လီဗာပူး တိုက်စစ်ကစားသမားတွေ မပါ၀င်ခဲ့တဲ့ သူ့စိတ်ကြိုက် dream five-a-side အသင်းကို ရွေးချယ်သွားခဲ့တဲ့ ဗန်ဒိုက်

ဗာဂျယ်ဗန်ဒိုက်ဟာ သူ့စိတ်ကြိုက် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ dream five-a-side အသင်းကို ရွေးချယ်ပေးသွားခဲ့ပြီး အံ့အားသင့်စရာ ကတော့ လီဗာပူး တိုက်စစ် ကစားသမား တစ်ဦးမှ မပါ၀င်ခဲ့တာပဲ ဖြစ်ပါတယ်။ အသက် ၃၀ အရွယ် ဗန်ဒိုက်ဟာ ချန်ပီယံလိဂ်ဖိုင်နယ် ပွဲစဉ် မတိုင်မီ မန်ယူနိုက်တက် ဂန္တ၀င် ရီယိုဖာဒီနန်နဲ့ အင်တာဗျူး လုပ်ခဲ့ပါတယ်။

ယာဂန်ကလော့ရဲ့ အသင်းဟာ စနေနေ့ည ပဲရစ်မှာ ရီးရဲယ်မက်ဒရစ်နဲ့ ဖိုင်နယ်ပွဲစဉ်ကို ကစားသွားရမှာ ဖြစ်ပြီး ဗိုလ်စွဲနိုင်ခဲ့ဆိုရင် ဒါဟာ ကလပ်အတွက် ၇ ကြိမ်မြောက် ဥရောပဖလား ဖြစ်လာမယ့် အပြင် ပြီးခဲ့တဲ့ ၄ ရာသီအတွင်း ၂ ကြိမ်မြောက် ဗိုလ်စွဲမှုလည်း ဖြစ်လာမှာပါ။ BT sport ရဲ့ အစီအစဉ် တင်ဆက်သူ အဖြစ် လုပ်ကိုင်နေတဲ့ ဖာဒီနန်က ဗန်ဒိုက်ကို လက်ရှိ ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ dream-five-a-side အသင်းကို ရွေးချယ်ဖို့ တောင်းဆိုခဲ့ပါတယ်။

နယ်သာလန် လက်ရွေးစင်က အဆိုပါ အသင်းရဲ့ ဂိုးသမားနေရာမှာ လီဗာပူး အသင်းဖော် အလီဆွန် ၊ နောက်ခံလူ နေရာမှာ သူကိုယ်တိုင် နဲ့ ကွင်းလယ်မှာ မန်စီးတီး ရဲ့ ကယ်ဗင်ဒီဘရိုင်းနား ၊ တိုက်စစ်မှာ ပီအက်ဂျီနဲ့ မကြာသေးမီက စာချုပ်သစ် ချုပ်ဆိုထားခဲ့တဲ့ ကီလီယန်အမ်ဘက်ပေ နဲ့ ဘလွန်းဒီအောဆု အတွက် ရေပန်းစားနေတဲ့ ချန်ပီယံလိဂ်ဖိုင်နယ် ပြိုင်ဘက် ရီးရဲယ်မက်ဒရစ်ရဲ့ ကာရင်ဘန်ဇီးမား တို့ကို ရွေးချယ်ခဲ့ပါတယ်။

ဗန်ဒိုက်က “ဘန်ဇီးမားဟာ ဒီရာသီမှာ on fire ဖြစ်နေခဲ့တာကြောင့် သူဟာ ဒီအသင်းမှာ ပါ၀င်ဖို့ အတွက် ထိုက်တန်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ် တိုက်စစ်မှုးဟာ ဒီရာသီ လာလီဂါမှာ ၂၇ ဂိုးထိ သွင်းယူထားယူကာ ရွှေဖိနပ်ဆု ရခဲ့တဲ့ အပြင် ချန်ပီယံလိဂ်မှာလည်း ၁၅ ဂိုးသွင်းယူကာ ပြိုင်ပွဲရဲ့ top scorer အဖြစ် ရပ်တည်နေပါတယ်။

လီဗာပူး ပရိတ်သတ် တစ်ချို့ ကတော့ ဒီအသင်းမှာ မိုဟာမက်ဆာလား ဆာဒီယိုမာနေး တို့ မပါ၀င်ခဲ့တဲ့ အပေါ် စိတ်ပျက်နေကြမှာ ဖြစ်ပါတယ်။ မာနေး နဲ့ ဆာလား တို့ဟာ ဒီရာသီမှာ နှစ်ဦးပေါင်း ၅၄ ဂိုးထိ သွင်းယူထားခဲ့ပြီး လက်ရှိမှာ ပုံစံကောင်းကို ရနေသူတွေ ဖြစ်ပါတယ်။ ဆက်လက်ပြီး ဖာဒီနန်က ဘယ်သူဟာ အခက်ခဲဆုံး ပြိုင်ဘက် ဖြစ်မလဲဆိုတဲ့ မေးခွန်းကို ဗန်ဒိုက်အား မေးမြန်းခဲ့ပါတယ်။

ဗန်ဒိုက်ဟာ တိကျတဲ့ အဖြေကို မပေးသွားခဲ့ပေမယ့်လည်း ဆာဂျီယိုအဂွေးရိုး ၊ လီယွန်နယ်မက်ဆီ ၊ ကီလီယန်အမ်ဘက်ပေ ၊ အာလင်ဟာလန်း နဲ့ ဒါ၀င်နူးနက် တို့ကို ချီးကျူးသွားခဲ့ပါတယ်။

ဗန်ဒိုက်က “အဂွေးရိုးဟာ တကယ့်ကို မယုံနိုင်စရာ ကစားသမားပါ။ မက်ဆီကလည်း ကမ္ဘာ့ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမားလို့ ကျွန်တော် ယူဆပါတယ်။ အမ်ဘက်ပေကတော့ ခြားနားပြီး တအားကို မြန်ပါတယ်။ ဟာလန် နဲ့ ဒါ၀င် တို့တော့ အနည်းငယ် ဆင်တူပါတယ်။ သူတို့ဟာ တအားကို တိုက်ရိုက်ဆန်ပြီး မြန်တယ် အရပ်ရှည်တယ် သန်မာပါတယ်။ သူတို့နဲ့ ရင်ဆိုင်ရတာဟာ အတော်လေး ခက်ခဲပါတယ်။” လို့ ပြောသွားပါတယ်။

ဗန်ဒိုက်ဟာ လာမည့် စနေနေ့မှာ သူ့ရဲ့ ဒုတိယမြောက် ချန်ပီယံလိဂ် ဆုတံဆိပ်ကို ရယူဖို့ ပစ်မှတ်ထားနေပြီး နယ်သာလန်စတားဟာ ပြီးခဲ့တဲ့ ၂၀၁၉ ချန်ပီယံလိဂ်ဖိုင်နယ်က တော့တင်ဟမ်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ လီဗာပူး အသင်းမှာ ပါ၀င်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဗန်ဒိုက်ဟာ လီဗာပူးကို ရောက်လာခဲ့ပြီးနောက် ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် ၊ အက်ဖ်အေ ၊ ကလပ်ကမ္ဘာ့ဖလား ၊ ကာရာဘောင်ဖလား နဲ့ စူပါဖလား တို့ကို ဆွတ်ခူးထားခဲ့ပြီး ဖြစ်ပါတယ်။

SM