ဘာလို့ အူနိုင်း အမ်မရီ ကို Respect မထားနိုင်ကြတာလဲ လို့ မေးခွန်း ထုတ်လိုက်တဲ့ #Guillem_Balague

ဗီလာ ရီးရဲ လို အသင်းမျိုးက ဥရောပ ရဲ့ အမြင့်ဆုံး ပြိုင်ပွဲမှာ အကြို ဗိုလ်လုပွဲ အထိ တက်ရောက်လာတဲ့ အပေါ် ၊ ဝေဖန်မှု တော်တော်များများ က အူနိုင်း အမ်မရီ ကိုပဲ လက်ညိုးထိုးလာကြပါတယ်။

16 သင်း ရှုံးထွက် အဆင့်မှာ ယူဗင်တပ် ကို နောက်ကောက်ချပြခဲ့ပြီးနောက် ၊ အီတလီသားကြီး အလီဂရီ က ဗီလာ ရီးရဲ ရဲ့ ခံစစ် အသားပေးလွန်းတဲ့ ဗျူဟာ ကို သဘောမကျတဲ့ အကြောင်း ထုတ်ပြောရင်း ဝေဖန် ခဲ့ပါတယ်။ တကယ်တော့ လာလီဂါ ကလပ်ဟာ ပထမ အကျော့မှာ တုန်းက ဘောလုံး ပိုင်ဆိုင်မှု အသာစီးယူ ကစားပြတာကို သူက လစ်လျူရှုထားတာပါ။ ဒါကြောင့် ဒုတိယ အကျော့ ပထမပိုင်းမှာ ပေးဂိုး မရဖို့ အတွက် 0-0 ရလာဒ်ကို တောင့်ခံ ကစားပြရင်း ဒုတိယပိုင်းမှာ အနိုင်ရလာဒ်တွေ ရှာဖွေခဲ့တာ ဖြစ်ပါတယ်။ ပြောရရင် ဒုတိယ ပိုင်း 45 မီးနစ် အတွင်းမှာ 3 ဂို သွင်းရင်း နောက်တဆင့်ကို တက်ခဲ့တာပါ။

ကွာတား ဖိုင်နယ် အဆင့် ရောက်တော့လဲ ဘိုင်ယန် မြူးနစ် ကို ထပ်ပြီး နောက်ကောက်ချပြခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ အမ်မရီ ရဲ့ နည်းဗျူဟာတွေ ကိုတော့ ဝေဖန်သူက နာဂယ်စ်မန် ဖြစ်ပြီး ၊ ထုံး စံအတိုင်း ပထမ အကျော့တုန်းက ဘယ်လို ကစားခဲ့လဲ ဆိုတာကို မေ့ပစ်ထားပါတယ်။ တကယ်ဆို ဗီလာရီးရဲ ဟာ ဂိုးသွင်းခွင့်တွေ တော်တော်များများ ရယူနိုင်ခဲ့တာမို့ ၊ ပထမ အကျော့ ကတည်းက တစ်ဂိုးထက် ပိုတဲ့ အနေအထားမျိုး နဲ့ ဦးဆောင် နိုင်ခဲ့သင့်တာပါ။

အကြို ဗိုလ်လုပွဲ ရောက်တော့ အန်ဖီးလ်မှာ ကစားပါတယ်။ လီဗာပူး ကို 2-0 နဲ့ ရှုံးနိမ့်တဲ့ ပွဲစဉ်မှာ ဂိုးပေါက် ကန်သွင်းမှု တစ်ကြိမ်မှ မရှိခဲ့တဲ့ အကြောင်းကို ထောက်ပြရင်း ၊ ဝိုင်းပြီး ဝေဖန်ကြပါတယ်။ အထူးသဖြင့် Talk Sports မှာ အလုပ်လုပ်နေတဲ့ အစီစဉ် တင်ဆက်သူ တစ်ယောက် ဆိုရင် ပြစ်ပြစ်နှစ်နှစ် ကို ပြောဆိုရင်း ဝေဖန်သွားတာပါ။

တကယ်တော့ ဒီပွဲကို ကစားသွားတဲ့ နှစ်ဖက် မန်နေဂျာတွေ က အဲဒီလို အမြင်မျိုး မရှိကြပါဘူး။ ဗီလာ ရီးရဲ ဟာ ပေါင် သန်း 100 ဘတ်ဂျက်လောက် နဲ့ တည်ဆောက်ထားတဲ့ အသင်းဖြစ်ပြီး ၊ လီဗာပူး က အဲဒီထက် 6 ဆ လောက် ပိုများပါတယ်။

အဲဒီလို ဝေဖန်သံတွေ ဆက်တိုက် ထွက်လာတော့ ၊ အမ်မရီ ကို Respect ပေးဖို့ ထိုက်တန်မှု မရှိကြတော့ဘူးလား ဆိုပြီး မေးချင်လာပါတယ်။

သူဟာ ဆီဗီလာ အသင်းနဲ့ အတူ ယူရိုပါလိဂ် ဖလား 3 ကြိမ် အထိ ဆက်တိုက် ဆွတ်ခူးပြခဲ့သူ ဖြစ်သလို ၊ 2017-2018 ဘောလုံး ရာသီမှာလဲ ပီအက်စ်ဂျီ ကို ကိုင်ရင်း ပြင်သစ် ဖလားတွေ အားလုံးကို သိမ်းပိုက် ခဲ့သူပါ။ မနှစ်က ယူနိုက်တက် လို အသင်းမျိုးကို နောက်ကောက်ချပြရင်း ယူရို ပါလိဂ် ဖလား ထပ်ပြီး ယူခဲ့ပြန်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း 100 အတွင်း ဗီလာ ရီးရဲ ရဲ့ ဥရောပ အောင်မြင်မှု ပထမဆုံး အကြိမ် ပြန်လည် ရှာဖွေထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီ အကြောင်းအရာကို ထိုးချိန် ကြည့်လိုက်ရင်ပဲ အမ်မရီ ဟာ ဥရောပ ရဲ့ ထိပ်တန်း မန်နေဂျာတွေ ထဲက တစ်ယောက် ဆိုတာ ထင်ဟပ်နေပါပြီ။

အခုတော့ အင်္ဂလန် အသိုင်းအဝိုင်း က အာဆင်နယ် မှာ မအောင်မြင်ခဲ့တဲ့ အကြောင်းအရင်း တစ်ခုကိုပဲ စွဲနေပြီး ၊ အမ်မရီ ကို ပျက်ရယ် ပြုချင်နေကြဆဲပါ။ တကယ်တော့ သူဟာ အာဆင် ဝင်းဂါး ခေတ် အလွန် ပြုပြင် ပြောင်းလဲရေးမှာ ဦးဆောင်ခဲ့ရသူ ဖြစ်ပြီး ၊ အသင်းရဲ့ Management အပိုင်းမှာလဲ ဟန်ချက် မညီတဲ့ လူသစ်တွေ နဲ့ အစားထိုးနေချိန် ဖြစ်လို့ ချိန်သားကိုက် မဟုတ်ဘူးလို့ ပြောလို့ ရပါတယ်။

ဒီကြားထဲမှာ အိုဇေး ရဲ့ ကိစ္စက တစ်စခန်း ထခဲ့ပြန်သလို ၊ အာတေးတား တောင် မကိုင်တွယ်နိုင်တဲ့ အဆုံး ဖြစ်တဲ့နည်းနဲ့ လမ်းခွဲလိုက်ရတာပဲ မဟုတ်လား။ ကျနော်တို့ အမြင်မှာတော့ အမ်မရီ ဟာ အာဆင်နယ် ကို အတိုင်းအတာ တစ်ခုအထိတော့ ဆွဲတင်ပြပေးသွားတဲ့ နည်းပြ တစ်ယောက် ဆိုတာ သေချာပါတယ်။

စပိန် မှာတော့ အမ်မရီ အပေါ်ထားတဲ့ အမြင်က အင်္ဂလန် လို မဟုတ်ပါဘူး။ သူ့ရဲ့ နည်းစနစ်ပိုင်း ဆိုင်ရာ ကျွမ်းကျင် ကျေညက်မှုကို တန်ဖိုးထားကြပါတယ်။

