မန်စီးတီး ကို ရောက်လာမယ့် ဟာလန်း ကို ကြိုဆိုရင် ပရီးမီးယားလိဂ်အကြောင်း သတိပေးသွားခဲ့တဲ့ အဂွေရို

 

မန်ချက်စတာ စီးတီးရဲ့ ဂန္ထဝင် တိုက်စစ်မှူးဟောင်းကြီး ဆာဂျီယို အဂွေရို ဟာ လာမယ့် ရာသီမှာ အသင်းကို ပြောင်းရွှေ့ ရောက်ရှိ လာတော့မယ့် တိုက်စစ်မှူးလေး အာလင်း ဟာလန်း ကို ကြိုဆိုကြောင်း ဖွင့်ဟပြောဆိုရင်း ပရီးမီးယားလိဂ် နဲ့ ပတ်သက်လို့ သတိပေးစကား ပြောဆို သွားခဲ့ ပါတယ် ။

 

အဂွေရို ဟာ ယမန်နေ့ က မန်စီးတီး ရဲ့ အစ်တီဟတ် ကွင်းရှေ့မှာ သူ့အတွက် ဂုဏ်ပြု ထုလုပ်ပေးထားတဲ့ ရုပ်တု ဖွင့်ပွဲကို တက်ရောက် ခဲ့တာ ဖြစ်ပြီး အင်တာဗျူးမှာ ဟာလန်း ရဲ့ အကြောင်းကို ထည့်သွင်းပြောဆို ခဲ့တာပဲ ဖြစ်ပါတယ် ။

 

 

ဟာလန်း ဟာ အဂွေရို ရဲ့ နေရာကို အစားထိုးဖို့ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ဒေါ့မွန် ကနေ ခေါ်ယူ ခဲ့တာ ဖြစ်ပြီး သူတို့ ၂ ဦး အကြားမှာ တူညီမှုတွေ များစွာ ရှိနေခဲ့ ပါတယ် ။

 

အဂွေရို ရော ဟာလန်း ပါ လူငယ် ကစားသမား ဘဝမှာ ကတည်းက ဂိုးသွင်း ကောင်းသူတွေ ဖြစ်ခဲ့ကြပြီး ၂ ယောက်စလုံးဟာ Golden Boy လို့ ခေါ်တဲ့ ၂၁ နှစ်အောက် အကောင်းဆုံး ကစားသမား ဆုတွေကိုလည်း ရရှိ ဖူးကြပါတယ် ။

 

 

စီးတီး ဟာ နောက်ဆုံး ၂ နှစ် မှာ အဂွေရို ရဲ့ ဒဏ်ရာကြောင့် ပွဲနည်းနည်း ကစားရမှု ၊ အဂွေရို ထွက်ခွာ သွားမှုတွေကြောင့် အဓိက တိုက်စစ်မှူး တာဝန် လစ်လပ်နေတာကို မဖြည့်ဆည်းပဲ ကစားသွားခဲ့ ပါတယ် ။

 

အဆိုပါ ကာလတွေမှာ စီးတီး ဟာ ဂိုးသွင်းမှန်တဲ့ တိုက်စစ်မှူး စစ်စစ် မရှိတဲ့ အားနည်းချက် ကို ပွဲအချို့မှာ ပေါ်လွင် စေခဲ့ပြီး ချန်ပီယံလိဂ် ကနေ ထွက်ခွာရမှုတွေ မှာလည်း ဒီကဏ္ဍ အားနည်းချက်ကို ဝိုင်းဝန်း ထောက်ပြ သွားခဲ့ကြ ပါတယ် ။

 

 

ဒါကြောင့် စီးတီး ဟာ ဒေါ့မွန် နဲ့ ပေါင်သန်း ၆၀ တန် စာချုပ်ဖျက်သိမ်းကြေး အသက်ဝင်လာတဲ့ အာလင်း ဟာလန်း ကို ရီးရဲမက်ဒရစ် နဲ့ အပြိုင် ကြိုးပမ်း ခဲ့ပြီး နောက်ဆုံးမှာတော့ အရ ခေါ်ယူ နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

 

ရုပ်တုဖွင့်ပွဲက ဘီဘီစီ သတင်းဌာန နဲ့ တွေ့ဆုံမေးမြန်းခန်း မှာတော့ အဂွေရို က ဟာလန်း ကို ခေါ်ယူနိုင်မှု အတွက် ဝမ်းမြောက်ကြောင်း နဲ့ ပရီးမီးယားလိဂ် နဲ့ ပတ်သက်ပြီး အကြံပြု သတိပေးစကားတွေကို ပြောဆို သွားခဲ့တာပဲ ဖြစ်ပါတယ် ။

 

 

“သူ ( ဟာလန်း ) က တိုက်စစ်မှူးကောင်း တယောက်ပါ ။ သူ စီးတီး နဲ့ အမြန်ဆုံး အသားကျဖို့လည်း မျှော်လင့် ပါတယ် ။ ဘာလို့လည်း ဆိုတော့ ပရီးမီးယားလိဂ် မှာ ကစားရတာက မလွယ်ကူတဲ့ အရာမလို့ပါ ။ ကျွန်တော် က အခု မန်ချက်စတာ စီးတီး ရဲ့ ပရိသတ်တွေထဲက တယောက် ဖြစ်သွားပါပြီ ၊ ဒါကြောင့် သူ့ကို အကောင်းဆုံးတွေ ယူဆောင် လာပေးဖို့ မျှော်လင့် ထားပါတယ်” လို့ အဂွေရို က ပြောဆို သွားခဲ့ ပါတယ် ။

 

 

စီးတီး ဟာ အခုချိန်ထိတော့ ဟာလန်း ကို တရားဝင် စာရင်းမသွင်း နိုင်သေးဘဲ ဇူလိုင် ၁ ရက်နေ့ မှသာ မန်စီးတီး ရဲ့ တရားဝင် ကစားသမား ဖြစ်လာမှာပဲ ဖြစ်ပါတယ် ။

 

စီးတီး ဟာ ဒီရာသီမှာ ဗိုလ်စွဲနေကျ ခါရာဘောင် ဖလား ကို လက်လွှတ် ခဲ့ရသလို FA Cup နဲ့ ချန်ပီယံလိဂ် တွေမှာလည်း ဆီမီး ဖိုင်နယ် အဆင့်ကနေ လက်ပြနှုတ်ဆက် ခဲ့ရ ပါတယ် ။

 

ရာသီပိတ်သိမ်း တော့မယ့် ပရီးမီးယားလိဂ် မှာတော့ အနီးကပ်ဆုံး ပြိုင်ဘက် လီဗာပူး ကို ၃ မှတ် နဲ့ ဂိုးကွာခြားချက် အနည်းငယ် အသာရရှိ ထားပြီး လက်ကျန် ၂ ပွဲမှာ အနည်းဆုံး ၄ မှတ် ရရှိမှသာ ချန်ပီယံဆုကို ကိုင်မြှောက်ဖို့ စိတ်ချ ရမှာ ဖြစ်ပါတယ် ။

 

 

 

SPORTS MYANMAR