လူး၀စ်ဒီယက်ရဲ့ အစွမ်းနဲ့ ဒုတိယပိုင်းမှာ comeback လုပ်နိုင်ခဲ့တဲ့…ဗီလာရီးရဲယ် ၂-၃ လီဗာပူး ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

 

လီဗာပူး အသင်းဟာ ဗီလာရီးရဲယ်ကို ဒုတိယပိုင်း comeback နဲ့ အတူ အနိုင်ရရှိခဲ့ပြီး နောက်ဆုံး ၅ ရာသီအတွင်း ချန်ပီယံလိဂ်ဖိုင်နယ်ကို ၃ ကြိမ်မြောက် တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ လီဗာပူးဟာ ပထမအကျော့က ၂-၀ နဲ့ နိုင်ထားခဲ့မှုကြောင့် နောက်တဆင့်အတွက် အထူး ရေပန်းစားနေခဲ့ပေမယ့်လည်း ပထမပိုင်းမှာ ဆိုးရွားတဲ့ ကစားပုံနဲ့ အတူ ဗီလာရီးရဲယ်ကို ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့ပြီး နှစ်ကျော့ပေါင်း ၂-၂ ပြန်ဖြစ်သွားခဲ့ပါတယ်။

 

ဒုတိယပိုင်းမှာတော့ ကလော့ဟာ ဂျိုတာ အစား ဒီယက်ကို လူစားလဲခဲ့ပြီး အဲဒီနောက်ပိုင်း လီဗာပူးဟာ ပွဲကို ပြန်လည် လွှမ်းမိုး ကစားသွားခဲ့ကာ ဖာဘင်ညို ဒီယက် မာနေး တို့ရဲ့ ဂိုးတွေနဲ့ အတူ ၃-၂ နဲ့ ပြန်လာနိုင်ခဲ့ပြီး နှစ်ကျော့ပေါင်း ၅-၂ နဲ့ ဗိုလ်လုပွဲကို တက်သွားခဲ့ပါတယ်။

ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေကတော့

 

၁~ဒီရာသီရဲ့ အဆိုးဝါးဆုံး ပထမပိုင်း ခြေစွမ်း

ဒီပွဲစဉ်မတိုင်မီ ဖိုင်နယ်ကို တက်ရောက်ဖို့ အတွက် အထူးကို ရေပန်းစားနေခဲ့ပေမယ့်လည်း လီဗာပူးဟာ ဒီရာသီရဲ့ အဆိုးဝါးဆုံး ပထမပိုင်း ကစားပုံကို ပြသသွားခဲ့ပြီး ဗီလာရီးရဲယ်ကို ၂-၀ နဲ့ အရေးနိမ့်နေခဲ့ပါတယ်။ ပထမပိုင်းဆိုရင် လီဗာပူး ကစားသမားတွေ အားလုံးဟာ စိုးရိမ်မှုတွေ များနေခဲ့ပြီး ဗီလာရီးရဲယ်ရဲ့ press အောက်မှာ ဘောလုံး အကြိမ်ကြိမ်ပျက်ခဲ့ပြီး တစ်သင်းလုံး ဆိုးဆိုးရွားရွား ရုန်းကန်နေခဲ့ရပါတယ်။

ဒါပေမယ့်လည်း ထိပ်တန်း အသင်းကြီးတွေရဲ့ ထုံးစံအတိုင်းပဲ လီဗာပူးတို့ ပြန်လာနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လူး၀စ်ဒီယက်ကို ထည့်သွင်းကစားလိုက်တာဟာ ပွဲရဲ့ အပြောင်းအလဲ ဖြစ်သွားခဲ့ပြီး ကိုလံဘီယာစတားဟာ ပြိုင်ဘက် ခံစစ်ကြောင်းကို မွှေနှောက် ကစားသွားခဲ့ကာ ပြိုင်ဘက်ကို ဖိအားများစေခဲ့ပြီး အိမ်ရှင်အသင်းကလည်း စွမ်းအင်ကုန်သွားဟန် ဖြစ်ကာ ဧည့်သည်အသင်းရဲ့ comeback ကို ပြန်လည် မတုန့်ပြန်နိုင်ခဲ့ပါဘူး။

 

ဖာဘင်ညိုရဲ့ သွင်းဂိုးပြီးနောက် ဒီယက်က ချေပဂိုး သွင်းခဲ့ပြီး အနိုင်ဂိုးကိုတော့ မာနေးက သွင်းယူခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ လီဗာပူးဟာ ကလော့ လိုချင်တဲ့ ပုံစံအတိုင်း ကစားသွားခဲ့ပါတယ်။

