လီဗာပူး မှာ ရှိတဲ့ လူတွေ အားလုံး က ရီးရဲ မက်ရစ် နဲ့ပဲ တွေ့ချင်နေတာပါ #မို 

 

ရီးရဲ မက်ဒရစ် က ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး ကို ဘန်ဇီးမား ရဲ့ အချိန်ပို ပင်နယ်တီ သွင်းဂိုး နဲ့ အနိုင်ယူပြ အပြီးမှာတော့ ပဲရစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူး နဲ့ နောက်တစ်ကြိမ် ပြန်လည် တွေ့ဆုံဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။

 

ဒါဟာ 2018 ခုနှစ် ကိဗ် မှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ နောက်ပိုင်း ဒီနှစ်သင်း ပြန်လည် တွေ့ဆုံကြခြင်းမျိုးလဲ ဖြစ်ပါတယ်။

အဲဒီ ပွဲစဉ်မှာ လီဗာပူး တစ်သင်းလုံး အားထားရတဲ့ တောင်ပံ ကစားသမား ဆာလာ ဟာ ရာမို့စ် ကြောင့် ပုခုံး ဒဏ်ရာ ရရှိသွားလို့ ၊ စောစောစီးစီး လူစားလဲခဲ့ရပါတယ်။ ဆာလာ ထွက်သွားတဲ့ တစ်ပြိုင်နက် လီဗာပူး ရဲ့ ကစားပုံက သိသိသာသာ ကျဆင်းသွားခဲ့တဲ့ အပြင် ၊ သွင်းဂိုးတွေလဲ ဆက်တိုက် ပြန်ပြီး ခွင့်ပြုလိုက်ရကာ 3-1 ရလာဒ် နဲ့ အရှုံးပေးခဲ့ရပါတယ်။

အီဂျစ်သားကြီးဟာ မေလ 28 ရက်နေ့မှာ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးရဲ မက်ဒရစ် နဲ့ ပြန်တွေ့ချင်တဲ့ သူ့ရဲ့ ဆန္ဒကို လုံး၀ ဖုံးကွယ်ထားခြင်း မရှိခဲ့ပါဘူး။

 

“ လီဗာပူး မှာ ရှိတဲ့ လူတိုင်းကို မေးကြည့်လိုက်မယ် ဆိုရင် ၊ အားလုံး က ရီးရဲ နဲ့ တွေ့ချင်တယ်လို့ပဲ ပြောမှာပါ။ ဒီလို ပြောခွင့် ရှိလား ဆိုတာတော့ ကျနော်လဲ မသိပါဘူး။ ဒါပေမယ့် ကျနော် ကတော့ မကျေပွဲ ပြန်နွှဲချင်တဲ့ အကြောင်းကို မန်စီးတီး နဲ့ မကစားခင် အချိန် ကတည်းက ပြောခဲ့ပါတယ်။

ကျနော် က သူတို့ရဲ့ စွမ်းဆောင်ရည် အပေါ် အများကြီး ပေးမထားပါဘူး။ သူတို့မှာ ထိပ်တန်း နည်းပြကြီးနဲ့ အတူ ထိပ်တန်း ကစားသမားတွေ ရှိပါတယ်။ BT Sports က မေးတုန်းကလဲ ရီးရဲ မက်ဒရစ် နဲ့ပဲ ပြန်တွေ့ချင်တယ်လို့ လွယ်လွယ်ကူကူပဲ ဖြေခဲ့တာပါ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

ဆာလာ က ကိဗ် မှာ ကစားခဲ့တဲ့ ဗိုလ်လုပွဲအပြီး နည်းပြ ကလော့ပ် ရဲ့ ဖြေသိမ့်မှုတွေ ရရှိခဲ့တဲ့ အကြောင်း ပြောပြခဲ့သလို ၊ သူ့ကိုယ်သူ ခွန်အားတွေ ပြန်လည် မွေးဖွားလာဖို့ ဘယ်လို အတွေးမျိုးတွေ နဲ့ အစားထိုးခဲ့တယ် ဆိုတဲ့ အကြောင်းကိုပါ အခုလို ဖွင့်ဟ ခဲ့ပြန်ပါတယ်။

 

“ စိတ်ပျက်ခဲ့တာတော့ တော်တော်ကို ပျက်ခဲ့တာပါ။ ဒါပေမယ့် ဘောလုံးသမား ဘဝမှာ ဒါမျိုးတွေ တစ်ခါတရံ ကြုံရတတ်တာပဲ ဆိုတဲ့ အသိနဲ့ မေ့ပစ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

ရာသီအကုန် အနားယူတဲ့ အချိန်ရောက်တော့ “ငါ ဒီအတိုင်း ဆက်ပြီး ကြိတ်ပူဆွေးနေမလား ၊ ဒါမှ မဟုတ် နောက်တစ်ကြိမ် အခွင့်အရေး ရအောင် ပြန်ပြီး တိုက်ပွဲဝင်မလား” ဆိုတာ တွေးရင်းနဲ့ ခွန်အားသစ်တွေ ပြန်ရှာခဲ့ပါတယ်။ အဲဒီ အချိန်က ပြန်လည် နိုးထ ပြခဲ့လို့လဲ အခု ဒီနေရာမှာ အားကစား ကလောင်ရှင်တွေက ပေးတဲ့ အကောင်းဆုံးဆု ကို လာယူနေတာပေါ့”

 

