ရီးရဲယ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ လီဗာပူး အတွက် အနိုင်ဂိုးသွင်းပေးစေချင်တဲ့ သူကို ပြောပြလိုက်တဲ့ ၈၁ ဖိုင်နယ်ဟီးရိုး ကနေဒီ

အလန်ကနေဒီဟာ လီဗာပူး အသင်းအတွက် European Cup Final နှစ်ခုမှာ အနိုင်ဂိုးကို သွင်းပေးခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် ကလပ်မှာ သမိုင်းရေးထိုးထားခဲ့သူ ဖြစ်ပါတယ်။ ကနေဒီဟာ လီဗာပူးအတွက် ၃၅၉ ပွဲ ကစားပေးခဲ့ကာ ဘယ်နောက်ခံလူ နေရာကနေ ၃၂ ဂိုး သွင်းကာ ၃၂ ဂိုး ဖန်တီးမှု လုပ်ပေးခဲ့ပြီး ယနေ့ည ပဲရစ်မှာ ဥရောပဖလားကို ၇ ကြိမ်မြောက် ဆွတ်ခူးဖို့ ကြိုးစားသွားမယ့် သူ့ရဲ့အသင်းဟောင်း လီဗာပူးကို လာရောက်အားပေးမှာ ဖြစ်ပါတယ်။

ဒီဖိုင်နယ်ဟာ ပဲရစ်မှာ ဖြစ်နေတဲ့ အပြင် ပြိုင်ဘက်ကလည်း ရီးရဲယ်မက်ဒရစ် ဖြစ်နေတာကြောင့် ဒါဟာ ကနေဒီကို အမှတ်တရတွေ ပြန်လည် သတိရစေခဲ့ပါတယ်။ ကနေဒီဟာ လွန်ခဲ့တဲ့ ၁၉၈၁ ခုနှစ် ပဲရစ်မှာ ကျင်းပခဲ့တဲ့ European Cup ဖိုင်နယ်မှာ လီဗာပူးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူကာ ရီးရဲယ်မက်ဒရစ်ကို ရှုံးနိမ့်စေခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ ယနေ့ည ဖိုင်နယ် မတိုင်မီ ကနေဒီက ဒီတစ်ကြိမ် ရီးရဲယ်မက်ဒရစ် ပွဲစဉ်မှာ လီဗာပူးရဲ့ ဘယ်ကစားသမားကို အနိုင်ဂိုးသွင်းစေချင်သလဲဆိုတာ ပြောပြလိုက်ပါတယ်။

ကနေဒီက “ကျွန်တော်ကတော့ ရော်ဘို (ရောဘတ်ဆန်) ကို ပဲရစ်မှာ အနိုင်ဂိုးသွင်းယူတာကို တအား မြင်ချင်ပါတယ်။ ဒါဟာ တကယ့်ကို စပယ်ရှယ် ဖြစ်လာမှာပါ။ ဘယ်နောက်ခံလူတွေဟာ တစ်ခါတစ်ရံ ထိုက်သင့်တဲ့ ချီးကျူးမှုတွေ မရဘဲ အန်ဒီဟာ ဒီလို ကစားသမားတွေ ထဲမှာ ထိပ်ဆုံးကနေ ပါ၀င်ပါတယ်။ ကျွန်တော်နဲ့ လီဗာပူး ပရိတ်သတ်တွေကတော့ သူ့ကို တအား တန်ဖိုးထားပါတယ်။ သူဟာ အက်ဖ်အေဖလား ဖိုင်နယ်မှာ ကံဆိုးစွာနဲ့ အနိုင်ဂိုး မသွင်းနိုင်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ပိတ်သွင်းမှုဟာ ခြေသလုံးနဲ့ထိကာ ဂိုးတိုင်ထိထွက်သွားခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ပြိုင်ဘက်ရဲ့ ပင်နယ်တီ ဧရိယာထဲထိ လိုက်ကာ တိုက်စစ်ကို ပံ့ပိုးပေးနေခဲ့ပြီး နေရာကောင်းမှာ ရှိနေအောင် လုပ်ပါတယ်။ အဲဗာတန်နဲ့ မကြာသေးမီက ကစားခဲ့တဲ့ ဒါဘီပွဲစဉ်မှာ သူဟာ အရေးပါတဲ့ ဂိုးကို သွင်းယူခဲ့တာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ ခေတ်က ကစားသမားတွေဟာ ဒီခေတ်ကစားသမားတွေ အနည်းငယ် လောဘကြီးတက်ပါတယ်။ ဒီနေ့ ကစားသမားတွေကတော့ ကျွန်တော်တို့ ခေတ်ကထက် ရွေးချယ်စရာ ပိုများပါတယ်။ ရော်ဘိုရဲ့ အချိန်ဟာ ရောက်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်နေပါတယ်။ ရီးရဲယ်မက်ဒရစ်နဲ့ ပဲရစ်မှာ ကစားမယ့် ပွဲစဉ်လည်း ဖြစ်သွားနိုင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ကနေဒီက လီဗာပူး အသင်းအနေနဲ့ ယနေ့ညမှာ လွန်ခဲ့တဲ့ ၁၉၈၁ ခုနှစ် ပဲရစ်ဖိုင်နယ်ကလိုမျိုး ထပ်ဖြစ်လာဖို့ မျှော်လင့်မိတယ်လို့ ဆိုလိုက်ပါတယ်။

လီဗာပူး ဂန္တ၀င်က “ဘာကိုမှ အပိုင်ပြောသွားလို့ မရနိုင်ဘူး မဟုတ်လား? ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က ဒါဟာ မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် all-English final ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ထားခဲ့တာပါ။ ရီးရဲယ်မက်ဒရစ်ဟာ မန်စီးတီးနဲ့ပွဲမှာ တအားကို ကောင်းခဲ့ကာ ဖိုင်နယ်ကို တက်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒါဟာ လွယ်ကူတဲ့ပွဲတော့ မဟုတ်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်ဟာ လီဗာပူးအတွက် ကစားပေးခဲ့တဲ့ အချိန်တုန်းက အရမ်းကို ကောင်းလှတဲ့ အခိုက်အတန့်တွေ ရရှိခဲ့တာ ကံကောင်းလှပါတယ်။ ၁၉၈၁ ခုနှစ်က အနိုင်ဂိုးကတော့ ထိပ်ဆုံးမှာ ရှိနေမှာပါ။

ကျွန်တော်တို့ ကွင်းထဲကို ခြေချလိုက်တဲ့ အချိန်တိုင်း နိုင်ပွဲအတွက်ပဲ ကစားပါတယ်။ ဒါ့အပြင် ဖျော်ဖြေမှုအနည်းငယ် ပေးဖို့ လိုအပ်တယ်ဆိုရင်လည်း ကျွန်တော်တို့ ကွင်းထဲမှာ လုပ်ပြနိုင်ပါတယ်။ ဘောလုံးရဲ့ အရေးကြီးဆုံး အရာကတော့ နိုင်ဖို့ပါပဲ။ ဘယ်သူပဲ အနိုင်ဂိုး သွင်းသည် ဖြစ်စေ ကျွန်တော်တို့ အနိုင်ရဖို့က အဓိကပါပဲ။” လို့ ပြောသွားပါတယ်။

SM