လာလီဂါ ချန်ပီယံ ဖြစ်ပြီးနောက် စံချိန်သစ်တွေ စိုက်ထူနိုင်ခဲ့ကြတဲ့ ရီးယဲလ်မက်ဒရစ် ၊ အန်ဆယ်လော့တီ နဲ့ မာဆယ်လို

 

ရီးယဲလ်မက်ဒရစ် အသင်းဟာ မနေ့က ပွဲမှာ အက်စ်ပန်ညို အသင်းကို ရိုဒရီဂို ရဲ့ သွင်းဂိုး ၂ ဂိုး ၊ အဆန်စီယို ၊ ဘန်ဇီးမား တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ လေးဂိုးပြတ် အနိုင်ရပြီး လက်ကျန် လေးပွဲ အလိုမှာတင် လာလီဂါ ချန်ပီယံဆုကို ရရှိ ခဲ့တာ ဖြစ်ပါတယ် ။

ရီးယဲလ် မက်ဒရစ် အသင်းအတွက်တော့ လာလီဂါ ချန်ပီယံဆုကို ၃၅ ကြိမ်မြောက် ရယူ နိုင်ခဲ့တာ ဖြစ်ပြီး ဥရောပ ထိပ်သီး လိဂ် ၅ ခုမှာ အမှတ်ပေး ချန်ပီယံဆု အများဆုံးရတဲ့ ကလပ် အသင်း ဖြစ်လာခဲ့ပါတယ် ။

ဒါ့အပြင် ရီးယဲလ်မက်ဒရစ် အသင်း နည်းပြ အန်ဆယ်လော့တီ ဟာ ဥရောပ ထိပ်သီး လိဂ် ငါးခု ဖြစ်တဲ့ စပိန် ၊ အီတလီ ၊ အင်္ဂလန် ၊ ဂျာမနီ နဲ့ ပြင်သစ် တို့မှာ အမှတ်ပေး ချန်ပီယံဆုတွေ ရယူ နိုင်ခဲ့တဲ့ ပထမဆုံး နည်းပြ ဖြစ်လာ ခဲ့ပါတယ် ။

ရီးယဲလ် မက်ဒရစ် အသင်းရဲ့ အသင်း ခေါင်းဆောင် ဘယ်နောက်ခံလူ မာဆယ်လို ဟာလည်း ဖလား အောင်မြင်မှု ၂၄ ကြိမ် နဲ့ ကလပ် အသင်း သမိုင်းတစ်လျှောက် ဆုဖလား အောင်မြင်မှု အများဆုံးရတဲ့ ကစားသမားဖြစ်လာ ခဲ့ပါတယ် ။

မာဆယ်လို ဟာ ရီးယဲလ် မက်ဒရစ် အသင်းနဲ့ အတူ ချန်ပီယံလိဂ် ဖလား ၄ ကြိမ် ၊ ကလပ် ကမ္ဘာ့ဖလား ၄ ကြိမ် ၊ ဥရောပစူပါဖလား ၃ ကြိမ် ၊ အမှတ်ပေး ချန်ပီယံ ၆ ကြိမ် ၊ ကိုပါဒယ်ရေး ဖလား ၂ ကြိမ် ၊ စူပါကိုပါဖလား ၅ ကြိမ် ရယူထားနိုင်ပါတယ် ။

ရီးယဲလ် အသင်း သမိုင်းတစ်လျှောက် ဆုဖလား အောင်မြင်မှု အများဆုံး ရတဲ့ ကစားသမား ဖြစ်လာပြီးနောက် မာဆယ်လို က ” ဘောလုံး ကစားသမား တစ်ဦး အတွက် သိပ်ကို အံ့အားဖို့ ကောင်းပြီး ရဖို့ ခဲယှဉ်းတဲ့ အတွေ့အကြုံ တစ်ခုလို့ ဆိုနိုင်ပါတယ် ။ ”

 

“တစ်သင်းလုံး ကြိုးစားပမ်းစား ကစားပြီး လာလီဂါ ချန်ပီယံဆုကို ပြန်လည် ရယူ နိုင်ခဲ့ပါပြီ ၊ ကျွန်တော်တို့ ခုလို အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်း နိုင်ရပါမယ် ။ ဒါက အပြင်းအထန် ကြိုးစား အားထုတ််မှု ၊ နိုင်ပွဲ ရလိုမှု ၊ အနစ်နာခံမှုတွေရဲ့ အကျိုးရလဒ်ပါပဲ ။ ဒါတွေ အားလုံးကို ပေါင်းပြီး အောင်မြင်မှုတွေ ရယူ နိုင်ခဲ့တာပါ ။ ”

” အိမ်ကွင်းမှာ ကစားပြီး ပရိသတ်တွေ နဲ့ အတူ အောင်ပွဲခံနိုင်တာက အကောင်းဆုံး အရာတစ်ခုပါပဲ ၊ ဒါက ကစားသမား တစ်ဦးအတွက် မယုံနိုင်ဖွယ်ရာအတွေ့အကြုံ ခံစားချက်ပါပဲ ၊ လာမယ့်ပွဲက ကျွန်တော်တို့ အတွက် သိပ်ကို အရေးပါတဲ့ပွဲ ဖြစ်ပေမယ့် ဒီနေ့က အောင်ပွဲခံရမယ့်နေ့ပါ ၊ ဒီနေ့ အောင်ပွဲခံတာက အဆင် ပြေပါတယ် ၊ ဗုဒ္ဓဟူးနေ့ပွဲကိုလည်း အာရုံစိုက်ပြီး စိတ်အားတက်ကြွမှု အပြည့် ရှိနေဖို့လည်း လိုပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

 

SM