ရယူခြင်းတွေ နဲ့ အတူ ပေးဆပ်မှုတွေ ရှိလာတဲ့ ယာဂန် ကလော့ပ် ရဲ့ လီဗာပူး

အင်္ဂလန် ဘောလုံးသမိုင်းကြောင်း တစ်လျှောက် ဖလား 4 လုံး အိပ်မက် ကို လီဗာပူး လောက် အချိန်တွေ အကြာကြီး ဆွဲဆန့်ပြနိုင်တဲ့ အသင်းမျိုး တစ်ကြိမ် တစ်ခါမှ ပေါ်ပေါက်ခဲ့ခြင်း မရှိသေးပါဘူး။ ဒါ့အပြင် ကာရာဘောင် ဖလား ၊ ချန်ပီယံလိဂ် ဖလား နဲ့ အက်ဖ်အေ ဖလား အကြို ဗိုလ်လုပွဲတွေ ကို တစ်ပြိုင်နက် တက်ရောင်အောင် စွမ်းဆောင်ပြနိုင်တာ ကလဲ လီဗာပူး က ပထမဆုံး ဖြစ်ပြီး ၊ ဘောလုံး နည်းပြတွေ ထဲက ဆိုရင် ယာဂန် ကလော့ပ် က ပထမဆုံး အကြိမ် စွမ်းဆောင်ပြလိုက်တာ ဖြစ်ပါတယ်။

“ရယူခြင်းတွေ ရှိရင် ၊ ပေးဆပ်မှုတွေလဲ ရှိရတယ်” ဆိုတဲ့ စကားဆို အတိုင်း လီဗာပူး ဟာ သူတို့ရဲ့ တိုက်ပွဲဝင် စိတ်ဓါတ်တွေကို အမြင့်ဆုံး အထိ လွှင့်တင်ပြပြီးနောက်ပိုင်းမှာတော့ ပေးဆပ်မှုတွေက တဖြေးဖြေး ပိုများလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြလ အတွင်း အနီးကပ် ပြိုင်ဘက် မန်စီးတီး နဲ့ 2 ပွဲ ၊ မဟာ ပြိုင်ဘက် ယူနိုက်တက် ၊ မြို့ခံပြိုင်ဘက် အဲဗာတန် ၊ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ၊ ဆီမီးဖိုင်တယ် ပွဲစဉ်တွေ အပါအဝင် 9 ပွဲ ဆက်တိုက် ကစားခဲ့ရတဲ့ လီဗာပူး ဟာ ပွဲပန်းဒဏ်တွေ တဖြေးဖြေး နဲ့ စတင်ခံစားလာနေရပါပြီ။

လက်ရှိ အချိန်ထိ လီဗာပူး ဟာ ဒီရာသီ ပြိုင်ပွဲပေါင်းစုံ 59 ပွဲ အထိ ကစားရထားရသလို ၊ ပရီးမီးယားလိဂ် အသင်းတွေထဲမှာ ပွဲအရေအတွက် အများဆုံး ကစားရတဲ့ မှတ်တမ်းမျိုး ဖြစ်ပြီး ၊ အဲဒီ ပမာဏ အထိ ကစားပေးသည့်တိုင်အောင် ရှုံးပွဲက 3 ပွဲသာ ကြုံခဲ့ရပါတယ်။

နိုင်ငံ့ လက်ရွေးစင် ပွဲစဉ်တွေ သွားရောက် ကစားလိုက် ၊ ကလပ် အသင်းအတွက်လဲ အစွမ်းကုန် တိုက်ပွဲဝင်နေလိုက် လုပ်နေရတဲ့ ကစားသမားတွေ အနေနဲ့လဲ ပွဲပင်ပန်းမှုက မချောင်ပါဘူး။ ဒီကြားထဲမှာ ဖလား 4 လုံး မျှော်လင့်ချက် ဆိုတဲ့ ဖိအားတွေကြောင့် စိတ်ရော ကိုယ်ပါ ပင်ပန်းလွန်းကြပါတယ်။

အထင်ရှားဆုံး ကတော့ အိမ်ကွင်းမှာ စပါးကို လက်ခံ ကစားခဲ့ရတဲ့ ပွဲဖြစ်ပြီး ဘောလုံး ပိုင်ဆိုင်မှု အသာစီးယူပြီး ကစားပြသည့်တိုင်အောင် သရေ ရလာဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒီရလာဒ်ကြောင့် လီဗာပူး ရဲ့ ပရီးမီးယားလိဂ် ဖလား မျှော်လင့်ချက်လဲ အနည်းငယ် ဝေးကွာ သွားခဲ့ရသလို ၊ ဖလား 4 လုံး စလုံးကို တပြိုင်နက် ပစ်မှတ်ထားဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စမျိုး မဟုတ်တာ ပိုပြီး ထင်ရှားလာပါတယ်။

ဧပြီလ အတွင်း 4 ပွဲသာ ကစားရတဲ့ အသင်းနဲ့ 9 ပွဲ အထိ ကစားခဲ့ရတဲ့ အသင်းတို့အကြား ကစားသမား လန်းဆန်းမှုက တော်တော်ကို ကွာဟချက် ကြီးမားလွန်းခဲ့ပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ 3 ပွဲ ကို ကြည့်လိုက်မယ် ဆိုရင် လီဗာပူး ဟာ သူတို့ကပဲ ဦးဆောင်ဂိုးတွေ ခွင့်ပြုထားရပါတယ်။ ဒါ့အပြင် အက်စ်တွန် ဗီလာ နဲ့ ကစားခဲ့တဲ့ ပွဲမှာ ကွင်းလယ်က အားထားရတဲ့ ဖာဘင်ဟို က တံကောက်ကြော ဒဏ်ရာ ရရှိသွားလို့ ၊ အနည်းဆုံး 3 ပွဲ ဆက်တိုက် လွဲချော်ဖို့ သေချာသွားခဲ့ပါပြီ။

ဒီသတင်းကြောင့် ချဲဆီး နဲ့ ကစားမယ့် အက်ဖ်အေ ဖလား ဗိုလ်လုပွဲကို သေချာပေါက် ပါဝင်နိုင်ခြင်း ရှိတော့မှာ မဟုတ်သလို ၊ လီဗာပူး အတွက်တော့ နှစ်ပတ် ဆက်တိုက် ဆုံးရှုံးနစ်နာမှုတွေ ပေါ်ပေါက်လာခဲ့တာလဲ ဖြစ်ပါတယ်။

လီဗာပူး ဟာ ဒီရာသီမှာ ချဲဆီး နဲ့ 3 ကြိမ် အထိ ရင်ဆိုင် ကစားခဲ့ဖူးပြီး ၊ စုစုပေါင်း မီးနစ် 300 ဝန်းကျင် အထိ ကစားပြီးသည့်တိုင်အောင် အရှုံးအနိုင် ထွက်ပေါ်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် တတိယမြောက် တွေ့ဆုံတဲ့ အက်ဖ်အေ ဖလား ဗိုလ်လုပွဲမှာတော့ ဘယ်လို ရလာဒ်မျိုးတွေ ထွက်လာကြမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

နောက်ဆုံးရ သတင်းတွေ အရတော့ ဖာဘင်ဟို ဟာ ပဲရစ်မှာ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်မီ ပြန်လည် သက်သာလာဖွယ် ရှိနေတယ်လို့ ရေးသားလျှက် ရှိနေပါတယ်။ တစ်ဖက် က ရီးရဲ မက်ဒရစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားဖို့ ဖိအားကင်းကင်း နဲ့ အားမွေးနေကြချိန်မှာ ၊ ကလော့ပ် ရဲ့ လီဗာပူး ကတော့ ပြည်တွင်း ဖလား မျှော်လင့်ချက်တွေ အကြားက ဖိအားတွေ ဆက်တိုက် များနေဆဲ ဖြစ်ပါတယ်။

တကယ်လို့သာ ဖာဘင်ဟို သာ အချိန်မီ ပြန်လည် သက်သာလာခြင်း မရှိခဲ့ရင် ၊ လီဗာပူး အနေနဲ့ ရီးရဲ မက်ဒရစ် ကို ရင်ဆိုင် ကစားတိုင်း ဒဏ်ရာပြသနာတွေ ရုန်းကန်ရတဲ့ အစဉ်အလာဆိုးကြီး တစ်ခုကို ဆက်လက် ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

ကိဗ်ယက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တုန်းက မို ဆာလာ ပုခုံးဒဏ်ရာ ရသွားခဲ့သလို ၊ မနှစ်က ရင်ဆိုင် ကစားကြချိန်မှာလဲ အဓိက ခံစစ်မှုးတွေ ကစားပေးနိုင်ခြင်း မရှိလို့ လက်မြှောက် အရှုံးပေးထားရသေးပါတယ်။ ဒါကြောင့် ကလော့ပ်ဟာ ဒီတစ်ကြိမ် ရင်ဆိုင် ကစားရမှာတော့ အတောင့်တင်းဆုံး လူစာရင်း ဖြစ်အောင် မျှော်လင့်နေမှာပါ။

ဘာပဲ ဖြစ်ဖြစ် ရယူလိုခြင်းတွေ အကြားမှာ ပေးဆပ်မှုတွေ နဲ့တော့ ဖြတ်သန်းရတာချည်းပါပဲ။

SM