မာနေးရဲ့ အနိုင်ဂိုးနဲ့ ပရီးမီးယားလိဂ် title race ကို ဆက်လက်အသက်သွင်းထားခဲ့တဲ့..ဗီလာ ၁-၂ လီဗာပူး ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

လီဗာပူးဟာ ပြီးခဲ့တဲ့ စနေနေ့က တော့တင်ဟမ်နဲ့ ၁-၁ ဖြစ်ခဲ့မှုကနေ ပြန်လည် ရုန်းထွက်ကာ အက်စတွန်ဗီလာကို အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင်ကစားပြီး မန်စီးတီးကို အမှတ်တူနဲ့ ဖိအားပေးလိုက်ပါတယ်။ ဂျာရတ်ရဲ့အသင်းဟာ လူး၀စ်ရဲ့ ဂိုးနဲ့အတူ လီဗာပူးဘက်ကို ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့်လည်း တစ်မိနစ်အကြာမှာပဲ မာတစ်က ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ ဒုတိယပိုင်း ၆၄ မိနစ်မှာတော့ မာနေးဟာ လူး၀စ်ဒီယက်ရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်သွင်းယူကာ လီဗာပူးအတွက် အနိုင်ဂိုးကို ရယူပေးခဲ့ပါတယ်။

ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေကတော့

၁~ဒေါက်ကလပ်လူး၀စ်ရဲ့ အစောပိုင်း ကူညီမှု

ဂျာရတ် အနေနဲ့ သူ့အသင်းဟောင်းရဲ့ အမှတ်ပေးဖလား မျှော်လင့်ချက်ကို နောက်တစ်ကြိမ် ရိုက်ချိုးသွားချင်မှာ မဟုတ်ပေမယ့် မန်စီးတီး ကွင်းလယ်လူဟောင်း ဒေါက်ကလပ်လူး၀စ် ကတော့ ဒီလို ဖြစ်ချင်နေမှာပါ။ ဘရာဇီး ကွင်းလယ်လူဟာ ပွဲအစ ၄ မိနစ်မှာတင် ဒီရာသီ သူ့အတွက် ဒုတိယမြောက်ဂိုးကို သွင်းယူသွားခဲ့ပြီး လီဗာပူး ခံစစ်ပိုင်းရဲ့ အမှားကို ကောင်းစွာ အသုံးချသွားခဲ့ပါတယ်။

ဒီသွင်းဂိုးမှာ အငြင်းပွားစရာ တစ်ချို့ ရှိခဲ့ပြီး အိုလီ၀က်ကင်းဟာ ဒီဂိုးမတိုင်မီ build-up play မှာ လူကျွံနေခဲ့တာကို အနှေးပြကွက်တွေ အရ မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ၀က်ကင်းရဲ့ လူကျွံမှုနဲ့ သွင်းဂိုးကြားမှာ ၂၆ စက္ကန့်ကွာဟမှု ရှိခဲ့ကာ play ဟာ new phase ထဲ၀င်သွားခဲ့တာကြောင့် VAR က ကြား၀င်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

၂~အမြန်ဆုံး ချေပပေးခဲ့တဲ့ မာတစ်

လူး၀စ်ရဲ့ ဦးဆောင်ဂိုး ပြီးနောက် တစ်မိနစ်သာသာ မှာပဲ မာတစ်က ချေပဂိုးသွင်းယူခဲ့ပါတယ်။ တိုင်ရွမ်မင့် နဲ့ နကန်ဘာ တို့ဟာ လီဗာပူးရဲ့ free kick ကို ရှင်းထုတ်ဖို့ ပျက်ကွက်ခဲ့ကာ ဂျိုတာက ဘောလုံးကို အလျှင်အမြန်နဲ့ ဗန်ဒိုက်ဆီကို ပေးပို့ခဲ့ပါတယ်။ အဲဒီကနေ တဆင့် ဗန်ဒိုက်ဟာ မာတီနက်ကို ကျော်သွင်းခဲ့ပြီး ဒီကနေ ပြန်လျှံထွက်လာခဲ့တဲ့ ဘောလုံးကို မာတစ်က ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးတို့ ဂိုးစောစောပေးခဲ့တာရတာကြောင့် ဗီလာပက်မှာ လီဗာပူးတို့ ၇-၂ နဲ့ ရှုံးသွားခဲ့တဲ့ ပွဲစဉ်ကို ပြန်လည် အမှတ်ရသွားခဲ့ပေမယ့်လည်း မာတစ်ရဲ့ ချေပဂိုးဟာ လီဗာပူးကို တည်ငြိမ်မှု တစ်ချို့ ရသွားစေခဲ့ပါတယ်။

၃~ဖာဘင်ညိုရဲ့ ဒဏ်ရာ

လီဗာပူးရဲ့ လက်ကျန်ပွဲစဉ်တွေ အားလုံးဟာ တကယ့်ကို ဖိုင်နယ်ပွဲစဉ်တွေပဲ ဖြစ်ပြီး ဒီအချိန်မှာ အားထားရတဲ့ ကွင်းလယ်လူ ဖာဘင်ညိုက ကံမကောင်းစွာနဲ့ ဒဏ်ရာရသွားခဲ့ပါတယ်။ ဘရာဇီး လက်ရွေးစင်ဟာ ပွဲပမ်းနေဟန်ရှိနေပြီး ပထမပိုင်းမှာ အမှားအယွင်းတွေ များပြားခဲ့ပြီး ဗီလာကွင်းလယ်ကို အသာစီးရအောင် မကူညီနိုင်ခဲ့ပါဘူး။ ဒါပေမယ့် မိနစ် ၃၀ လောက်မှာပဲ ဖာဘင်ညိုဟာ ဒူးကောက်ကြော ဒဏ်ရာ ရသွားဟန် ရှိပြီး သူ့ရဲ့ ကောင်းမွန်မှု မရှိတဲ့ညက စောစော အဆုံးသတ်သွားခဲ့ပါတယ်။

ဟန်ဒါဆန် ၀င်ရောက်လာချိန်မှာတော့ လီဗာပူးဟာ ဗီလာကို အသာစီး ပြန်လည် ကစားနိုင်ခဲ့ပြီး လက်ကျန် ပွဲချိန်တွေမှာ ပွဲကို ကောင်းစွာ ထိန်းချုပ် ကစားနိုင်ခဲ့ပါတယ်။ လာမည့် စနေနေ့မှာ အက်ဖ်အေဖလား ဖိုင်နယ် ပွဲစဉ်ကို ကစားသွားရမှာ ဖြစ်ပြီး ဒီပွဲစဉ်မှာသာ ဖာဘင်ညို မပါနိုင်ခဲ့ဘူးဆိုရင် ဒါဟာ လီဗာပူးအတွက် ကြီးမားတဲ့ ထိခိုက်မှု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ချဲလ်ဆီးအတွက်တော့ အင်အား ဖြစ်သွားပါတယ်။

၄~အဓိက ကစားသမားသစ် ရှာတွေ့သွားခဲ့တဲ့ လီဗာပူး

လီဗာပူးဟာ ဗီလာရဲ့ ဦးဆောင်ဂိုးကို အမြန်ဆုံး ပြန်လည် ချေပနိုင်ခဲ့ပေမယ့်လည်း အနိုင်ရဖို့ အတွက်တော့ အများကြီး ကြိုးပမ်းဖို့ လိုအပ်နေခဲ့ပါတယ်။ တစ်မှတ်ဆိုတာဟာ သူတို့အတွက် တန်ဖိုးမရှိဘူးဆိုတာကို လီဗာပူး ကစားသမား အားလုံး သဘောပေါက်ထားပြီး ဖြစ်ပြီး အချိန်ကုန်လာလေလေ ဖိအားများလာလေလေ ဖြစ်ပါတယ်။ မာနေးဟာ အာဖရိကဖလား ပြိုင်ပွဲကနေ ပြန်လာပြီးနောက်ပိုင်း အကောင်းဆုံး ပုံစံကို ပြသနေပြီး လီဗာပူးအတွက် အရေးပါတဲ့ ဂိုးတွေကို တောက်လျှောက် သွင်းပေးနေခဲ့ပါတယ်။

အထူးသဖြင့် အထောင်တိုက်စစ်ကနေ ဂိုးတွေ များစွာ သွင်းယူနေခဲ့တာ ဖြစ်ပြီး ဒီတစ်ကြိမ်မှာလည်း ဒီလို လုပ်နိုင်ခဲ့တာဟာ သိပ်ပြီးတော့ မထူးဆန်းလှပါဘူး။ ဒီယက်အနေနဲ့ သူ့ရဲ့ ဂိုးဖန်တီးမှု အတွက် ချီးကျူးမှုတွေ အများအပြား ခံရမှာ ဖြစ်ပေမယ့် မာနေး အနေနဲ့ လုပ်စရာတွေ အများကြီး ရှိခဲ့ပါတယ်။ မာနေးဟာ သူ့ဘ၀တစ်လျှောက်လုံး တိုက်စစ်မှုး အဖြစ် ကစားလာခဲ့သလို ဘောလုံးကို လှလှပပ လမ်းကြောင်းပြောင်းကာ ဂိုးပေါက်ထဲ ထည့်ခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ မန်စီးတီးကို ဆက်လက် ဖိအားပေးဖို့ အတွက် အရေးပါလှပြီး ဒီအတွက် ကလော့ရဲ့ အဓိက ကစားသမားသစ်ကို ချီးကျူးသွားရမှာပါ။

၅~ဒီယက်ကို စမ်းသပ်မှု

ကိုလံဘီယာစတားဟာ သူ့ကစားသမားဘ၀ ကာလအများစုကို ဘယ်ခြမ်းတိုက်စစ်မှာသာ ကစားခဲ့ရပေမယ့် ဒီပွဲမှာတော့ ကလော့ဟာ ဒီယက်ကို ညာတောင်ပံ တိုက်စစ်မှာ စမ်းသပ်ကစားစေခဲ့ပါတယ်။ ဒီယက် အနေနဲ့ ဒီပွဲမှာ အရန်ခုံမှာ ရောက်နေခဲ့တဲ့ မိုဆာလားရဲ့ နေရာကို ၀င်ကစားခဲ့ရတာ ဖြစ်ပြီး ၎င်းဟာ ပထမပိုင်းမှာ လီဗာပူးအတွက် တောက်ပစွာ ကစားခဲ့တဲ့ ကစားသမား အနည်းငယ်ထဲက တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ခါတိုင်းထက်တော့ ပါ၀င်ပက်သက်မှု အနည်းငယ် နည်းပါးသွားခဲ့တာကို မြင်ခဲ့ရပါတယ်။ ဒါပေမယ့် ပထမပိုင်းမှာ လီဗာပူးဟာ အသင်းလိုက် ကစားပုံ ကောင်းမွန်မှု မရှိတာကြောင့် ဒီနေရာမှာ ၀င်ကစားခဲ့တဲ့ ဒီယက်နဲ့ ပက်သက်ပြီး ကောက်ချက်ချလိုက်ဖို့ ခက်ခဲလှပါတယ်။

ခြုံပြီးပြောရမယ်ဆို၇င်တော့ ဒီယက်ဟာ ညာခြမ်းမှာ အိုကေတယ်လို့ ဆိုနိုင်ပြီး လိုအပ်တဲ့အခါ ဒီနေရာကို ၀င်ကစားနိုင်စွမ်း ရှိနေတာကို ပြသခဲ့ပါတယ်။ ဂျိုတာဟာ ညာခြမ်းမှာ ကောင်းကောင်း ကစားနိုင်ခြင်း မရှိတာကြောင့် ကလော့အတွက် အခုဆိုရင် နောက်ထပ် ပိုကောင်းတဲ့ ဖြေရှင်းချက် တစ်ခု ရှာတွေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီယက်ရဲ့ မာနေး အတွက် ဂိုးဖန်တီးမှုကတော့ ဘယ်ခြမ်းကနေ ရလာခဲ့တာ ဖြစ်ပါတယ်။ ကလော့ အနေနဲ့ လာမည့် ရာသီ တစ်ချို့ ပွဲစဉ်တွေမှာ ဆာလားကို အနားပေးချင်တဲ့ အခါ ဒီနေရာမှာ ဒီယက်ကို အသုံးပြုနိုင်မယ့် အခွင့်အရေး ရှိနေပြီ ဖြစ်ပါတယ်။

 

SM