ဗီလာ ရီးရဲ ကို အပိုင်တွက်မထားဘူးလို့ ဆိုလိုက်တဲ့ ကလော့ပ်

လီဗာပူး အသင်းရဲ့ နည်းပြကြီး ယာဂန် ကလော့ပ် က အန်ဖီးလ် မှာ ကစားခဲ့တဲ့ ပထမ အကျော့ပွဲစဉ်မှာ ခြေစွမ်းအသာ နဲ့ ကစားပြီး ၂-၀ အနိုင် ရရှိထားသည့်တိုင်အောင် ဗီလာ ရီးရဲ ကို အပိုင် မတွက်ထားဘူးလို့ ဆိုလိုက်ပါတယ်။

တကယ်တော့ လီဗာပူး ဟာ ဒီရာသီ ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ် အားလုံးကို အနိုင်ယူပြထားတဲ့ တစ်ခုတည်းသော အသင်းအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

မနေ့ညက ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကလော့ပ် က

‘ အခုမှ ပထမပိုင်းပဲ ပြီးသေးတယ် ဆိုတာ သိပါတယ်။

အကောင်းဆုံး ကတော့ ပထမ အကျော့ ရလာဒ် ကို မေ့ပစ်ထားမယ် ဆိုရင် ပိုကောင်းပါတယ်။ တကယ်လို့ ဒီပွဲဟာ တစ်ကျော့သာ ကစားပြီး အဆုံးအဖြတ် ခံယူရတဲ့ ဖလား ပြိုင်ပွဲမျိုး ဖြစ်ခဲ့မယ် ဆိုရင်တောင် ကျနော်တို့ က ဗီလာ ရီးရဲ ကွင်းမှာ အနိုင်ရလာဒ် အတွက် ဦးတည်ပြီးပဲ ကစားမှာပါ။

သူတို့ ကလဲ ရှိသမျှ ခွန်အားတွေ သုံးပြီး ပေးဆပ် ကစားမယ် ဆိုတာ သိပါတယ်။ ဒါက ရှင်းနေတာပဲလေ။ ပထမ အကျော့ အပြီးတုန်းက အူနိုင်း အမ်မရီ ပြောသွားတဲ့ အတိုင်း ဆိုရင် ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။ ဒါပေမယ့် ဒါက အဆင်ပြေပါတယ်။ ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲစဉ်မျိုး ဖြစ်နေလို့ ခက်ခဲတဲ့ ပွဲမျိုးပဲ ဖြစ်သင့်တာပါ။ ကျနော်တို့ကလဲ ဘယ်တော့မှ လွယ်ကူလိမ့်မယ်လို့ မျှော်လင့်ထားတာ မရှိပါဘူး။

ဒါပေမယ့် အိမ်ကွင်းတုန်းက ပွဲကောင်း တစ်ပွဲ ဖြစ်အောင် ကစားပြနိုင်ခဲ့တာမို့ ၊ ဒီပွဲကိုတော့ ပိုကောင်းအောင် ကစားပြနိုင်ဖို့ ကြိုးစားမှာပါ”

“ လောလောဆယ် မှာတော့ ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲစဉ်က အရေးအကြီးဆုံး ပွဲမျိုးပါပဲ။ ရှေ့ပွဲတွေတုန်းက ဘယ်လို ရလာဒ်တွေပဲ ရအောင် ကစားပြခဲ့ပြခဲ့ ၊ နောက်ပွဲတွေ မှာတော့ ဘယ်လိုပဲ ရင်ဆိုင်ရဦးမယ် ပြောပါစေ ၊ လက်ရှိမှာ အရေးအကြီးဆုံးဖြစ်နေတာ က ဒီပွဲပါ။

နောက်တစ်ကြိမ် ဒီအဆင့်ကို ထပ်ပြီး ရောက်လာဦးမယ်လို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ ပြီးတော့ နောက်ထပ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုလဲ ရောက်သွားလိမ့်မယ်လို့လဲ ပြောလို့ မရသေးဘူးလေ။ ကျနော်တို့မှာ တောင့်တင်းတဲ့ ကစားသမား စုဖွဲ့မှု ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် ဘယ်အရာကိုမှ အပိုင်တွက် မထားပါဘူး။ တစ်ခါတလေ ကံကြမ္မာရဲ့ ဖေးမမှုတွေ ကလဲ လိုသေးတယ်လေ။ ဒါကြောင့်မို့ ဂရုတစိုက် နဲ့ အဆင်သင့် ဖြစ်အောင် ပြင်ထားဖို့ ပါပဲ။

ကျနော်တို့ က ဗိုလ်လုပွဲကို လိုလိုချင်ချင် နဲ့ကို ရောက်ချင်တာပါ။ တကယ်လို့ ဗီလာ ရီးရဲ က ကိုယ့်ထက် ပိုကောင်းလို့ ပြန်ပြီး အနိုင်ယူသွားမယ် ဆိုရင်လဲ Congratulations လုပ်မှာပါ။ လောလောဆယ်တော့ နောက်ထပ် ၉၅ မီးနစ် (သို့) ဒီထပ် ပိုများတဲ့ မီးနစ်တွေ နွှဲဖို့ ကျန်နေပါသေးတယ်။ ကျနော်ကတော့ ရင်ဆိုင်ဖို့ အသင့်ပါပဲဗျာ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

လီဗာပူး မှာ တိုက်စစ်မှုး ဖာမီနို တစ်ယောက်ပဲ ဒဏ်ရာပြသနာကြောင့် ဒီပွဲကို လွဲချော်မှာ ဖြစ်သည့်တိုင်အောင် စပိန် ခရီးစဉ် ကိုတော့ လိုက်ပါလာမှာ ဖြစ်ကြောင်း ကလော့ပ် က အတည်ပြု သွားခဲ့ပါတယ်။

ကလော့ပ် ဟာ ဒဏ်ရာပြသနာ ရှိနေတဲ့ ကစားသမား တစ်ယောက်ကိုတောင် အနားမပေးပဲ စပိန်ကို ခေါ်ဆောင်လာတာ ကြည့်ရင် ရည်ရွယ်ချက် အကြီးကြီး ရှိနေတာ ထင်ရှားပါတယ်။ တကယ်လို့ ဗီလာ ရီးရဲ ကိုသာ ကျော်ဖြတ်နိုင်မယ် ဆိုရင် ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီးဆီ တက်ရောက်သွားမှာ ဖြစ်လို့ ၊ အသင်းဖော်တွေ ၊ အဝေးကွင်း အထိ လိုက်ပါ အားပေးမယ့် ပရိသတ်တွေ နဲ့ အတူတူ အောင်ပွဲ ခံနိုင်ဖို့ အတွက် ဖာမီနိုကို ခေါ်ဆောင်ခဲ့တာလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဒီညမှာ ဗီလာ ရီးရဲ ကပဲ တကယ့် ဖျက်မြင်း အစစ်လား ၊ လီဗာပူးကပဲ ဖလား ၄ လုံး အကောင်ထည် ဖော်မယ့် အသင်းလား ဆိုတာ အဖြေပေါ်လာတော့မှာပါ။

SM