အန်ဖီးလ်မှာ လီဗာပူူး နဲ့ ကစားခင် အချိန်က ဆိုရင် သူဟာ Villareal Sport City Complex မှာ 4 ရက်ဆက်တိုက် လီဗာပူး ပွဲစဉ် 15 ပွဲကို အစ အဆုံးကြည့်ရင်း လေ့လာမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့်လဲ လီဗာပူး နဲ့ ပုခုံးချင်း သွားယှဉ်မိခဲ့ရင် အရှက်တရားပဲ ရသွားနိုင်တယ် ဆိုတာ သိတဲ့ အတွက် ၊ အကောင်းဆုံး ဖြစ်မယ့် ဗျူဟာမျိုးကိုပဲ ချဉ်းကပ်သွားခဲ့ပါတယ်။

ပထမ အကျော့ အကြောင်း ပြန်ပြောရရင် သူဟာ လီဗာပူး ရဲ့ အလွတ် တည်ကန်ဘောတွေ ကနေ ဂိုးရအောင် ယူလေ့ရှိတဲ့ အစဉ်အလာမျိုးကိုတော့ ရအောင် ကာကွယ်ပြသွားနိုင်ခဲ့ပါတယ်။

လီဗာပူး မန်နေဂျာ ကလော့ပ် က သတိကြီးကြီး ထားတတ်သူပါ။ အလီဂရီ ၊ နာဂယ်စ်မန် တို့လို ပြိုင်ဘက် ကို ဝေဖန်တဲ့ စကားလုံးတွေ လုံး၀ မသုံးနှုန်းခဲ့သလို ၊ လျှော့တွက်ထားတယ် ဆိုတဲ့ အပြောမျိုးကိုလဲ တစ်ခွန်းမှ မဟခဲ့ပါဘူး။ ဒီည ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ဂျရတ် မိုရီနို လဲ ပြန်ပြီး ပါဝင် ကစားနိုင်ဖွယ် ရှိနေလို့ ပုံစံ မတူတဲ့ ဗီလာ ရီးရဲ ကို ပြန်ပြီး မြင်ကြရမယ် ထင်ပါတယ်။
2-0 ရလာဒ် ကို ပြောင်းပြန်လှန်ပစ်ဖို့ ဆိုတာ ဖြစ်နိုင်ချေ မရှိပေမယ့် ၊ ဘိုင်ယန် ၊ ယူဗင်တပ် ၊ ယူနိုက်တက် ၊ အာဆင်နယ် တို့ကို ဥရောပ စာမျက်နှာမှာ နောက်ကောက် ချပြခဲ့တဲ့ မှတ်တမ်းတွေ တင်ကိုက အမ်မရီ ရဲ့ ဗီလာရီးရဲ ကို လျှော့တွက်လို့ မရဘူး ဆိုတာ လီဗာပူး က သဘောပေါက် ထားပြီးလောက်ပါပြီ။

တကယ်လို့များ ထင်မှတ် မထားတဲ့ ခြေစွမ်းတွေ ဒီညမှာ ပြသမယ် ဆိုရင်တော့ အမ်မရီ ရဲ့ နည်းပြ ဘ၀ အကောင်းဆုံး အခိုက်အတန့်မျိုးတွေ ဖြစ်လာပါလိမ့်မယ်။ ဘာကြောင့် ပီအက်စ်ဂျီ ၊ အာဆင်နယ် တို့က သူ့ကို နည်းပြသစ် အဖြစ် ခန့်ခဲ့တာလဲ ဆိုတာ ပေါ်လွင်လာပါလိမ့်မယ်။

ထပ်ပြောရရင် ဥရောပ ထိပ်သီး ကလပ်တွေ က နောင်တချိန်မှာ သူ့ကို တာဝန်ပေးအပ်ဖို့ အတွက် စဉ်းစားကောင်း စဉ်းစားလာနိုင်သလို ၊ လူးဝစ် အင်းနရစ် ခေတ် အလွန် စပိန် လက်ရွေးစင် နည်းပြနေရာကိုပါ လျာထားခြင်း ခံရတာမျိုးတွေ ရှိလာနိုင်ပါတယ်။

Guillem_Balague ဟာ အင်္ဂလန် က နာမည်ကြီး မီဒီယာတွေမှာ စပိန် ဘောလုံး ဆောင်းပါးတွေ ဆက်တိုက် ရေးသားနေတဲ့ ပင်တိုင် ဆောင်းပါးရှင် တစ်ယောက် ဖြစ်ပါတယ်။

SM