လီဗာပူးနဲ့ပွဲစဉ်မှာ စပါးရဲ့ ကစားပုံနဲ့ ပက်သက်ပြီး ယာဂန်ကလော့ရဲ့ ဝေဖန်မှုကို ပြန်လည် တုန့်ပြန်လိုက်တဲ့ ကွန်တီ

အန်တိုနီယိုကွန်တီက ပြီးခဲ့တဲ့စနေနေ့က လီဗာပူးနဲ့ တစ်ဂိုးစီ သရေကျသွားခဲ့တဲ့ ပွဲစဉ်အပြီးမှာ တော့တင်ဟမ်ရဲ့ နည်းဗျူဟာပိုင်းနဲ့ ပက်သက်ပြီး ဝေဖန်မှု ပြုလုပ်သွားခဲ့တဲ့ ယာဂန်ကလော့ဟာ သရေရလဒ် အတွက် အကြောင်းပြချက် ရှာခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲ သွားခဲ့ပါတယ်။ အန်ဖီးမှာ သရေကျခဲ့ပြီးနောက် လီဗာပူးဟာ အဖိုးတန် ရမှတ် ၂ မှတ်ကို ဆုံးရှုံးခဲ့ရပြီး ပရီးမီးယားလိဂ် title race မှာ မန်ချက်စတာစီးတီး အသင်းကို ဗိုလ်စွဲဖို့ အလေးသာသွားစေခဲ့ပါတယ်။

ယာဂန်ကလော့ဟာ အဆိုပါ ပွဲစဉ်အပြီးမှာ စပါးရဲ့ ခံစစ် အသားပေး ပွဲချည်းကပ်ပုံကို ဝေဖန်သွားခဲ့ပြီး ကွန်တီ အနေနဲ့ သူပိုင်ဆိုင်ထားတဲ့ လူအင်အား အရ ဒီထက် ပိုမို တိုက်စစ် အားပြု ကစားသင့်တယ်လို့ လူသိရှင်ကြား ပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ဗီလာနဲ့ ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲ မှာတော့ ကလော့က သူ့အနေနဲ့ ဒီလို မှတ်ချက်ပေးခဲ့တာဟာ မှားယွင်းတယ်လို့ ၀န်ခံသွားခဲ့ပါတယ်။

ကွန်တီ ဘက်ကတော့ ပွဲအပြီးမှာ သွေးပူနေတဲ့ ကလော့ အနေနဲ့ ဒီလိုမျိုး မှတ်ချက်ပေးခဲ့တဲ့ အပေါ် နားလည်းနိုင်တယ်လို့ ဆိုလိုက်ပေမယ့် လီဗာပူး မန်နေဂျာဟာ သူ့အသင်းရဲ့ ကစားပုံ အပေါ် ဝေဖန်မှာကို ကာကွယ်တဲ့ အနေနဲ့ စပါးရဲ့ ကစားဟန် အပေါ် လွဲချခဲ့တာလို့ ယုံကြည်နေပါတယ်။

ကွန်တီက “ကျွန်တော့်ရဲ့ အကြောင်းကို ကောင်းကောင်း သိတဲ့ သူတွေဟာ ကျွန်တော် ပွဲတိုင်းကို ဘယ်လောက် နိုင်လိုစိတ် ပြင်းပြသလဲ ဆိုတာ သိကြပါတယ်။ ကျွန်တော့်ဟာ ဒီအတွေးကို ကစားသမားတွေထံ လွဲပြောင်းဖို့ ကြိုးစားလေ့ ရှိခဲ့ပါတယ်။ ကျွန်တော် ဘယ်အသင်း ဘယ်ကလပ်မှာပဲ ရှိနေသည် ဖြစ်စေ ကျွန်တော့်ရဲ့ ရည်မှန်းချက်ဟာ အမှတ်ပေးဖလားကို ဆွတ်ခူးသွားဖို့ ဖြစ်ပါတယ်။ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့ဟာ မလွယ်ကူပါဘူး။

ဂွာဒီယိုလာက လီဗာပူးဟာ ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်း အမှတ်ပေးဖလားကို တစ်ကြိမ်ပဲ ဆွတ်ခူးနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒါကို ကြည့်လိုက်မယ် ဆိုရင် အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့ ဆိုတာ မလွယ်ကူဘူးလို့ ပြသလိုက်တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဒါမှမဟုတ် အခြား ရှုံးထွက်ဖလား ပြိုင်ပွဲတွေမှာ ဗိုလ်စွဲဖို့က ပိုမို လွယ်ကူနိုင်ပါတယ်။

