သူနဲ့ မာနေး တို့ရဲ့ အကြား ဆက်နွယ်မှုကို ယူနိုက်တက် ဂန္တဝင် တိုက်စစ်အတွဲနဲ့ ဥပမာပေး ရှင်းပြလိုက်တဲ့ ဆာလာ

လီဗာပူး အသင်းရဲ့ စူပါ စတား ဖြစ်သူမိုဟာမက် ဆာလာ က သူနဲ့ အသင်းဖော် ဆာဒီယို မာနေး တို့ရဲ့ အကြားက ဆက်နွယ်မှုကို ယူနိုက်တက် ဂန္တဝင် နှစ်ဦး ဖြစ်ကြတဲ့ ရွန်းနီ ၊ ရော်နယ်ဒို တို့နဲ့ ဥပမာပေးပြီး ရှင်းပြသွားခဲ့လိုက် ပါတယ် ။

ယူနိုက်တက် ဂန္တဝင် ကစားသမား နှစ်ဦး ဖြစ်ကြတဲ့ ရော်နယ်ဒို နဲ့ ဝိန်းရွန်းနီ တို့ဟာ အိုးလ် ထရပ်ဖို့ဒ် မှာ အတူ တွဲဖက်် ကစားခဲ့စဥ်တုန်းက တစ်ဦးကို တစ်ဦး အကူအညီပေးရင်း အသင်းရဲ့ ဂိုးသွင်း အများဆုံး ၊ ပရီးမီးယား လိဂ် ရဲ့ ဂိုးသွင်း အများဆုံံး စာရင်းဝင် ကစားသမားတွေ ဖြစ်နိုင်ခဲ့ကြပါတယ် ။

သူတို့ နှစ်ဦးဟာ အတူတူ တွဲဖက် ကစားခဲ့ကြတဲ့ ကာလအတွင်း ဆုဖလား အောင်မြင်မှုတွေ အများကြီး ရယူနိုင်ခဲ့ကြသလို တစ်ကိုယ်တော် ဆုတံဆိပ်တွေကိုလည်း အများကြီး ဆွတ်ခူးနိုင်ခဲ့ကြတာ အားလုံး အသိပဲ ဖြစ်ပါတယ် ။

အခုတော့ လီဗာပူး အသင်းရဲ့ ကစားသမား နှစ်ဦး ဖြစ်ကြတဲ့ မိုဟာမက် ဆာလာ နဲ့ ဆာဒီယို မာနေး တို့ဟာလည်း လီဗာပူးရဲ့ အားအထားရဆုံး ကစားသမားတွေ အဖြစ် ရှိနေကြပြီး ဆာလာဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဆုကို ဆွန်ဟောင်မင် နဲ့ အတူ ပူးတွဲဲ ဆွတ်ခူးနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် ရွှေဖိနပ်ဆု သုံးကြိမ် အထိ ဆွတ်ခူးထားနိုင်ခဲ့ပြီ ဖြစ်တဲ့ ဆာလာဟာ 2018/19 ဘောလုံး ရာသီတုန်းကလည်း ရွှေဖိနပ်ဆုကို အသင်းဖော် မာနေး ၊ အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှူး အူဘာမီယန်း တို့နဲ့ အတူ ပူးတွဲဆွတ််ခူးထားနိုင်ခဲ့ပါသေးတယ် ။

အခုတော့ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် နဲ့ အမေးအဖြေလုပ်ခဲ့တဲ့ ကဏ္ဍမှာ သူနဲ့ အသင်းဖော် မာနေး တို့ရဲ့ အကြား ဆက်နွယ်မှု အကြောင်း အမေးခံလိုက်ရချိန်မှာတော့ ဆာလာဟာ ရွန်းနီ ၊ ရော်နယ်ဒို တို့ရဲ့ တိုက်စစ်အတွဲနဲ့ ဥပမာပေး ဖြေကြားသွားခဲ့တာပဲ ဖြစ်ပါတယ် ။

” လွန်ခဲ့တဲ့ လေး ၊ ငါးနှစ် အတွင်း ကျွန်တော်နဲ့ မာနေးတို့ အတူ တွဲဖက် ကစားခဲ့တာကို ပြန်ကြည့်လိုက်မယ် ဆိုရင် ကျွန်တော်တို့ နှစ်ယောက်လုံး ဂိုးတွေ အများကြီး သွင်းယူနိုင်ခဲ့ကြတာကို မြင်တွေ့ရပါလိမ့်မယ် ။ အဲ့တာက အသင်းအတွက် အကူအညီ ဖြစ်စေတယ်လေ ။ 100 % ပါပဲ ”

” ခင်ဗျား (ဖာဒီနန်) တို့ အချိန်တုန်းက ရွန်းနီ နဲ့ ရော်နယ်ဒို တို့လည်း ဒီလို ဖြစ်ခဲ့ကြတယ်လို့ ထင်ပါတယ် ။ လူတိုင်းက ပိုကောင်းသူ ၊ စူပါ စတား ဖြစ်ချင်ကြတာပါပဲ ။ ကျွန််တော်တို့ရဲ့ ကစားပုံ တစ်ဦးအပေါ် တစ်ဦး သက်ရောက်မှု မရှိသေးသရွေ့ အသင်းအတွက် ကောင်းနေဦးမှာပါ ” လို့ ဆာလာ က ပြန်လည် ဖြေကြားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar