တာကိုယ်နဲ့ ပက်သက်ပြီး လေ့လာနေဆဲ ဖြစ်ကာ သူ့အနေနဲ့ ပိုမို ကြံ့ခိုင်ပြီး သန်မာလာမှာလား ဆိုတာ စောင့်ကြည့်နေပါတယ်။ သူဟာ ဒီထက် ပိုပြီး သန်မာလာနိုင်ပါတယ်။ ဒါပေမယ့် သူဟာ တအားကို မြန်ပြီးသာ ဖြစ်တာကြောင့် ဒီထက် ပိုမြန်လိမ့်မယ်လို့တော့ မထင်မိပါဘူး။ ဒါဟာ ကြောက်စရာပါပဲ။

ဘာလို့လဲဆိုတော့ သူ့မှာ ကြီးမားတဲ့ ပါဝါကို ပိုင်ဆိုင်ထားပြီး သူ့ကို နေရာလွတ်သာ ပေးလိုက်မယ်ဆိုရင် ရပ်တန့်ရတာ တအားကို ခက်ခဲပါတယ်။ သူဟာ အရမ်းအမောင်း မြင့်မားကာ ထွားကြိုင်းလှပြီး အဆုံးသတ်ကလည်း တအားကို ကောင်းလှပါတယ်။

သူ့ဆီမှာ အရမ်းကောင်းတဲ့ ဘယ်ခြေ ရှိနေပါတယ်။ သူဟာ ညာခြေနဲ့လည်း ဂိုးသွင်းယူနိုင်စွမ်း ရှိပါတယ်။ အကယ်၍ ဟာလန်းမှာ အားနည်းချက် တစ်ခု ရှိနေတယ် ဆိုရင်…ဒါကို အားနည်းချက်လို့ ကျွန်တော် မခေါ်ချင်ပါဘူး။

ဒါပေမယ့် ဒါဟာ သူ့ရဲ့ ခေါင်းတိုက်စွမ်းရည် ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ မကြာခဏ ခေါင်းတိုက်စရာ မလိုအပ်ပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ ခြေထောက်နဲ့ ဂိုးတွေ များစွာ သွင်းယူနိုင်လို့ပါ။” လို့ ပြောလိုက်ပါတယ်။

 

SM