၂~ကွာခြားလွန်းခဲ့တဲ့ အပြောင်းအလဲ

နှစ်သင်းစလုံးဟာ ပြီးခဲ့တဲ့ အပတ်ကနဲ့ တစ်ခြားစီ ဖြစ်သွားခဲ့ပါတယ်။ ဗီလာရီးရဲယ်ဟာ အန်ဖီးမှာ သူတို့ရဲ့ ကွင်းဘက်ခြမ်းကနေ ရုန်းမထွက်နိုင်လောက်အောင် ဖြစ်ခဲ့ပြီး ဂိုးသွင်းဖို့ ဆိုတာကတော့ အဝေးကြီးပါ။

ဒါပေမယ့် ဒီပွဲစဉ်မှာတော့ လီဗာပူးကို ပွဲအစကတည်းက ဖိအားပေး ကစားသွားခဲ့ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ကာ ၃ မိနစ်မှာတော့ အဖွင့်ဂိုးကို သွင်းယူခဲ့ပြီး ပထမပိုင်းမပြီးခင် နောက်တစ်ဂိုး ထပ်ရခဲ့ပါတယ်။

 

ပထမအကျော့က လီဗာပူးရဲ့ high press ကြောင့် pass ၃ ခုပြည့်အောင် မလုပ်နိုင်ခဲ့တဲ့ ဗီလာရီးရဲယ်ဟာ ဒီပွဲစဉ်မှာတော့ ဒါကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီး ပထမပိုင်းမှာ ကလော့ရဲ့ အသင်းဟာ ဒီလိုမျိုး ပြန်ဖြစ်သွားခဲ့ပါတယ်။

ကလော့ရဲ့ အသင်းဟာ အိမ်ရှင်ရဲ့ လျှင်မြန်တဲ့ ကစားကွက်နဲ့ Full back တွေရဲ့ နောက်ကို space ကို ထိုးနှက် ကစားခဲ့မှု အပေါ် အံ့အားသင့်နေခဲ့ပြီး ဒီရာသီမှာ ဘယ်အသင်းမှ ဒီလို မလုပ်ပြနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာတော့ ဧည့်သည်အသင်းဟာ အကောင်းဆုံး ပုံစံနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။

၃~ကိုကီလင်းရဲ့ သက်သေပြခဲ့မှု

အင်္ဂလန်ဘောလုံးလောကဟာ ကိုကီလင်းကို အာဆင်နယ်ရဲ့ အရန် ကစားသမား တစ်ဦး အဖြစ်သာ မှတ်မိနေကြမှာပါ။ ကိုကီလင်းဟာ ဂန်းနားတို့အတွက် ပွဲပေါင်း ၁၆၀ ကျော် ကစားပေးခဲ့သူ ဖြစ်ပေမယ့် အဆိုပါ လန်ဒန်ကလပ်အတွက် ဂိုးတစ်ဂိုးမှ မသွင်းပေးခဲ့ဖူးပါဘူး။ ဒီညမတိုင်မီ ကိုကီလင်းဟာ ကစားသမားဘ၀ တစ်လျှောက် ၄ ဂိုးသာ သွင်းထားနိုင်ခဲ့ပြီး ဒီထဲက နှစ်ဂိုးက လွန်ခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၃ က ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာတော့ ကိုကီလင်းဟာ ကူပူးရဲ့ ဖြတ်တင်ဘောကနေ ပြီးခဲ့တဲ့ ၉ နှစ်အတွင်း သူ့ရဲ့ တတိယမြောက်ဂိုးကို သွင်းယူခဲ့တာပါ။

သူ့ရဲ့ ဂိုးတွေဟာ ခြားနားတဲ့ ကလပ်တွေမှာ သွင်းပေးခဲ့တာ ဖြစ်ပြီး လိုရီးရန့် ဖရိုင်းဖတ် (အငှား) ဗလင်စီယာ နဲ့ ဗီလာရီးရဲယ် ကစားနေစဉ် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ၎င်းရဲ့ သွင်းဂိုးဟာ ဗီလာရီးရဲယ်ကို အံ့ဖွယ် comeback ဖြစ်လုနီးပါး ဖြစ်ခဲ့ပေမယ့် ဧည့်သည်တို့ရဲ့ ဒုတိယပိုင်း ပြန်လာမှုကြောင့် ဒီလို မဖြစ်ခဲ့တာပါ။

