မာနေးသာ ဘိုင်ယန်ကို ပြောင်းသွားခဲ့မယ်ဆိုရင် ‘ကလော့ စိတ်ကြိုက်ပုံစံ’ ကစားသမားနဲ့ ပြန်လည်အစားထိုးရန် လီဗာပူးကို ပြောလိုက်တဲ့ လော်ရိုး

လီဗာပူး နောက်ခံလူဟောင်း ဖြစ်သူ မက်လော်ရန်ဆင်က အန်ဖီးကလပ် အနေနဲ့ ဆာဒီယိုမာနေးကို လက်လွှတ်ခဲ့ရမယ် ဆိုပါက ဘင်ဖီကာ စတား ဒါ၀င်နူးနက်ကို ခေါ်ယူဖို့ လှုပ်ရှားသွားသင့်တယ်လို့ ပြောလိုက်ပါတယ်။ ဆီနီဂေါ လက်ရွေးစင် မာနေးဟာ လီဗာပူးနဲ့ လာမည့် ၂၀၂၃ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့်သူ ဖြစ်ကာ နွေရာသီမှာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွေ့သွားဖို့ ရှိနေတယ်လို့ သတင်းကြီးနေပါတယ်။

လီဗာပူး အသင်းဘက်ကတော့ ဘိုင်ယန်ဘက်က ယူရိုသန်း ၃၀ လောက်သာ ပေးချေသွားရန် ဆန္ဒရှိနေတဲ့ မာနေးကို စျေးပေါပေါနဲ့ လက်လွှတ်သွားဖို့ စိတ်ကူးမရှိဘဲ ယူရိုသန်း ၅၀ ပတ်၀န်းကျင် ရမှသာ လက်ခံ စဉ်းစားသွားမှာ ဖြစ်ပြီး ဒီပြောင်းရွေ့ကြေးကို မရဘူးဆိုရင် စာချုပ်ကုန်တဲ့ထိ ကလပ်မှာ ဆက်ကစားစေမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လီဗာပူးဟာ အစားထိုးသွားမယ့် ကစားသမား ကိုတော့ ကြိုတင် ရှာဖွေထားရမှာ ဖြစ်ပါတယ်။

လီဗာပူးဟာ ဒီနွေမှာ ဖေဘီယိုကာဗယ်ဟိုကို ခေါ်ယူထားခဲ့ပြီး ဖြစ်ကာ လူး၀စ်ဒီယက် ကိုတော့ ဇန်နဝါရီက ခေါ်ယူထားခဲ့ပါတယ်။ ဒါပေမယ့်လည်း အိုရီဂီ မီနာမီနို နဲ့ မာနေး တို့ဟာ ကလပ်ကနေ ထွက်ခွာသွားဖို့ ရှိနေသလို ဆာလားရဲ့ စာချုပ်သစ် ကိစ္စကလည်း အဆင်ပြေနေခြင်း မရှိဘဲ တိုးတက်မှု ရပ်တန့်နေခဲ့ပါတယ်။ နူးနက်ကို အာဆင်နယ် မန်ယူနိုက်တက် တို့လို အသင်းတွေကလည်း စိတ်၀င်စားမှု ရှိနေပြီး ဘင်ဖီကာ ဘက်ကတော့ ဥရုဂွေးစတား အတွက် ယူရိုသန်း ၈၀ ပတ်၀န်းကျင် ရဖို့ ရည်မှန်းနေပါတယ်။

 

နူးနက်ဟာ ပြီးခဲ့တဲ့ ရာသီက ဘင်ဖီကာ အတွက် ဂိုးသွင်းခြေစွမ်းပြသခဲ့ပြီး ပြိုင်ပွဲစုံ ၃၄ ဂိုး သွင်းယူခဲ့ကာ ချန်ပီယံလိဂ်မှာ ၆ ဂိုးထိ သွင်းပေးခဲ့ကာ ပေါ်တူဂီ ကလပ်ကို ကွာတားဖိုင်နယ်ထိ ရောက်စေခဲ့ပါတယ်။

မက်လော်ရန်ဆင်က “ဒါ၀င်နူးနက်ဟာ ငွေကြေးများစွာ ကုန်ကျနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ဟာ သူ ဘာလုပ်နိုင်သလဲ ဆိုတာကို အန်ဖီးမှာ ကစားခဲ့တဲ့ ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ မြင်တွေ့ခဲ့ပြီး ဖြစ်ပါတယ်။ သူဟာ တအားကို လျှင်မြန်မှု ရှိကာ တအားကို သန်မာတဲ့ ကစားသမားပါ။ ပြီးတော့ သိတဲ့အတိုင်းပဲ သူဟာ ဂိုးပေါက် ဘယ်မှာလဲ ဆိုတာ ကောင်းကောင်း သိနေသူပါ။

အန်ဖီးမှာ ကစားခဲ့တဲ့ ကွာတားဖိုင်နယ် ဒုတိယအကျော့တုန်းက ကျွန်တော် သူ့ရဲ့ ကစားပုံကို တအားကို သဘောကျခဲ့ပါတယ်။ သူဟာ အသင်းအတွက် ကျားကုတ်ကျားခဲ ကစားပေးခဲ့တဲ့ သူပါ။ သူ့ရဲ့ ကစားဟန်ကို ကြည့်ရင်းနဲ့ ‘wow..ဒါဟာ ကလော့ စိတ်ကြိုက် ကစားသမား ပုံစံမျိုးပဲဟ’ ဆိုပြီး တွေးမိခဲ့ပါတယ်။ ဒါ့ကြောင့် ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သွားရမှာပါ။” လို့ ပြောသွားပါတယ်။

ဆက်လက်ပြီး လော်ရန်ဆင်က လီဗာပူး အနေနဲ့ မာနေးလို လုပ်အား ပြင်းထန်လှတဲ့ အရည်အသွေးမြင့် ကစားသမားကို လက်လွှတ်ခဲ့ရမယ် ဆိုရင် ဒါဟာ ကလပ် အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

လော်ရိုးက “သူဟာ သိတဲ့အတိုင်းပဲ မိုဆာလားလောက် ချီးကျူးမှုတွေ ရတဲ့သူ မဟုတ်ပါဘူး။ ဒါပေမယ့် သူဟာ တိုက်စစ် နေရာ ၃ ခုစလုံးမှာ ကစားနိုင်ပါတယ်။ သူဟာ သန်မာပြီး pressing ကို စတင်ပေးကာ နောက်ထိဆင်းကာ ခံစစ်ကို ကူညီပေးပါတယ်။ သူဟာ တအားကို ကြိုးစားတဲ့သူ ဖြစ်ပြီး လေ့ကျင့်ရေးကွင်းက သူ့ရဲ့ အားထုတ်မှု အပေါ် လူတော်တော်များများရဲ့ ချီးကျူးသံတွေ ကျွန်တော် ကြားခဲ့ရပါတယ်။

လီဗာပူးဘက်ကတော့ သူ့ကို တစ်နှစ်လောက် ဆက်ရှိစေချင်မှာပါ။ စာချုပ်သစ် ချုပ်ဆိုဖို့အတွက်လည်း စဉ်းစားထားခဲ့မှာပါ။ ဒါပေမယ့် ဘိုင်ယန်နဲ့ သတင်းတွေဟာ လျှင်မြန်စွာ ထွက်ပေါ်လာခဲ့ပါတယ်။ ခင်ဗျားတို့ သိကြတဲ့အတိုင်းပဲ အပြောင်းအရွေ့ သတင်းဆိုတာဟာ ထိန်းချုပ်ထားဖို့ လုံး၀ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အခုအခြေအနေကို ကြည့်ရတာ သူဟာ အဲဒီကို သွားဖို့ သဘောတူညီမှု ရပြီးတဲ့ ပုံစံပါပဲ။ ဒါဟာ လီဗာပူးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ ဘာလို့လဲဆိုတော့ သူဟာ တကယ့်ကို ထူးချွန်လှတဲ့ ကစားသမား ဖြစ်နေလို့ပါ။” လို့ ဆိုခဲ့ပါတယ်။

မာနေးသာ ထွက်သွားခဲ့မယ်ဆိုရင် လီဗာပူး အနေနဲ့ ဒီနေရာကို ပြန်လည် အစားထိုးရန် ကြီးမားတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဆီနီဂေါစတားဟာ ၂၀၂၁-၂၂ ရာသီရဲ့ ပြိုင်ပွဲစုံမှာ ကလပ်အတွက် ၂၃ ဂိုး သွင်းယူခဲ့တဲ့ အပြင် လီဗာပူး ကစားသမား ဘ၀ ၆ ရာသီစလုံး အနည်းဆုံး ၁၀ ဂိုး သွင်းနိုင်ခဲ့ပါတယ်။

SM