ရိုးမားကို ကွန်းဖရန့်လိဂ်ဖိုင်နယ်သို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ၊ လက်စတာကို ၄င်းတို့ အနိုင်ရစေခဲ့တဲ့ အချက် တချက်ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ တမ်မီ အေဘရာဟမ်

မနေ့ည က ကစားခဲ့တဲ့ ယူရိုပါ ကွန်းဖရန့်လိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲတပွဲမှာ ရိုးမား အသင်း ဟာ လက်စတာ အသင်းကို အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အတူ အနိုင်ရကာ ၊ ၂ကျော့ပေါင်း ရလဒ် ၂ – ၁ နဲ့ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ပထမအကျော့ ကင်းပါဝါကွင်းမှာ တဖက် တဂိုးစီ သရေကျခဲ့တာကြောင့် ၊ အိမ်ရှင် ရိုးမားတို့ဟာ ဒီအကျော့ကို စောစောစီးစီး ဦးဆောင်နိုင်ဖို့ လိုအပ်ခဲ့ပြီး ၊ ပွဲချိန် ၁၁ မိနစ်မှာတင် ထောင့်ကန်ဘောကတဆင့် အေဘရာဟမ် က ခေါင်းတိုက် အဆုံးသတ်ပေးနိုင်ခဲ့ပါတယ် ။

ကျန်တဲ့ ပွဲချိန် တလျှောက်မှာ ဟိုဆေး မော်ရင်ဟိုရဲ့ ရိုးမား ဟာ ခံစစ် လုံခြုံရေးကို အဓိက ဦးစားပေးခဲ့ပြီး ၊ မျှော်မှန်းထားသလိုလည်း ပွဲထိန်းနိုင်ခဲ့ပါတယ် ။ ဒါဟာ ရိုးမား အသင်း အတွက် ၁၉၉၀ – ၁၉၉၁ ဘောလုံးရာသီ နောက်ပိုင်း ပထမဆုံး အကြိမ် ဥရောပ ပြိုင်ပွဲ ဗိုလ်လုပွဲသို့ ပြန်လည် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ် ။

ပွဲအပြီး BT Sport ရုပ်သံဌာနနဲ့ တွေ့ဆုံခဲ့ရာမှာတော့ အေဘရာဟမ် က ကွင်းတွင်းရှိ ရိုးမား ပရိသတ်တွေဟာ လက်စတာကို ၄င်းတို့ အနိုင်ရစေဖို့ အဓိက အကြောင်းအရင်း ဖြစ်ကြောင်း အခုလိုပဲ ဖွင့်ဟ ပြောဆိုခဲ့ပါတယ် ။

အေဘရာဟမ် က ” ပွဲမစခင်ကတည်းက ပရိသတ်တွေဟာ ကျွန်တော်တို့ အတွက် နိုင်ပွဲကို ယူဆောင်ပေးခဲ့ပြီးသား ဖြစ်ပါတယ် ။ သွေးပူ လေ့ကျင့်ခန်း ဆင်းနေတဲ့ တလျှောက် ကျွန်တော်တို့ဟာ သူတို့ရဲ့ အားပေးသံတွေကို ကြားခဲ့ရတာပါ ။ ကွင်းတွင်းတောင် မရောက်ပဲနဲ့ ဒါကို ကျွန်တော်တို့ ကြားခဲ့ရတာ ဖြစ်ပါတယ် ။ ”

” ဒီည နိုင်ပွဲဟာ ပရိသတ်တွေနဲ့ အသင်း အတွက် ဖြစ်ပါတယ် ။ ကျွန်တော်တို့ ဖိုင်နယ်မှာ ဗိုလ်စွဲနိုင်ဖို့ကိုလည်း မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး အေဘရာဟမ် က ဗိုလ်လုပွဲသို့ ပို့ပေးနိုင်ခဲ့တဲ့ သူ့ရဲ့ တလုံးတည်းသော သွင်းဂိုး အကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

အေဘရာဟမ် က ” ကျွန်တော့ အလုပ်က ပင်နယ်တီ ဧရိယာ တဝိုက်မှာ မနားတမ်း ပြေးလွှား ကစားနေဖို့ ဖြစ်ပါတယ် ။ ဒါဟာ ကျွန်တော့ရဲ့ တိုက်စစ်မှူး ပုံစံ ဖြစ်ပါတယ် ။ အခွင့်အရေး တခုခု ကြုံလာတဲ့အခါတိုင်း ၊ အကောင်းဆုံး အသုံးချနိုင်ဖို့ ကျွန်တော် အမြဲ ကြိုးစားပါတယ် ။ ”

” ကျွန်တော်ဟာ ခေါင်းတိုက် ဂိုးသွင်းတဲ့ နေရာမှာ အကောင်းဆုံး မဟုတ်ပေမယ့် ၊ ဒီနေ့မှာ လှပ သေသပ်တဲ့ ခေါင်းတိုက်ဂိုး သွင်းယူနိုင်ခဲ့ပါတယ် ။ ဒါက နည်းနည်းတော့ အံံ့သြစရာ ကောင်းခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်တော့ကို marking ဘယ်သူကပ်တယ် ဆိုတာက အဓိက မဟုတ်ပါဘူး ။ ”

” ခုနက ပြောခဲ့သလို ၊ ဂိုးသွင်းခွင့် တခုခု ကြုံလာတာနဲ့ ကျွန်တော့ဖက်က အကောင်းဆုံး အဆုံးသတ်ဖို့ ကြိုးစားမှာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ နောက်ဆုံးမှာတော့ အေဘရာဟမ် က ရိုးမား အပေါ် မော်ရင်ဟိုရဲ့ လွှမ်းမိုးမှု ဘယ်လောက်ထိ ရှိလဲ ဆိုတာ အခုလိုပဲ ချီးကျူး ပြောဆိုခဲ့ပါတယ် ။

အေဘရာဟမ် က ” ဒီနေ့မှာ ကျွန်တော်ရော အသင်းဖော်တွေပါ အပြည့်အဝ ကြိုးစားခဲ့ကြပါတယ် ။ ခင်ဗျားဟာ ဒီလိုပွဲမျိုးမှာ အရာရာ ပေးဆပ်ဖို့ လိုပါတယ် ။ ပွဲပြီးခါနီး နောက်ဆုံး မိနစ် အနည်းငယ်မှာ ကျွန်တော်ဆို အသက်တောင် ဝဝမရှုရဲပါဘူး ။ ဟိုဆေးကတော့ ကျွန်တော့ကို ဒီအတိုင်း ရှေ့ဆက် ကြိုးစားဖို့ ပြောပါတယ် ။ ”

” သူဟာ ရိုးမား အသင်းကို ဘယ်လောက်ထိ ကွာခြားမှု ရှိအောင် ၊ တိုးတက်အောင် လုပ်ပြထားတယ် ဆိုတာ ကျွန်တော်ရော ခင်ဗျားတို့ရော မြင်တွေ့ထားပြီးပါပြီ ။ ဒီရာသီ အစပိုင်းတုန်းက ကျွန်တော် ပြောခဲ့ဖူးသလို ၊ ဒီ ဖြစ်စဉ် အတွက် အချိန် အတိုင်းအတာ တခု လိုအပ်ကောင်း လိုအပ်ခဲ့ပါတယ် ။ ”

” ဒါပေမယ့် တယောက် အကြောင်း တယောက် သေသေချာချာ နားလည်လိုက်နိုင်တဲ့ အပြီးမှာ ကြိုးစားခဲ့တာတွေ စပြီး အရာထင်လာပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR