ရှေ့နေ ငှားပြီး အင်တာမီလန်သို့ ပြန်ပြောင်းဖို့ ကြိုးစားနေတဲ့ လူကာကူ

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ နဲ့ ချဲလ်ဆီးသို့ ရောက်လာခဲ့တဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူရဲ့ အိမ်ပြန်ခရီး ဟာ ထင်ထားသလို ဇာတ်လမ်း မလှခဲ့ပါဘူး ။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အလယ်လောက်မှာ ထွက်ခဲ့တဲ့ Sky Italia သတင်းဌာနနဲ့ စိတ်ပျက်ဖွယ် အင်တာဗျူး အပြီးမှာ လူကာကူနဲ့ ချဲလ်ဆီး အသင်း ၊ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ်နဲ့ ကစားသမား အချို့ ၊ ပရိသတ်တွေ အကြား ဆက်ဆံရေး ဟာ ရာသီကုန်တဲ့အထိ လုံးဝနီးပါး အစပ်မတည့်တော့တာကို မြင်တွေ့ခဲ့ရပါတယ် ။

တူချယ်ရဲ့ နည်းစနစ်ဟာ လူကာကူနဲ့ အံဝင်မှု မရှိခဲ့ပဲ ၊ ဒါဟာ ကစားသမား ကိုယ်တိုင်က ကြိုးစားလိုစိတ် မရှိတာကြောင့်လည်း ဖြစ်နိုင်သလို ၊ နည်းပြဖက်ကလည်း ယင်းအင်တာဗျူး အပြီးမှာ ၄င်းအပေါ် ရာနှုန်းပြည့် ကြည်ဖြူမှု မရှိတော့ကြောင့်လည်း ဖြစ်နိုင်ပါတယ် ။

ဘယ်လိုပဲဖြစ်ဖြစ် လူကာကူရဲ့ အိမ်ပြန်ခရီး အိပ်မက် ဟာ ဒီလောက်နဲ့ပဲ အဆုံးသတ်ဖို့ ဖြစ်လာတော့မယ့်ပုံ ပေါ်နေကာ ၊ Goal သတင်းဌာနရဲ့ ချဲလ်ဆီး ဂျာနယ်လစ် နစ်ဇာ ကင်ဆဲလာရဲ့ အဆိုအရ လူကာကူ ဟာ အင်တာမီလန်သို့ ပြန်ပြောင်းနိုင်ဖို့ အတွက် ရှေ့နေ တဦး စေလွှတ်ကာ စောင့်ကြည့်ခိုင်းထားတယ်လို့ သိရပါတယ် ။

အသက် ၂၉ နှစ် အရွယ် လူကာကူရဲ့ တပတ်လုပ်ခဟာ ပေါင် ၃၂၅၀၀၀ အထိ ရှိနေသလို ၊ ချဲလ်ဆီးဖက်ကလည်း ဝယ်စျေး သန်း၁၀၀ အထိ ပြန်မတောင်းရင်တောင်မှ တဝက်စျေးနဲ့ ပြန်လွှတ်ဖို့ အခက်တွေ့နေပါတယ် ။ အင်တာဖက်ကလည်း လူကာကူရဲ့ လစာကို ပေးချေခဲ့မယ် ဆိုရင်တောင် အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ အဆင်မပြေနေပါဘူး ။

ယနေ့ အီတလီနဲ့ အင်္ဂလိပ် မီဒီယာ အကြား ထွက်ပေါ်နေတဲ့ ကောလဟလတွေ အရ အင်တာမီလန် ဟာ လူကာကူကို လိုလိုလားလား ပြန်ခေါ်ချင်ပေမယ့် ၊ စရိတ် အရမ်း မြင့်မားနေတာကြောင့် ကစားသမားဖက်က လစာ ၄၀ ရာခိုင်နှုန်း လျှော့ယူပေးဖို့ အလိုရှိနေကြောင်း သိရပါတယ် ။

ဒါ့အပြင် ချဲလ်ဆီးဖက်ကလည်း လူကာကူကို အင်တာမီလန် က တောင်းဆိုမယ့် ပုံစံ ဖြစ်တဲ့ တနှစ် အငှား + ယူရိုသန်း ၆၀နဲ့ အပြီးသတ် ဝယ်ယူခွင့် ပုံစံကို လိုက်လျောပေးဖို့ များနေကြောင်း အီတလီဖက်က လာတဲ့ သတင်းတွေ အရ သိရပါတယ် ။ အင်တာမီလန် ဟာ လာမယ့် ရာသီ လူကာကူကို အငှား ခေါ်ယူမယ်ဆိုရင် ချဲလ်ဆီးဖက်ကို ယူရို ၁၂သန်း ပေးချရဖွယ် ရှိနေပါတယ် ။

တဖက်မှာ ချဲလ်ဆီး အသင်းဟာ မနေ့ကပဲ ပိုင်ရှင်သစ် အလွှဲအပြောင်း ရာနှုန်းပြည့် ပြီးစီးခဲ့ပေမယ့် ၊ ပိုင်ရှင်သစ်တွေ ဖြစ်ကြတဲ့ တော့ဒ်ဘိုလီနဲ့ အမေရိကန် စီးပွားရေး ရှယ်ယာစု ဟာ အပြောင်းအရွှေ့ အစီအစဉ်နဲ့ ပေါ်လစီ အတိအကျ မထုတ်ပြန်ရသေးကြောင်း ယင်း Goal သတင်းကပဲ ဖော်ပြခဲ့ပါတယ် ။

ယခု တပတ် အတွင်း အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေကို ချဲလ်ဆီး ဘုတ်အဖွဲ့မှ စတင် စီစဉ်သွားဖို့ မျှော်မှန်းရပါတယ် ။ တိုက်စစ်မှာ ချဲလ်ဆီး ဟာ လူကာကူ အပြင် အနာဂတ် မသေချာနေတဲ့ တီမို ဗာနာ ၊ ခရစ်တီယန် ပူလီဆစ် ၊ ဟာကင် ဇီယက်ခ်ျတို့ကိုလည်း အပြောင်းအရွှေ့ အတွက် လမ်းဖွင့်ပေးထားပါတယ် ။

တိုက်စစ်ပိုင်း အားပြန်ဖြည့်ဖို့ကိုတော့ ချဲလ်ဆီး ဟာ ဘိုင်ယန်မြူးနစ်နဲ့ လမ်းခွဲချင်နေတဲ့ ရောဘတ် လီဝမ်ဒေါစကီး ၊ အသင်းဟောင်း ပီအက်စ်ဂျီကို ပြန်ပြောင်းချင်နေတဲ့ လိုက်ပ်ဇစ် ကြယ်ပွင့် ခရစ်တိုဖာ အမ်ကမ်ကူ ၊ မန်စီးတီးနဲ့ တနှစ်သာ စာချုပ်ကျန်တော့တဲ့ ရာဟင်း စတာလင်တို့ကို စောင့်ကြည့်လျက်ရှိပါတယ် ။

တဖက်မှာ ဆောက်သမ်တန်သို့ တရာသီ အငှားထွက်ပြီး ခြေစွမ်းပြထားတဲ့ ကော့ဘ်ဟမ်း အကယ်ဒမီထွက် အယ်လ်ဘေးနီးယား ကြယ်ပွင့် တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာ ဟာ လာမယ့် အမေရိကန် ခြေစမ်းခရီးစဉ်မှာ တူချယ်ကို အထင်ကြီးအောင် စွမ်းဆောင်ပြနိုင်ခဲ့ရင် ၊ ပထမ အသင်းမှာ နေရာ တနေရာ ရလာဖွယ် ရှိနေပါတယ် ။

SPORTS MYANMAR