ယနေ့ည လိဒ်စ်နဲ့ ပွဲမှာ အဓိက ချဲလ်ဆီး ကြယ်ပွင့် ၂ဦး ပြန်ပါနိုင်ကြောင်း အသိပေးရင်း ၊ အလွန်ဆိုနဲ့ စကားများခဲ့တဲ့ အကြောင်း ဖြေရှင်းလိုက်တဲ့ တူချယ်

ချဲလ်ဆီး အသင်းဟာ ယနေ့ညမှာ တန်းမဆင်းရဖို့ တိုက်ပွဲဝင်နေတဲ့ လိဒ်စ်ယူနိုက်တက် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ် ။ ဒီမတိုင်ခင်မှာ ချဲလ်ဆီး ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ပွဲမှာ တပွဲသာ အနိုင်ရထားပြီး ၊ ချန်ပီယံလိဂ် ဝင်ခွင့် တနေရာ အတွက်ပါ စိုးရိမ်စရာ ဖြစ်လာပါတယ် ။

ပြီးခဲ့တဲ့ စနေနေ့မှာ အသင်းပိုင်ရှင်သစ် ကိစ္စ တရားဝင် အတည်ပြုဖြစ်ပြီး ၊ ပထမဆုံး ကစားခဲ့တဲ့ ဝုလ်ဗ်နဲ့ ပွဲမှာလည်း ချဲလ်ဆီး ဟာ ရထားပြီးသား ဦးဆောင်ဂိုး ၂ဂိုးကို ထိန်းသိမ်းနိုင်ခဲ့ခြင်း မရှိပဲ ၊ ပွဲပြီးခါနီး ၁၀မိနစ် ဝန်းကျင်မှာ လက်လွတ်စပယ် ချေပဂိုး ၂ဂိုးပေးကာ သရေကျခဲ့ပါတယ် ။

ယနေ့ည လိဒ်စ်နဲ့ ပွဲမှာတော့ ချဲလ်ဆီးတို့ အမှားထပ်ခံလို့ မဖြစ်တော့ပါဘူး ။ တဖက်မှာ ချဲလ်ဆီး ကွင်းလယ်ဟာ ထိုပွဲမှာ အားထားရတဲ့ ကစားသမား ၂ဦး ဖြစ်တဲ့ အန်ဂိုလို ကန်တေနဲ့ ဂျော်ဂျင်ဟိုတို့ကို ဒဏ်ရာကြောင့် လက်လွှတ်ခဲ့ရပါတယ် ။ တဆက်တည်းမှာ တဦးတည်းသာ ရှိတဲ့ ဒေါင်ဒေါင်မြည် ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆိုဟာလည်း ပထမပိုင်း အပြီး နည်းပြ ဖြစ်သူ သောမတ်စ် တူချယ်နဲ့ စကားများခဲ့တယ်လို့ သိရပါတယ် ။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ” ကျွန်တော်တို့ဟာ ဂျော်ဂျီနဲ့ အန်ဂိုလိုတို့ မနက်ဖြန်ပွဲအမှီ ပြန်ပါနိုင်ဖို့ အကောင်းဆုံး ကြိုးစားနေပါတယ် ။ နီးတော့ နီးစပ်နေပါပြီ ။ ဒါပေမယ့် သေချာပေါက်ကြီး ပြန်ကစားပေးနိုင်မလား ဆိုတာတော့ ကျွန်တော် မသိသေးပါဘူး ။ ”

” ( မားကို့စ် အလွန်ဆိုနဲ့ ပတ်သက်ပြီး ) ဒီကိစ္စဟာ ပထမပိုင်းမှာ စပြီး ၊ ပထမပိုင်းမှာ ပြီးခဲ့ပါပြီ ။ နောက်ထပ် တပိုင်းကို ဆက်မကူးသွားပါဘူး ။ ဘာအကြောင်းမှလည်း မဟုတ်သလို ၊ ဘာမှလည်း ထပ်မဖြစ်ခဲ့ပါဘူး ။ အရာရာ ဖြေရှင်းပြီးပါပြီ ။ ဒါမျိုးက ဖြစ်တတ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ပုံမှန်အတိုင်းဆို ပွဲတပွဲ ကစားပြီးပြီးချင်း နောက်တရက်မှာ ကစားသမားတွေကို အနားပေးလေ့ ရှိပေမယ့် ၊ တူချယ် ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အသင်းသားတွေကို အနားမပေးပဲ ၊ အပေါ့စား ထရိန်နင် ဆင်းစေခဲ့ပါတယ် ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးလည်း တူချယ် က အခုလိုပဲ ပွင့်ပွင့်လင်းလင်း ဖြေရှင်းခဲ့ပါတယ် ။

တူချယ် က ” အစကတော့ ကစားသမားတွေကို နားရက် တရက် ပေးဖို့ စီစဉ်ထားတာပါ ။ ဒါပေမယ့် ဝုလ်ဗ်နဲ့ ပွဲက စိတ်ပျက်ဖွယ် ရလဒ် အပြီး နားရက်မပေးပဲ ထရိန်နင် ခေါ်ခဲ့တာ ဖြစ်ပါတယ် ။ ဒါက သူတို့ကို အပြစ်ပေးတဲ့ သဘော မဟုတ်ပါဘူး ။ ပုံမှန်ဆိုရင် ဒါက နားရက် ဖြစ်ပါတယ် ။ ”

” တချို့ကတော့ ဒါကို ပြစ်ဒဏ်ပေးတယ်လို့ ထင်ချင်လည်း ထင်ကြမှာပါ ။ မဟုတ်ပါဘူး ။ အခုအချိန်ဟာ နားရက် ပေးဖို့ အချိန်မဟုတ်သေးပါဘူး ။ နားရက် ပေးလိုက်တာထက် ၊ ကြုံနေရတဲ့ အခက်အခဲကို အချင်းချင်း စုစုစည်းစည်း တိုင်ပင် ဆွေးနွေး ဖြေရှင်းတာ ပိုကောင်းပါတယ် ။ ”

” လူတိုင်းမှာ ကိုယ်ပိုင် အတွေးအမြင် ၊ ကိုယ်ပိုင် အမှန်တရား ရှိပါတယ် ။ ကျွန်တော်တို့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း အတူ လုပ်ခဲ့ကြ ၊ ပြေးလွှားခဲ့ကြပြီး ၊ လာမယ့် ရက်အနည်းငယ်ကို ဘယ်လိုမျိုး ချဉ်းကပ်ကြမလဲ ဆိုတာ အတူတူ တိုင်ပင် ဆွေးနွေးခဲ့ကြပါတယ် ။ စီနီယာ အသင်းသား အများအပြား ယူ ၂၃ ပွဲကို ကြည့်ရှု အားပေးခဲ့တာလည်း အရမ်း ကောင်းပါတယ် ။

” ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အသင်းဟာ ပွင့်ပွင့်လင်းလင်း ၊ ရိုင်းရိုင်းပင်းပင်း ရှိခဲ့တယ်လို့ ကျွန်တော် ခံစားရပါတယ် ။ ဒီလောက်ပါပဲ ။ ပြစ်ဒဏ် ပေးခဲ့တာလည်း မဟုတ်သလို ၊ ဗီဒီယို အနှေးကွက်တွေ ပြန်ကြည့်ပြီး ၊ ဘယ်နေရာမှာ ဘာတွေမှားခဲ့လဲ ဆိုတာ ထောက်ပြ ဝေဖန်ခဲ့တာမျိုးလည်း မဟုတ်ပါဘူး ။ ”

” အားလပ်ရက်မှာ ဟိုတစု ဒီတစု ဖြစ်နေတာမျိုး မဟုတ်ပဲ ၊ လေ့ကျင့်ရေးကွင်းမှာ စိတ်တူကိုယ်တူ ဖြစ်စေချင်တဲ့ သဘောပါ ။ ဒါကြောင့် အဲဒီနေ့မှာ အားလုံးကို နားရက် မပေးခဲ့တာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR