ရီးယဲလ်မက်ဒရစ် Vs မန်စီးတီး ပွဲမှာ ဘယ်အသင်း ဗိုလ်လုပွဲ တက်သွားမလဲဆိုတာ ခန့်မှန်းလိုက်တဲ့ အာဆင်ဝင်းဂါး

 

အာဆင်ဝင်းဂါး က မန်စီးတီး အသင်းဟာ ရီးယဲလ်မက်ဒရစ် အသင်းကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲ တက်ရောက်သွားလိမ့်မယ်လို့ ခန့်မှန်း လိုက်ပါတယ် ။ ဒါပေမယ့်လည်း မန်စီးတီး အသင်းဟာ ဝေါလ်ကာ မပါနိုင်ရင် အနည်းငယ် အားလျော့နေနိုင်တယ်လို့ ဆိုပါတယ် ။

 

မန်စီးတီး အသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ပထမအကျော့မှာ ရီးယဲလ် မက်ဒရစ် အသင်းကို ၄-၃ နဲ့ အနိုင် ရခဲ့ပါတယ် ။ ဝေါလ်ကာ ဟာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ရီးယဲလ်မက်ဒရစ် နဲ့ ပထမအကျော့ပွဲကို လွဲချော် ခဲ့ရတာ ဖြစ်ပါတယ် ။

ဝေါလ်ကာ ဟာ ဒီတစ်ပတ် အင်္ဂါနေ့မှာတော့ မန်စီးတီး အသင်း နဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေနိုင်ပြီ ဖြစ်ပြီး မက်ဒရစ် ကို လိုက်ပါ သွားခဲ့ပါတယ် ။ ဝင်းဂါး ကတော့ ဝေါလ်ကာ မပါနိုင်ရင် မန်စီးတီး အသင်း အားလျော့နေနိုင်ပေမယ့် မန်စီးတီး အသင်းဟာ ပိုကောင်းတဲ့ အသင်း ဖြစ်ကြောင်း သုံးသပ် ပြောကြား လိုက်ပါတယ် ။

beIN Sportsတွင် ရီးယဲလ်မက်ဒရစ် Vs မန်စီးတီး ပွဲမှာ ဘယ်အသင်းက ပိုအလေးသာသလဲ ဆိုတဲ့ မေးခွန်းကို ဂန်းနား ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါးက ” စီးတီးပေါ့ဗျာ ၊ သူတို့က ပိုကောင်းတဲ့ အသင်း ဖြစ်ပါတယ် ။ ”

” စီးတီး နဲ့ ပတ်သက်ပြီး တစ်ခုတည်းသော ပြောစရာ ရှိတာက ဝေါလ်ကာ သာ ခံစစ်မှာ မကစားနိုင်ရင် အားနည်းချက် ရှိတာပါပဲ ။ သူတို့ရဲ့ ခံစစ်မှာ ကန်ဆယ်လို နဲ့ ဝေါလ်ကာ သာရှိရင် တစ်ဖက်ရဲ့ပေးပို့မှုတွေကို ကောင်းကောင်း ရင်ဆိုင် နိုင်ပါတယ် ။ ဝေါလ်ကာ သာ မရှိရင် သူတို့က လျော့တိလျော့ရဲ နိုင်ပါတယ် ။ ” လို့ ဆိုပါတယ် ။

ဆက်လက်ပြီး အာဆင်ဝင်းဂါး က ရီးယဲလ်မက်ဒရစ် အသင်း နဲ့ ပတ်သက်ပြီးလည်း ” ရီးယဲလ် မက်ဒရစ် ခံစစ် က ပုံမှန်ပါပဲ ၊ ဒါမှ မဟုတ်ရင် လက်စွမ်း အင်မတန်ကောင်းတဲ့ ဂိုးသမား နဲ့ သာမန် ခံစစ်လို့ပြောရမှာပါ ။ သူတို့မှာ လိမ်မာပါးနပ်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ် နိုင်တဲ့ စွမ်းရည်ပြည့် ကွင်းလယ်လူတွေ ရှိပါတယ် ။ ”

” ဒါပေမယ့် သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက အရင်ကလောက် မကောင်းတော့ပါဘူး ။ နောက်ပြီး သူတို့မှာ တိုက်စစ်မှူး ၂ ဦး ရှိပါတယ် ၊ တစ်ယောက်က ခင်ဗျားတို့ ဖြစ်ချင်တဲ့အရာတွေကို လုပ်ပေးနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူ့ရဲ့ဘောလုံးထိချက်တိုင်းက ဘောလုံးကို ချစ်မြတ်နိုးသူတိုင်းအတွ​က် အိပ်မက်ပါပဲ ။ ဗင်နီးရှပ် ကတော့ တစ်ကိုယ်တော်စွမ်းရည်နဲ့ တစ်စုံတစ်ခုကို ဖန်တီးနိုင်စွမ်း ရှိသူပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM