ယနေ့ည ချန်ပီယံလိဂ် ဖိုင်နယ်မှာ ဘယ်အသင်းကို ဗိုလ်စွဲစေချင်လဲ ဆိုတာ ဖွင့်ဟလာတဲ့ အက်ဒိုဝါ့ဒ် မန်ဒီ

ယခုနှစ် ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ယနေ့ည ပဲရစ်မြို့မှ Parc de Franc ဘောလုံးကွင်းမှာ ကျင်းပသွားဖို့ ရှိနေပြီး ၊ ၂၀၁၈ ဖိုင်နယ်က ထိပ်တိုက် ရင်ဆိုင်ခဲ့ဖူးတဲ့ လီဗာပူး အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ နောက်ထပ် တကြိမ် ဗိုလ်လုကြမှာ ဖြစ်ပါတယ် ။

ရီးရဲလ်မက်ဒရစ် ဟာ ထိုစဉ်က လီဗာပူးကို ၃ – ၁ နဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ကာ ၊ ၂၀၁၈ တုန်းကကဲ့သို့ အခက်ခဲဆုံး ပြိုင်ဖက် အသင်းတွေကို ရှုံးထွက်အဆင့်တွေမှာ ရင်ဆိုင် ကျော်ဖြတ်လာခဲ့ပါတယ် ။ လီဗာပူးကတော့ ပိုမို လွယ်ကူတဲ့ ပြိုင်ဖက်တွေကို ရှုံးထွက်အဆင့်တွေမှာ ကြုံခဲ့ရပေမယ့် ၊ ဒီရာသီ ပြိုင်ပွဲတိုင်းမှာ ဗိုလ်စွဲနိုင်စွမ်း ရှိကြောင်း ပြသထားပါတယ် ။

ဒီ ၂သင်းက ကစားသမား အများစု ဟာ ၂၀၂၂ Ballon D’Or ဆု အတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ကြဖို့ များနေသလို ၊ ထိုဆုကို လီဗာပူးမှ မိုဟာမက် ဆာလာ ၊ ဆာဒီယို မာနေးနဲ့ ရီးရဲလ်မက်ဒရစ်မှ ကာရင် ဘန်ဇီမာတို့ထဲက တဦးဦးက ရသွားဖို့ များတယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ် ။

သေချာတာတော့ ဗိုလ်စွဲမယ့် ကလပ်ထဲက စူပါစတား တဦးကသာ ထိုဆုကို ကျိန်းသေပေါက် ရနိုင်မှာ ဖြစ်ပါတယ် ။ ချဲလ်ဆီး ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီ ကတော့ ဆီနီဂေါ လက်ရွေးစင် အသင်းဖော် ဆာဒီယို မာနေးကို Ballon D’Or ဆု ရစေချင်တာကြောင့် ၊ ယနေ့ည ဖိုင်နယ်မှာ လီဗာပူးကို ဗိုလ်စွဲစေချင်တဲ့ အကြောင်း ဖွင့်ဟခဲ့ပါတယ် ။

မန်ဒီ က ” ဆာဒီယိုကိုပဲ ချန်ပီယံလိဂ်ဖလား ရစေချင်တာပေါ့ ။ သူဟာ ဒီရာသီမှာ လုံးဝ ထူးခြားတဲ့ ခြေစွမ်းမျိုး ပြသထားပြီး ၊ Ballon D’Or ဆု ရဖို့ ထိပ်ဆုံးကနေ ပြေးနေတဲ့ ကစားသမားတွေထဲမှာ တဦး အပါအဝင် ဖြစ်ပါတယ် ။ ”

” ချန်ပီယံလိဂ် အောင်မြင်မှုဟာ ဒီလို တဦးချင်း ဆုတံဆိပ်တွေ အတွက် အချိုးအကွေ့ တခု ဖြစ်ပါတယ် ။ သူဟာ အကြီးကျယ်ဆုံး ပြိုင်ဖက်တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ၊ ဒီ ဗိုလ်လုပွဲမှာ အနိုင်ရတဲ့ အသင်းက ကစားသမားတွေဟာ Ballon D’Or လို တဦးချင်း ဆုတံဆိပ် အတွက် ရမှတ်တွေ ပိုရသွားမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ကွာတားဖိုင်နယ် အဆင့်မှာ ချဲလ်ဆီးဖက်ကို ၄ဂိုး အထိ သွင်းယူထားပြီး ၊ ဒီရာသီ ချန်ပီယံလိဂ် သွင်းဂိုး ၁၅ဂိုးနဲ့ Top scorer ဖြစ်နေတဲ့ ဘန်ဇီမာ ဟာ ပရီးမီးယားလိဂ် ပြင်ပမှ Ballon D’Or ဆု ရဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ် ။ ဘန်ဇီမာရဲ့ ဒီရာသီ ပြောင်မြောက်တဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီးလည်း မန်ဒီ က အခုလိုပဲ မှတ်ချက်ပြုခဲ့ပါတယ် ။

မန်ဒီ က ” ဟုတ်ပါတယ် ။ ဘန်ဇီမာ ဟာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး တဦး ဖြစ်ပါတယ် ။ ဒါပေမယ့် ပရီးမီးယားလိဂ်ရဲ့ အဆင့် ရပ်တည်မှု အရ အကောင်းဆုံး ဖြစ်တဲ့ ကလပ်ကို ရင်ဆိုင် အနိုင်ယူခဲ့ရာမှာ ၊ ခင်ဗျား ဟာ ထိုအောင်ပွဲရဲ့ တစိတ်တပိုင်းမှာ ပါဝင် ပတ်သက်ထားတာပါ ။ ”

” သူဟာ ဒီလို မြင့်မားတဲ့ ခြေစွမ်း အဆင့်အတန်းမျိုး ပြသထားတာ နှစ်အတော်အတန် ကြာနေပါပြီ ။ ရနိုင်သမျှ အောင်မြင်မှုတိုင်းကို သူ ဆွတ်ခူးထားသလို ၊ ဒါတွေ အားလုံးနဲ့ သူနဲ့ ထိုက်တန်မှု ရှိပါတယ် ။ ပြီးခဲ့တဲ့ နှစ်တနှစ်လုံးရဲ့ ဘယ်လိုအချိန် ၊ ဘယ်လိုခေတ် ၊ ဘယ်လို နေ့ရက် ၊ ဘယ်လို နေရာမျိုးမှာမဆို သူကစားခဲ့တဲ့ အခိုက်အတန့်တွေ အရ ဒီလို ခြေစွမ်းမျိုး ပြသနိုင်တာက လွန်ရာမကျပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR