လာလီဂါ ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ၊ ဘာစီလိုနာ ပရိသတ်တွေထံ သွယ်ဝိုက် ထိုးနှက်လိုက်တဲ့ ကော်တွိုက်စ်

 

ရီးရဲလ်မက်ဒရစ် အသင်းဟာ မနေ့ည က ကစားခဲ့တဲ့ လာလီဂါပွဲမှာ အက်စ်ပန်ညို အသင်းကို အိမ်ကွင်း ဘာနေဗျူးမှာ သက်တောင့်သက်သာပဲ ၄ – ၀ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရကာ ၊ လာလီဂါ ချန်ပီယံ ဖြစ်ခဲ့ပါတယ် ။

ဒီပွဲမှာ နည်းပြ ဖြစ်သူ ကာလို အန်ဆယ်လော့တီ ဟာ ကြားရက် ဘာနေဗျူးမှာ ကစားမယ့် မန်စီးတီးနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ အတွက် အဓိက ကစားသမား အချို့ကို ချန်လှပ်ခဲ့ပေမယ့် ၊ သွင်းဂိုးတွေကို တောင်ပံ ကစားသမား ၂ဦးဖြစ်တဲ့ ရိုဒရိုင်ဂိုနဲ့ မားကို့စ် အဆန်စီယို တို့က ၃ဂိုး ၊ လူစားဝင် တိုက်စစ်မှူး ကာရင် ဘန်ဇီမာ က တဂိုး သွင်းယူပေးခဲ့ပါတယ် ။

ပွဲအပြီး Movistar ရုပ်သံဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ရီးရဲလ်မက်ဒရစ် ဂိုးသမား သီဘောက် ကော်တွိုက်စ် က အယ်ကလက်စီကိုမှာ ၄င်းတို့ကို ၄ဂိုးပြတ်နဲ့ အနိုင်ရခဲ့စဉ်က အကြီးအကျယ် အောင်ပွဲခံခဲ့တဲ့ ဘာစီလိုနာ ပရိသတ်တွေကို ထိုးနှက် တိုက်ခိုက်သွားခဲ့ပါတယ် ။

ကော်တွိုက်စ် က ” ဒါဟာ အယ်ကလက်စီကို အပြီး ဖြစ်လာတဲ့ အဓိက သော့ချက် အခိုက်အတန့်ပါ ။ တချို့တွေက အယ်ကလက်စီကို နိုင်ပွဲကို လာလီဂါ ဖလား ဆွတ်ခူးသွားသလို ၊ ကျွန်တော်တို့ရဲ့ အဆင့်အတန်းကို ရောက်လာပြီ အထင်နဲ့ အောင်ပွဲခံခဲ့ကြပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော်တို့ဟာ အေးဆေး တည်ငြိမ်စွာနဲ့ပဲ ကစားရခက်တဲ့ ဆယ်လ်တာဗီဂို ၊ အမြဲတမ်း အခက်တွေ့အောင် လုပ်နိုင်တဲ့ ဒါဘီပြိုင်ဖက် ဂီတာဖေးတို့ကို အနိုင်ရခဲ့ပါတယ် ။ လာလီဂါ ချန်ပီယံ ဖြစ်ခဲ့ခြင်းဟာ အသင်းလိုက် ကြိုးစားအားထုတ်မှုကြောင့်ပါ ။ ကျွန်တော်တို့ အားလုံး တိုက်စစ် ခံစစ် အတူတကွ ကစားကြပါတယ် ။ ”

” ဆီဗီးလားနဲ့ ပွဲက အဆုံးအဖြတ် ဖြစ်ခဲ့ပါတယ် ။ အဲဒီတုန်းက ကျွန်တော်တို့ဟာ ၂ – ၀ နဲ့ အရင် ရှုံးနိမ့်နေခဲ့ပြီး ၊ လူတိုင်းက ကျွန်တော်တို့ရဲ့ ယုံကြည်မှုတွေ မြေပေါ်ကျဆင်းသွားပြီလို့ ထင်ခဲ့ကြပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ comeback နဲ့ နိုင်ခဲ့တာက ပြိုင်ဖက် ပရိသတ်တွေကို အနည်းငယ် ရိုက်ချိုးနိုင်ခဲ့ပါတယ် ။ ”

” ဒီနေ့မှာလည်း ကျွန်တော်တို့ဟာ ကိုယ့်အလုပ်ကိုယ် ပြီးစီးအောင် လုပ်ခဲ့ရပါတယ် ။ အရာရာ က ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေ ၊ မိသားစုဝင်တွေ ၊ ပရိသတ်တွေ အတွက် အသင့်ဖြစ်နေခဲ့တာပါ ။ ကျွန်တော်တို့ ဒီနေ့ ခြေချော်မှာ မဟုတ်ဘူး ဆိုတာ သိထားပါတယ် ။ ”

” အက်စ်ပန်ညို ဟာ ပွဲအစပိုင်းလောက်မှာ ကျွန်တော်တို့ကို အခက်တွေ့စေခဲ့ပေမယ့် ၊ ထုံးစံအတိုင်း ကျွန်တော်တို့ဟာ ဒီအခြေအနေကို တည်တည်ငြိမ်ငြိမ်နဲ့ပဲ ကိုင်တွယ်ခဲ့ပါတယ် ။ အဖွင့်ဂိုး ရပြီးတဲ့နောက် အရာရာက ပိုပြီး လွယ်ကူလာခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။


ဆက်လက်ပြီး ကော်တွိုက်စ် က လာလီဂါနဲ့ မတင်းတိမ်သေးပဲ ချန်ပီယံလိဂ်မှာပါ အောင်မြင်ဖို့ မျှော်မှန်းထားကြောင်းကို ” ကျွန်တော်တို့ဟာ ကြီးကျယ်တဲ့ နှစ်တနှစ်ကို ဖြတ်သန်းထားရပြီး ၊ ချန်ပီယံလိဂ် အောင်မြင်မှုနဲ့ အဆုံးသတ်နိုင်ဖို့ မျှော်လင့်ထားပါတယ် ။ နောက်ထပ် ဖိုင်နယ် တပွဲ ကစားရဦးမလား ဆိုတာ ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်တာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR