‘ ရီးရဲလ်မက်ဒရစ်မှာ ခွန်အား ၊ စွန့်လွှတ်စတေးမှု ၊ ကံတရား အရာအားလုံး ရှိပါတယ် ‘ အန်ဆယ်လော့တီ

 

မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ လက်ကျန် တပွဲ အဖြစ် ဘာနေဗျူးကွင်းမှာ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရာ ၊ အိမ်ရှင်တို့ ထုံးစံအတိုင်း အနောက်ကနေ လိုက်ကစားပြီးမှ ၊ ၃ – ၁ နဲ့ အနိုင်ရကာ ၊ ၂ကျော့ပေါင်း ရလဒ် ၆ – ၅ နဲ့ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ပါတယ် ။

ပထမအကျော့ အီတီဟတ်မှာ ၄ – ၃ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် Los Blancos တို့ဟာ ဘာနေဗျူးမှာ ဦးဆောင်ဂိုး အရင် ရဖို့ လိုအပ်ခဲ့ပေမယ့် ၊ တကယ်တမ်း ပွဲကို အရင် ဦးဆောင်နိုင်ခဲ့တာ က ဧည့်သည် မန်စီးတီး ဖြစ်ပြီး ၊ တောင်ပံ ကစားသမား ရီယက်ဒ် မာရက်ဇ် က ပွဲချိန် ၇၃ မိနစ်မှာ အဆုံးသတ် သွင်းယူပေးခဲ့ပါတယ် ။

မိနစ် ၉၀ ရောက်ခါနီး အချိန် အထိ မန်စီးတီး ဟာ ၂ကျော့ပေါင်း ရလဒ် ၅ – ၃ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ၊ နာကျင်အချိန်ပို ၆မိနစ် အဝင် ၂မိနစ် အတွင်းမှာ လူစားဝင် တောင်ပံ ကစားသမား ရိုဒရိုင်ဂိုရဲ့ ရှေ့ဆင့်နောက်ဆင့် သွင်းဂိုးတွေကို မထင်မှတ်ပဲ ခွင့်ပြုခဲ့ရလို့ ၊ သရေဖြစ်ခဲ့ပါတယ် ။

ထို့နောက် အချိန်ပို ၁၅မိနစ်စီ ဆက်ကစားရာမှာ ၅မိနစ် အတွင်းမှာပဲ အိမ်ရှင်ဖက်က ပင်နယ်တီ ရခဲ့ပြီး ၊ ထုံးစံအတိုင်း ဒီရာသီ Top scorer ကာရင် ဘန်ဇီမာကပဲ အမှားအယွင်းမရှိ အဆုံးသတ်ခဲ့ပါတယ် ။ လက်ကျန် ပွဲချိန်တွေမှာတော့ ရီးရဲလ်တို့ ခံစစ်ကို အတတ်နိုင်ဆုံး ကျစ်လျစ်အောင် တည်ဆောက်ပြီး ၊ ဒီရလဒ်ကို ပွဲပြီးတဲ့အထိ ထိန်းသိမ်းနိုင်ခဲ့ပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီ က ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ တလျှောက် ရေပန်းအစားဆုံး ကလပ်တွေကို ဖြုတ်ချနိုင်ခဲ့ခြင်း ဟာ ၄င်းတို့မှာ ခြေစွမ်း ၊ ကံတရား အရာရာ ရှိနေခြင်းကို ဖော်ပြနေကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ် ။

 

အန်ဆယ်လော့တီ က ” လူတိုင်းက ပွဲပြီးသွားပြီလို့ ထင်ကြတဲ့အချိန် ၊ ဒါက ကိုယ့်ရဲ့ ကောင်းမွန်တဲ့ ပေါင်းစပ်မှု လုံလောက်ပါတယ် ။ ကျွန်တော်တို့ဟာ အဲလိုအချိန်မျိုးမှာ ရှိတဲ့ ခွန်အား အားလုံး စိုက်ထုတ် ပေးဆပ်တာပါ ။ ဒီလို အနောက်ကနေ ကစားပြီးမှ နောက်ကျဂိုးတွေနဲ့ နိုင်ဖို့ ဆိုတာကလည်း ကံတရား လိုပါတယ် ။ ”

” မန်စီးတီး ဟာ အရမ်း ခက်ခဲတဲ့ ပြိုင်ဖက် အသင်း ဖြစ်ပေမယ့် ၊ ကျွန်တော်တို့ အသင်းဟာ ဘယ်တော့မှ အရှုံးမပေးတတ်ပါဘူး ။ ကျွန်တော်တို့မှာ ခွန်အား ၊ စွန့်လွှတ်စတေးမှု ၊ ကံတရား စတဲ့ အရာ အားလုံး ရှိနေပါတယ် ။ ဒါဟာ အကြိတ်အနယ် ရှိပြီး ၊ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲတပွဲ ဖြစ်သလို ၊ ဒီနေ့မှာ ကျွန်တော်တို့ရဲ့ ကစားပုံလည်း ကောင်းခဲ့ပါတယ် ။ ”

” ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကျွန်တော်တို့ အသင်းထံကို ထူးဆန်းတဲ့ တစုံတရာ လွှမ်းမိုးမှု တခုခု ရောက်နေတယ်လို့ ခံစားရပါတယ် ။ ကျွန်တော်တို့ဟာ ရှုံးထွက်အဆင့်တွေမှာ အရမ်း အင်အား တောင့်တင်းတဲ့ ပြိုင်ဖက်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ၊ သူတို့ အားလုံးဟာ ကျွန်တော်တို့ထက် ဖေးဘရိတ် ပိုဖြစ်ကြတဲ့ အသင်းတွေ ဖြစ်ကြပါတယ် ။ ”

 

” ကစားသမားတွေ ၊ ပရိသတ်တွေကို အဓိက ချီးကျူးရမှာ ဖြစ်ပြီး ၊ သူတို့တွေဟာ အချိန်တိုင်း မဆုတ်မနစ် တွန်းအားပေးကြတာပါ ။ ဒီကလပ်ရဲ့ အရှိန်အဝါနဲ့ ဒီဂျာစီရဲ့ လေးနက်မှုကလည်း ဒီလို အောင်ပွဲတွေရဲ့ တစိတ်တပိုင်းမှာ ပါဝင်တာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

 

SPORTS MYAMMAR