လီဗာပူးနဲ့ ပွဲစဉ်အပြီးမှာ ကျွန်တော့် ရရှိခဲ့တဲ့ အကောင်းဆုံး အဖြေ ကတော့ ကစားသမားတွေဟာ ပွဲအပြီးမှာ သရေရလဒ် အတွက် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ နိုင်နိုင်ခြေ ရှိတယ်ဆိုတာကို ခံစားမိခဲ့လို့ ဖြစ်ပါတယ်။ နောက်တစ်နေ့မှာ ကျွန်တော်တို့ ပွဲကို ပြန်လည် သုံးသပ်မှု လုပ်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ တစ်သင်းသင်းက အနိုင်သင့်တယ်ဆိုရင် ဒါဟာ တော့တင်ဟမ်ပဲ ဖြစ်ပါတယ်။ လီဗာပူး မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ကလော့ဟာ လီဗာပူးတို့ ရမှတ် ၂ မှတ် ဆုံးရှုံးခဲ့တာထက် တစ်မှတ် ရခဲ့တယ် ဆိုတာကို နားလည်မယ်လို့ ထင်ပါတယ်။

တစ်ချိန်တည်းမှာပဲ ယာဂန်ကလော့ဟာ ဥာဏ်ရည်ထက်မြက်တဲ့ နည်းပြ ဖြစ်ပါတယ်။ သူဟာ တအားကို တော်ပါတယ်။ ပွဲအပြီးမှာ သူ့အနေနဲ့ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့တာပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ထိပ်တန်းနည်းပြတွေ အနေနဲ့ ပွဲအပြီးမှာ ကိုယ့်ရဲ့ အသင်းအပေါ်သာ အာရုံစိုက်သွားဖို့ လိုအပ်ပါတယ်။ အခြားအသင်းကို မဟုတ်ပါဘူး။ အခြား အသင်းကို အာရုံစိုက်တယ် ဆိုတာက အကြောင်းပြချက် ဒါမှမဟုတ် အလီဘိုင် ရှာဖွေချင်တာပဲ ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ ကိုယ့်ဘက်က ကောင်းကောင်း မလုပ်နိုင်ခဲ့တာ ဒါမှမဟုတ် တစ်စုံတစ်ရာ မှားယွင်းမှု ရှိခဲ့လို့ပါ။

ရိုးရိုးသားသား ပြောရမယ်ဆိုရင် နည်းပြတစ်ဦး အတွက် ပွဲအပြီးမှာ မလွယ်ကူပါဘူး။ ကိုယ့်ကိုကိုယ် ခေါင်းအေးအောင် ကြိုးစားရပါတယ်။ တစ်ခါတစ်ရံ ဒါဟာ မလွယ်ကူပါဘူး။ ဒီရာသီမှာလည်း ကျွန်တော်ဟာ အကြိမ်များစွာ ရလဒ်ပိုင်း ကျွန်တော့်ကိုယ် ကျွန်တော် ၊ ကစားသမားတွေနဲ့ ပက်သက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ပါတယ်။ ဘန်လေကို ရှုံးခဲ့တဲ့ ပွဲစဉ်အပြီးမှာ ကျွန်တော်ဟာ ဒီရှုံးပွဲရဲ့ အဓိက တရားခံလို့ ပြောခဲ့တာကို ခင်ဗျားတို့ မှတ်မိကြမှာပါ။

ရလဒ်ဆိုးတစ်ခုဟာ ရာသီကုန်မှာ ကိုယ့်ရဲ့ အရေးပါတဲ့ ရည်မှန်းချက်ကို အပြောင်းအလဲ ဖြစ်သွားစေနိုင်တဲ့ အတွက် တစ်ခါတစ်ရံ ဒီလို စိတ်ပျက်လက်ပျက် ပြောခဲ့တာပါ။ ကျွန်တော် ထပ်ပြောချင်တာကတော့ ယာဂန်ကလော့ကို လေးစားပါတယ်။ သူ့ဘက်ကလည်း ကျွန်တော့်ကို အများကြီး လေးစားတယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဂိမ်းအတွင်းမှာ ပြိုင်ဘက်အကြောင်းကို မပြောမိအောင် လေ့လာသင်ယူသွားရမှာပါ။ ကိုယ့် အသင်းရဲ့ အခြေအနေကို အာရုံစိုက်သွားဖို့က အရေးကြီးလှပြီး ဘယ်နေရာတွေမှာ ပိုကောင်းအောင် လုပ်နိုင်မလဲဆိုတာနဲ့ ကိုယ့်အသင်းရဲ့ ပြသနာတွေ အကြောင်းကို ပြောသွားဖို့ လိုပါတယ်။” လို့ တုန့်ပြန်ခဲ့ပါတယ်။

 

SM