 

၄~အမ်မရီရဲ့ မှတ်တမ်းကောင်း ကျိုးပျက်သွားခဲ့

အမ်မရီဟာ ဆီဗီလာနည်းပြဘ၀ ရှုံးထွက်အဆင့် ၁၂ ပွဲမှာ အားလုံးကို အနိုင်ရခဲ့သလို အာဆင်နယ်မှာလည်း ၄ ကြိမ်စလုံး နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဗီလာရီးရဲယ်နဲ့လည်း ၄ ကြိမ်စလုံး အနိုင်ခဲ့တဲ့ မှတ်တမ်းကောင်း ရှိထားခဲ့့သူ ဖြစ်ပါတယ်။

ဒါပေမယ့် ဒါတွေ အားလုံးဟာ ယူရိုပါလိဂ်မှာ ဖြစ်ပြီး ပီအက်ဂျီမှာတုန်းကတော့ ချန်ပီယံလိဂ်မှာ အလုပ်မဖြစ်ခဲ့ပါဘူး။ ဒီရာသီမှာလည်း အမ်မရီဟာ ဗီလာရီးရဲယ်ကို ဂျူဗင်တပ် ဘိုင်ယန်မြူးနစ် တို့ကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်ထိ ပို့ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

 

ပဲရစ်က အရာတွေကို ထည့်မတွက်ဘူးဆိုရင် အမ်မရီဟာ ဆီဗီလာ အာဆင်နယ် ဗီလာရီးရဲယ် တို့နဲ့ အတူ ရှုံးထွက်အဆင့် ၂၂ ခုကို အနိုင်ရထားတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်နေသူ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာလည်း အမ်မရီရဲ့ အသင်းဟာ အကောင်းဆုံး comeback နဲ့ ဖိုင်နယ်တက်လုနီးပါး ဖြစ်ခဲ့ပေမယ့်လည်း ယာဂန်ကလော့ရဲ့ မှန်ကန်တဲ့ လူစားလဲမှု ဗျူဟာတွေနဲ့ အတူ ဒုတိယပိုင်းမှာ ဒူးထောက်ခဲ့ရပြီး မှတ်တမ်းကောင်း ကျိုးပျက်ခဲ့ပါတယ်။

၅~စပိန်အိမ်မက်ဆိုးကို ချေဖျက်ခဲ့တဲ့ ကလော့

ယာဂန်ကလော့ဟာ လွန်ခဲ့တဲ့ ၂၀၁၅ က လီဗာပူးကို ရောက်လာခဲ့တာ ဖြစ်ပြီး သူ့ရဲ့ အသင်းကို ဥရောပ ပြိုင်ပွဲကနေ ထုတ်ပယ်ခဲ့တဲ့ ၂ ခုတည်းသော အသင်းဟာ လာလီဂါက ဖြစ်ပါတယ်။ ၂၀၁၆ မှာ ဆီဗီလာကို ယူရိုပါလိဂ်ဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့သလို ၂၀၁၈ ချန်ပီယံလိဂ်ဖိုင်နယ်မှာလည်း ရီးရဲယ်ကို ရှုံးနိမ့်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ အဲဒီနောက် အက်သလက်တီကို နဲ့ ရီးရဲယ်မက်ဒရစ် တို့ဟာ လီဗာပူးကို ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွေကနေ ထုတ်ပယ်ခဲ့ပါတယ်။

 

ပထမပိုင်းမှာ လီဗာပူးဟာ ဆိုးရွားတဲ့ ကစားဟန်နဲ့ အတူ ဗီလာရီးရဲယ်ကို ၂-၀ နဲ့ အရေးနိမ့်နေခဲ့တာကြောင့် ကလော့ရဲ့ စပိန် အိမ်မက်ဆိုး ထပ်လာတော့မယ်လို့ လူတော်တော်များများ ယူဆခဲ့ကြပါတယ်

ဒါပေမယ့်လည်း ဒုတိယပိုင်းမှာတော့ ကလော့ရဲ့ အရမ်းကောင်းလှတဲ့ လီဗာပူး အသင်းဟာ အိမ်ရှင်အသင်းကို ဂိုးတွေ ဆက်တိုက်သွင်းယူကာ နှစ်ကျော့ပေါင်း ၃-၂ နဲ့ ပြန်လည် အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်း ၅-၂ နဲ့ ဖိုင်နယ် တက်သွားခဲ့ပါတယ်။

SM