“ ရာသီ အကြို ပြင်ဆင်မှုတွေ လုပ်ကြတော့ ကျနော်တို့ အသင်းမှာ အစည်းအဝေး တစ်ရပ် စတင်ခဲ့ပါတယ်။ ကျနော်တို့ အားလုံးဟာ အဲဒီ အရှုံး ရလာဒ်အပြီးမှာ ချန်ပီယံလိဂ် ဖလားကြီးကို သိပ်ကို လိုချင်နေကြတာပါ။ ပရီးမီးယားလိဂ် ဖလား ရဖို့လဲ အနီးစပ်ဆုံး ဖြစ်ခဲ့တယ်လေ။

 

ပြောရရင် အရှုံးထဲက ကောင်းတဲ့ အချက်တွေ ဆွဲထုတ်နိုင်ခဲ့တာပေါ့။ ဗိုလ်လုပွဲ တစ်ပွဲ အရှုံးပေးရတာ လုံး၀ မကောင်းပါဘူး။ ဒါပေမယ့် သင်ခန်းစာကောင်းတွေတော့ ရအောင် ပြန်ယူပြခဲ့ပါတယ်” လို့ ရှင်းပြသွားခဲ့ ပါတယ်။

နောက်ထပ် 4 နှစ် အကြာမှာတော့ ဒီပြိုင်ပွဲ ရဲ့ ဒီလို အဆင့်မျိုးမှာ ဒီနှစ်သင်း နောက်တစ်ကြိမ် ပြန်လည် တွေ့ဆုံကြပြန်ပါပြီ။ ဒီဖလားကြီး ဆွတ်ခူးနိုင်တဲ့ အသင်းက ကစားသမားဟာ ဘလွန်းဒီအော်ဆု ဆွတ်ခူးဖို့ အတွက်လဲ ရေပန်းစွားသွားနိုင်တဲ့ အလားအလာတွေ ပေါ်ပေါက်လျှက် ရှိနေပါတယ်။

 

လက်ရှိမှာ ရီးရဲ မက်ဒရစ် တိုက်စစ်မှုး ဘန်ဇီးမား က ပြိုင်ပွဲ ပေါင်းစုံ 43 ပွဲ ကစားပြီး 43 ဂိုး သွင်းယူထားပါတယ်။ အဲဒီ ထဲက 15 ဂိုးဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ သွင်းပြခဲ့တာပါ။ မို ဆာလာ ကတော့ လက်ရှိ ပရီးမီးယားလိဂ် ရဲ့ သွင်းဂိုး အများဆုံး ကစားသမား အဖြစ် ရှိနေသလို ၊ ပြိုင်ပွဲပေါင်းစုံ သွင်းဂိုး 30 အထိ သွင်းထားပါတယ်။

“ အဲဒီ နှစ်က ကျနော်ဟာ သွင်းဂိုး 40 အထိ သွင်းပြခဲ့သည့်တိုင်အောင် ဘလွန်းဒီအော် ဆု မရခဲ့ဘူးလေ ဘာလို့လဲ ဆိုတော့ ဘာဆုဖလားမှ မဆွတ်ခူးနိုင်ခဲ့တာကိုး။

 

ဒီနှစ်မှာတော့ ကိန်း ဂဏန်းတွေက ပိုပြီး မြှင့်လာပါပြီ။ ပြည်တွင်း ဖလား 1 လုံး ဆွတ်ခူးပြီးပြီ ဖြစ်သလို ၊ နောက်ထပ် ဗိုလ်လုပွဲ 2 ခုမှာလဲ အခြေအနေ ကောင်းမယ် ဆိုရင် ၊ ဘလွန်းဒီအော်ဆု က ရင်ခုန်ဖို့ ကောင်းသွားပါပြီ။

 

တစ်ချိန်တည်းမှာ အရေးအကြီးဆုံး ဖြစ်တဲ့ အသင်းရဲ့ အောင်မြင်မှုတွေကို အာရုံစိုက်ထားဖို့ လိုပါတယ်။ ကျန်တာတွေက နောက်ကနေ အလိုလို လိုက်လာမှာပါ။

 

ဒီရာသီ က ကျနော့် ရဲ့ လီဗာပူး ကစားသမား ဘ၀ အကောင်းဆုံး ဘောလုံးရာသီ ဖြစ်ပါတယ်။ သွင်းဂိုး အရေအတွက်ရော ၊ ဂိုး ဖန်တီးမှု အရေအတွက်ပါ တော်တော်များနေတယ်လေ။ အခွင့်အရေး ဖန်တီးတဲ့ အပိုင်းမှာ ဆိုရင် ကျနော်ဟာ ပရီးမီးယားလိဂ်မှာ အမြင့်ဆုံးပါပဲ။

အသင်းက ရှုံးပွဲ ကြုံတဲ့ အချိန် ၊ ကိုယ့်ရဲ့ သွင်းဂိုးက အသင်းအတွက် ဘာအထောက်အပံ့မှ မဖြစ်တဲ့ အခြေအနေမျိုး ဆိုရင်တော့ ဘာမှ ခံစားချက် မရှိပါဘူး။ ဒါပေမယ့် ကိုယ်က ဂိုးမသွင်းပဲ နဲ့ အသင်းနိုင်ပွဲ ရအောင် ကူညီပေးနိုင်တယ် ဆိုရင်တောင် ၊ တကယ်ကို ကျေကျေနပ်နပ်နဲ့ ပျော်ရွှင်မိတာပါ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SPORTS MYANMAR