လီဗာပူး က မကြေငြာသေးပေမယ့် ၊ ဖူဟမ် ဘက်က ကာဗယ်ဟို ကို ရောင်းချလိုက်ပြီ ဖြစ်ကြောင်း အတည်ပြု

လီဗာပူး ဟာ ပေါ်တူဂီ ယူ 21 ကစားသမားလေး ကာဗယ်ဟို ကို ခေါ်ယူနိုင်ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာချက် ထုတ်ပြန်ခြင်း မရှိသေးသော်လဲ ၊ ဖူဟမ် အသင်း ပိုင်ရှင် ကိုယ်တိုင်က သူတို့ဟာ ချာတိတ်တွေကို ရောင်းချထားပြီးပြီ ဖြစ်ကြောင်း တရားဝင် အတည်ပြု လိုက်ပါတယ်။

အင်္ဂလန် သတင်းထောက်တွေ ကတော့ ကာဗယ်ဟို ရဲ့ အပြောင်းအရွှေ့ အဆုံးသတ်ခဲ့တာ ကြာခဲ့ပြီလို ဆိုထားပြီး ၊ လီဗာပူး က ကနဦး ပြောင်းရွှေ့ကြေး ပေါင် 5 သန်း + စွမ်းဆောင်မှု ပိုင်းဆိုင်ရာ နောက်ထပ် ပေးချေမှု ပေါင် 2.5 သန်း နဲ့ ပြန်လည် ရောင်းချပါက ရရှိလာတဲ့ ပြောင်းရွှေ့ကြေးထဲက 20% ကိုပါ ဖူဟမ် အသင်းဆီ ဆက်လက် ပေးချေဖို့ သဘောတူထားခဲ့တယ်လို့ သိရပါတယ်။

လီဗာပူး ဟာ ယခင် ကလဲ ဖူဟမ် က ဟာဗေး အယ်လီယော့ ကို ခေါ်ယူခဲ့ဖူးပြီး ၊ လျော်ကြေး ဆိုင်ရာ ကိစ္စရပ် အငြင်းပွားမှုတွေ များလွန်းတာကြောင့် ဒီတစ်ကြိမ်မှာတော့ တစ်ခါတည်း အပြောင်းအရွှေ့ ပုံစံမျိုးပေးကာ ခေါ်ယူသွားခဲ့တယ်လို့ နားလည်ရပါတယ်။

မနေ့ညကပဲ ဖူဟမ် ဟာ လူတန် အသင်းကို 7-0 ရလာဒ် နဲ့ အနိုင် ကစားပြီး ချန်ပီယံရှစ် ဖလားကြီးကို သိမ်းပိုက်ကာ ၊ ပရီးမီးယားလိဂ် ကို နောက်တစ် ပြန်လည် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ သို့သော် ကာဗယ်ဟို ကတော့ လီဗာပူး နဲ့ သွားရောက် ပူးပေါင်းတော့မှာ ဖြစ်သလို ၊ လီဗာပူး ဘက်ကလဲ နောက်တစ်ကြိမ် ပြန်ပြီး အငှားချဖို့ အတွက် ဆန္ဒမရှိဘူး လို့ သိရပါတယ်။

The Athletic နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး မှာတော့ အသင်းပိုင်ရှင် တိုနီ ခန်း က “ ဖေဘီယို ကို ကျနော်က တကယ် သဘောကျတာပါ။ သူ့ ရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက်လာရင် ကျနော်တို့က အမှတ်တွေ အများကြီး ပေးထားပါတယ်။ အထူးသဖြင့် အကယ် ဒမီကနေ ထွက်လာတဲ့ ချာတိတ်မျိုး ဖြစ်လို့ အသင်းမှာ ဆက်ပြီး ထိန်းထားချင်တာပေ့ါဗျာ။

ဒါပေမယ့် ကျနော်တို့ ဟာ အသင်းအတွက် အကောင်းဆုံးဖြစ်မယ့် စာချုပ်မျိုး ချုပ်ထားပြီးပါပြီ။ အဲဒီ သဘောတူညီမှု ရယူပြီးခဲ့တဲ့ အချိန်က စလို့ အံ့အားသင့်စရာတွေလဲ ဖြစ်ခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ သူဟာ ကျနော်တို့ ကို တန်းတက်နိုင်အောင် စွမ်းဆောင်ပေးတဲ့ အဓိက အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ခဲ့တယ်လေ။

မာကို ဆေးဗား ကလဲ သူ့နဲ့ လက်တွဲရင်း အကောင်းဖြစ်မယ့် ခြေစွမ်းတွေကို ဆွဲထုတ်ပြနိုင်ခဲ့ပါတယ်။ သူတို့ အကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရှိသလို ၊ ကျနော်တို့ ရဲ့ အရေးပါတဲ့ ကစားသမား တစ်ယောက် ဖြစ်နေတဲ့ အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး တစ်ခုပေါ့ဗျာ။ ဒါပေမယ့် အသင်းအတွက် ပိုကောင်းမယ့် အပြောင်းအရွှေ့မျိုး ဆိုရင် ကျနော်တို့လဲ လုပ်ဆောင်ရမှာပဲလေ” လို့ သွယ်ဝိုက်ကာ အတည်ပြု ပေးသွားခဲ့ ပါတယ်။

လီဗာပူး ဟာ ဖေဘီယို ကာဗယ်ဟို ကို ခေါ်ယူနိုင်တဲ့ အကြောင်း မကြာခင်မှာ တရားဝင် ကြေငြာချက် ထုတ်ပြန်လာဖွယ် ရှိနေပါတယ်။

တစ်ချိန်တည်းမှာ မိုနာကို အသင်းက ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်သူ Aurelien Tchouameni ကိုလဲ ဆက်လက် ပစ်မှတ်ထားနေပါတယ်။ ကစားသမားတွေ ကို ခေါ်ယူဖို့ ရီးရဲ မက်ဒရစ် ၊ ပီအက်စ်ဂျီ တို့က ချိတ်ဆက်မှုတွေ လုပ်ဆောင်နေသည့်တိုင်အောင် ကာယကံရှင် ကိုယ်တိုင် ကတော့ ပရီးမီးယားလိဂ် ကလပ်ဆီပဲ ပြောင်းရွှေ့ချင်နေတယ်လို့ Di Marzio က အခိုင်အမာ ဆိုထားပါတယ်။

Aurelien Tchouameni ဟာ အခုမှ 22 နှစ် အရွယ်သာ ရှိသေးပြီး ၊ မိုနာကို နဲ့ 2024 ခုနှစ် အထိ စာချုက်သက်တမ်း ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ သို့သော် ပြင်သစ် ကလပ်ဟာ သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုးတွေ ရှိလာရင် ဒီရာသီ အကုန်မှာပဲ ရောင်းချသွားဖို့ ပြင်ဆင်ထားပါတယ်။

ဝိုင်နယ်ဒမ် ရဲ့ နေရာကို တိုက်ရိုတ် အစားထိုး ဖြည့်တင်းခဲ့ခြင်း မရှိခဲ့တဲ့ လီဗာပူးဟာ ရာသီ အကုန်မှာတော့ ကွင်းလယ် အဖျက် ကစားသမား တစ်ယောက်ကို အသားပေး ရှာဖွေနေတယ်လို့ ယူဆရပါတယ်။

SM