ဘောလုံးသမိုင်းကြောင်း တစ်လျှောက် တန်ဖိုးအကြီးဆုံး Shirt Sponsor စာချုပ် ချုပ်နိုင်ဖို့ အလားအလာ ကောင်းနေတဲ့ လီဗာပူး

လီဗာပူး ဟာ သူတို့ရဲ့ Shirt Sponsor စာချုပ်သစ် ချုပ်ဆိုဖို့ လုပ်ဆောင်နေတဲ့ အကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ ရေးသား ဖော်ပြခဲ့ပြီးပြီ ဖြစ်ပါတယ်။

အဲဒီလို စပွန်ဆာ ကိစ္စ ဆွေးနွေးကြတဲ့ အထဲမှာ Financial Services လုပ်ငန်းတွေ ၊ Travel & Tourism လုပ်ငန်းတွေ ၊ Consumer Electronics လုပ်ငန်း ၊ Media နဲ့ Cryptocurrency လုပ်ငန်းတွေပါ ပါဝင်ထားတာပါ။

သို့သော် လက်ရှိ အခင်းအကျင်း မှာတော့ ဈေးကွက် အပြောင်းအလဲတွေ ဆက်တိုက် ရှိလာနေပါတယ်။

လီဗာပူး ဟာ လက်ရှိ အချိန်ထိ ဖလား 4 လုံး အိပ်မက် ကို ဆွဲဆန့်ထားနိုင်ဆဲ ဖြစ်သလို ၊ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းပဲ နည်းပြ ယာဂန် ကလော့ပ် ကို 2 နှစ် စာချုပ် သက်တမ်းတိုး ချုပ်ဆိုလိုက်တာကြောင့် Shirt Sponsor ပေးချင်တဲ့ လုပ်ငန်းတွေ က အရမ်းကို များလာနေပါတယ်။

လီဗာပူး ရဲ့ အောင်မြင်မှုတွေ ကို ထုဆစ်ပေးခဲ့သူက နည်းပြ ယာဂန် ကလော့ပ် ဖြစ်ပါတယ်။ ဒါကြောင့် ကလော့ပ် ကို နည်းပြ တစ်ယောက် ကို ဆက်ထိန်းထားနိုင်တဲ့ စာချုပ်သစ်ဟာ ၊ အသင်း ရဲ့ အလားအလာ ကို ဖော်ပြနေတာ ဖြစ်သလို ၊ စပွန်ဆာ ပေးမယ့် လုပ်ငန်းတွေ အတွက်လဲ ပိုပြီးတော့ စိတ်ချရတဲ့ အနာဂတ် တစ်ခုဖြစ်လာဖို့ သေချာသလောက် နီးပါး ဖြစ်နေပါတယ်။

အထူးသဖြင့် အောင်မြင်မှု ဆုဖလားတွေ နဲ့ အတူ သူတို့ရဲ့ လုပ်ငန်းကို တွဲပြီး ရှုမြင်လာနိုင်တဲ့ အပေါ်ကို အားလုံးက လိုလိုချင်ချင် နဲ့ လက်တွဲချင်နေကြတာပါ။

လက်ရှိ Standard Chartered နဲ့ စာချုပ် က တစ်နှစ် စပွန်ဆာကြေး ပေါင် 40 သန်း ဖြစ်ပြီး ၊ 2023 ခုနှစ် အရောက်မှ ကုန်ဆုံးမှာ စာချုပ်သက်တမ်း ကုန်တော့မှာပါ။ သို့သော် Standard Chartered ကိုယ်တိုင်က လီဗာပူး နဲ့ လက်တွဲပြီး နောက်ပိုင်း သူတို့ရဲ့ အောင်မြင်မှုတွေလဲ ပိုပြီး အရှိန်ရတယ်လို့ ခံစားနေရတာကြောင့် ၊ စာချုပ် သက်တမ်းတိုးဖို့ ကိစ္စကို စတင် ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

ဒီတစ်ကြိမ် စာချုပ် သက်တမ်းမှာတော့ တစ်နှစ် စပွန်ဆာကြေး အဖြစ် ပေါင် သန်း 80 အထိကို မျှော်မှန်းထားကြတာပါ။ လီဗာပူး ရဲ့ အောင်မြင်မှု အလားအလာတွေ ၊ ပြီးခဲ့တဲ့ နှစ်ပိုင်း အတွင်း ရယူခဲ့တဲ့ ဆုဖလား အရေအတွက် ၊ ကွင်းတွင်း စွမ်းဆောင်ရည်တွေကို ကြည့်လိုက်မယ် ဆိုရင် ၊ ဒီလို ပမာဏမျိုး အထိ ရရှိဖို့ ထိုက်တန်တယ်လို့ ဈေးကွက် ကျွမ်းကျင်သူတွေ က ခန့်မှန်းလျှက် ရှိနေပါတယ်။

ဒါကြောင့် တစ်နှစ် စပွန်ဆာကြေး ပေါင် သန်း 80 နဲ့သာ ချုပ်ဆိုခဲ့မယ် ဆိုရင် လီဗာပူး ဟာ ဘောလုံး သမိုင်းကြောင်း တစ်လျှောက် Shirt Sponsor အများဆုံး ရရှိတဲ့ အသင်းအဖြစ် မှတ်တမ်း ရေးထိုးနိုင်မှာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာ အသင်းရဲ့ ဂျာစီ ရောင်းအားတွေကပါ ဆက်တိုက် မြင့်တက်နေတာ ဖြစ်လို့ ၊ ကွင်းပြင်ပ ပုံရိပ် ကြီးမားမှုတွေက ဆက်တိုက် တိုးပွားလျှက် ရှိနေပါတယ်။ Merchandise Analysts ရဲ့ ခန့်မှန်းချက် အရ အဆိုရင် လီဗာပူး ဟာ မကြာခင် အချိန်အတွင်းမှာပဲ ဒီရာသီ ဂျာစီ ရောင်းအား အဖြစ် အရေအတွက် 2 သန်း ကို ကျော်လွန်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာ ဖလား 4 လုံး ဆွတ်ခူးနိုင်ဖို့ အတွက် လက်တကမ်း အလိုကို ရောက်ရှိနေတဲ့ ကာလမျိုး ဖြစ်လို့ ၊ ကွင်းတွင်း အောင်မြင်မှု သမိုင်း မှတ်တမ်းတွေကလဲ တရားဝင် ပေါ်ပေါက်လာဖို့ ရာခိုင်နှုန်း များနေပါတယ်။

ဒီလို ကွင်းတွင်း ၊ ကွင်းပြင်ပ ဟန်ချက်ညီညီ တိုးတက်မှု ရှိနေတဲ့ ကလပ်မျိုးကို ၊ စပွန်ဆာ အဖြစ် လက်တွဲချင်နေကြတဲ့ Brand တွေ များနေတာ အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။ တကယ်လို့များ Standard Chartered ကသာ သူတို့ လက်ရှိ ပေးနေတဲ့ ပေါင် 40 သန်း ရဲ့ နှစ်ဆ 80 သန်း အထိ ပေးလိုက်မယ် ဆိုရင် ပိုပြီးတောင် အံ့အားသင့်ဖို့ ကောင်းလာဦးမှာပါ။

SM