ဗိုလ်လုပွဲမှာ ရီးရဲ မက်ဒရစ် နဲ့ တွေ့ချင်တယ်လို့ ဆိုလိုက်တဲ့ မို ဆာလာ 

BT: Congratulations Mo …ဒီအင်တာဗျူး ကို တစ်ကမ္ဘာလုံးက လီဗာပူး ဖန်တွေလဲ ကြည့်နေတယ်။ အဲဒီတော့ အဝတ်လဲခန်း အတွင်းက အခြေအနေတွေ ပြောပြပါဦး။

Mo: နောက်ဆုံး 5 နှစ် အတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို 3 ကြိမ် အထိ တက်လှမ်းနိုင်တာ ကျေနပ်စရာပါ။ လုံး၀ ကို မယုံကြည်နိုင်အောင်ပါပဲ။ အဝတ်လဲခန်း အတွင်းမှာတော့ အားလုံးက ပျော်ရွှင်နေကြပါတယ်။ အသောက်အစားလေးနဲ့ နည်းနည်းပါးပါး အောင်ပွဲခံကြဦးမယ် ထင်ပါတယ်။

ဒါပေမယ့် နောက်တစ်ပတ်မှာ ကစားရမယ့်ပွဲ ရှိတယ်လေ ၊ ဒါကြောင့် အဲဒီ ပွဲအတွက်လဲ အာရုံပြန်စိုက်ကြရဦးမှာပါ။ ဒီနေ့တော့ အောင်ပွဲခံတာတွေ ရှိနိုင်ပေမယ့် ၊ မနက်ဖြန်ရောက်ရင် ပုံမှန် ပြင်ဆင်မှုတွေ အတိုင်း ဆက်လုပ်သွားမှာပါ။

 

ဖာဒီနန် : အောင်ပွဲခံတဲ့ အကြောင်းပြောသွားလို့ ၊ ဘယ်လောက် ကြာကြာ အောင်ပွဲခံကြလဲ။ ငါတို့လဲ ဘောလုံး ကစားခဲ့တာပါ။ ကွင်းထဲမှာ Mo အတွက် အခိုက်အတန့်ကောင်းတွေ ရှိခဲ့တယ် ၊ အခွင့်အရေး တစ်ချို့တွေ ရခဲ့သည့်တိုင်အောင် ၊ ဒါက နောက်ဆုံးမဟုတ်သေးဘူး ၊ နောက်ထပ် အခွင့်အရေးတွေ ထပ်ရဦးမှာ ဆိုတဲ့ အမြင်မျိုး နဲ့ အာရုံစူးစိုက်မှု အပြည့်ထားတာ သတိထားမိတာ ကြာပြီ။

ဒီလို အောင်ပွဲမျိုး ရပြီးတဲ့ အချိန်မှာတောင် နောက်ပွဲ အတွက် ဘယ်လိုလုပ်ပြီး ချက်ခြင်း အာရုံစူးစိုက်မှု အပြည့်ထားနိုင်ရတာလဲ။

Mo : ကျနော့် အမြင်တော့ ဒီနေ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်သွားတယ် ၊ အဲဒီတော့ ဒီအခိုက်အတန့်အတွက် ပျော်ရွှင်ရမှာပါပဲ။ ဒါပေမယ့် မနက်ဖြန် က စလို့ နောက်ထပ် မတူညီတဲ့ ပြိုင်ပွဲအတွက် ပြင်ရတော့မယ်။ ပြီးတော့ ကျနော်တို့ က စပါးကို ရှုံးလု့ိလဲ မဖြစ်ဘူးလေ။ ဒါကြောင့် ဒီညတော့ ပျော်ပွဲ ရွှင်ပွဲတွေ ရှိမှာပါ။ မနက်ဖြန်ရောက်ရင် နေ့သစ်ဖြစ်သွားပါပြီ။

မိုက်ကယ် အိုဝင် : Mo…လက်ရှိ အသင်းက ဘယ်လောက်အထိ ထူးခြားနေလဲ။ ပထမပိုင်း ဗီလာရီးရဲ က အသာစီးရနေတဲ့ အနေအထားကနေ ဒုတိယပိုင်းလဲ ရောက်ရော မီးနစ် ပိုင်းအတွင်းမှာတင် ပွဲကို အဖြေပေါ်အောင် ပြလိုက်တယ်။ တကယ့် အချိန်ပိုင်းလေး အတွင်းပါပဲ။

Mo : ပထမပိုင်း က တော်တော်လေးကို ခက်ခဲခဲ့ပါတယ်။ အဲဒီနောက် အဝတ်ခန်း ကို ရောက်လာကြချိန်မှာ နည်းပြကြီးက အရင်ဆုံး စကားပြောတယ် ၊ ပြီးတော့ ကစားသမားတွေ အချင်းချင်း ပြောကြ ၊ တိုင်ပင်ကြတာမျိုးတွေ ရှိပါတယ်။

အဝတ်လဲခန်း အတွင်းက ကစားသမားတွေ ရဲ့ Character နဲ့ Personality တွေက ထိပ်တန်း အဆင့်မှာ ရှိပါတယ်။ ဒါကြောင့်လဲ ဒုတိယပိုင်းမှာ ပြန်ပြီး တည်တည်ငြိမ်ငြိမ် နဲ့ ကစားရင်း တွန်းလှန်ပြခဲ့တာပါ။ အနိုင်ရလာဒ် အထိပါ ဖော်ဆောင်နိုင်တာကတော့ ပိုပြီးတော့ စိတ်လှုပ်ရှားဖို့ ကောင်းသွားပါတယ်။

ဖာဒီနန် : အဝတ်လဲခန်းထဲမှာ စကားပြောကြရုံပဲလား ၊ အပြန်အလှန် မအော်ဟစ်ကြဘူးလား။

Mo : နည်းပြကြီး က အစောပိုင်းမှာတော့ စကားပဲ ပြောတာပါ။ နောက်ပိုင်းရောက်မှာ အော်ဟစ် ပြောဆိုတာမျိုးတွေ ရှိပါတယ်။

 

ပီတာခရောက် : Mo…ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို ဘယ်လိုမျိုးများ ထိန်းထားတာလဲ။ အာဖရိက ဖလားပွဲတွေ သွားကစားခဲ့တယ် ၊ ပြီးတော့ ပြန်ရောက်လာပြီး ပွဲတိုင်း ဝင်ကစားပေးနေတယ်။ ဒီလို အခြေအနေမျိုးကြားကနေ ထိပ်တန်း အဆင့် စွမ်းဆောင်ရည်တွေ ရအောင် ဘယ်လို ထိန်းထားလဲ။

Mo : ကျနော်လဲ သေချာတော့ မရှင်းပြတတ်ပါဘူး။ အသင်းအတွက် ရှိသမျှ အစွမ်းကုန် ပေးဆပ် ကစားတာပဲ ရှိပါတယ်။ အီဂျစ် အတွက်လဲ အာဖရိက ဖလား ပြိုင်ပွဲမှာ လုပ်ပြနိုင်သလောက် ကစားပေးခဲ့တယ် ၊ အဲဒီပြိုင်ပွဲက ပြီးသွားတော့ လီဗာပူး အတွက် ပြန်ပြီး အာရုံစိုက်ရတာပေါ့။ ဘာလို့လဲ ဆိုတော့ ကျနော်တို့က စစ်မျက်နှာ ပြင်တိုင်းမှာကို တိုက်ပွဲ ဝင်နေကြတာလေ။

အခု ဖလား တစ်လုံး ဆွတ်ခူးထားပြီးပြီ ၊ အခု နောက်ထပ် ဗိုလ်လုပွဲ တစ်ပွဲကို ရောက်သွားပြီ ဖြစ်သလို ၊ ပရီးမီးယားလိဂ် မှာလဲ ဆက်ပြီး တိုက်ပွဲဝင်သွားဦးမှာပါ။ ကျနော် ကတော့ ကိုယ့်ရဲ့ ပင်ကိုယ်ဟန် အတိုင်း အာရုံအပြည့်စိုက်ထားတယ် ၊ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်တယ် ၊ Recovery ကောင်းအောင် ဂရုစိုက်တယ်။ အဲဒီတော့ ဘောလုံးက လွဲရင် ကျန်တာ ခေါင်းထဲ မထားပါဘူး။

 

ရာသီအကုန်မှာ ကိုယ်က ဘာလိုချင်လဲ ဆိုတာ ကောင်းကောင်းသိပါတယ်။ ဒါကြောင့် အဲဒီ အရာတွေ သိမ်းပိုက် နိုင်ဖို့ အများကြီး မျှော်လင့်ထားတယ်လေ။

 

ဖာဒီနန် : ရာသီအကုန်ရောက်ရင် ကိုယ်လိုချင်တာတွေ ရှိတယ် ဆိုတော့ ၊ ရာသီ တစ်ခု စတင်ပြီ ဆိုတာနဲ့ “ငါ ဘယ်နှစ်ဂိုး သွင်းမယ် ၊ ဂိုးဖန်တီးမှုတွေ ဘယ်လောက် လုပ်မယ်” ဆိုပြီး Target လုပ်ထားတာ ရှိလား။

 

Mo : အမြဲတမ်းပါပဲ။ ဘောလုံးရာသီ တစ်ခု စတင်ပြီ ဆိုတာနဲ့ ကိုယ်ဘာလိုချင်လဲ ဆိုတာ သိပါတယ်။ အဲဒီထဲမှာ တစ်ဦးချင်း ထူးခွျှန် ဆုတွေလဲပါတယ် ၊ အသင်းလိုက် အောင်မြင်မှုတွေလဲပါ ပါတယ်။ အသင်းအတွက်‌ေအာင်မြင်မှုကတော့ ဦးစားပေးပေါ့။

ဖာဒီနန် : လက်ရှိမှာတင် သွင်းဂိုး က 30 နဲ့ စုစုပေါင်း ဂိုးဖန်တီးမှု 15 ကြိမ် ရှိထားပြီ။ အဲဒီ စွမ်းဆောင်ရည်က ကိုယ် ပစ်မှတ်ထားခဲ့တဲ့ Target အထက်မှာ ရောက်နေပြီလား။

Mo : No… အောက်မှာပဲ ရှိပါသေးတယ်။ ကျနော် က ကိုယ့်ကိုယ်ကို အကြီးကြီးတွေ မှန်းထားတဲ့ သူပါ။ အရိုးသားဆုံး ပြောရရင် ကိုယ့်စိတ်ထဲက အကြောင်းတွေက အရင်က ဘယ်သူ့ကိုမှ မပြောခဲ့ဖူးပါဘူး။ ဒီရာသီ မစခင်တုန်းက ဆိုရင် ငါ သွင်းဂိုး 40 တော့ ရအောင် သွင်းပြမယ် ၊ ဂိုးဖန်တီးမှုကို 10 ကြိမ် အထိ လုပ်ပြမယ် ဆိုပြီး ပစ်မှတ်ထားခဲ့ပါတယ်။

အခုတော့ ဂိုးဖန်တီးမှု က 15 ကြိမ် အထိ ရောက်သွားပြီ ဖြစ်လို့ ကျော်လွန်တောင် နေပါပြီ ၊ ဒါကြောင့် ဂိုးသွင်းဖို့ပဲ အာရုံစိုက်တော့မှာပါ။ (ရယ်လျှက်)

BT: တကိုယ်ကောင်း ဆန်တဲ့ မို ဆာလာ တွေ့ပြီဟေ့ (ဝိုင်း ရယ်လျှက်)

Mo : အခုချိန် ထရန့် ကတော့ တော်တော်လေး စိတ်ဆိုးနေလောက်ပါပြီ။ ဘာလို့လဲ ဆိုတော့ ကျနော် က ပရီးမီးယားလိဂ် ဂိုးဖန်တီးမှု အများဆံး စာရင်းမှာ ထိပ်ဆုံး ကို ရောက်နေလို့လေ။ ဘာပဲနေရာပဲ ဖြစ်ဖြစ် ကျနော်ကလဲ ထိပ်ဆုံးမှာ ရှိနေချင်တာပါ။

BT: ရာသီ အစတုန်းကတော့ ဖလား 4 လုံး အထိ မမှန်းလောက်ပါဘူး။

Mo : အရိုးသားဆုံး ဝန်ခံရရင် ရာသီ အစတုန်းကတော့ ကျနော့် ရဲ့ အဓိက ပစ်မှတ်က ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်ပါ။ အခုတော့ ဖလား အလုံးက လက်တစ်ကမ်း အလိုရောက်နေပြီမို့ ၊ ဘာလို့ မဖြစ်နိုင်ရမှာလဲ။

BT: ဘယ်အချိန်မှာ ဖလား 4 လုံး အထိ ဆွတ်ခူးနိုင်လိမ့်မယ်လို့ စပြီး ယုံကြည်မှုတွေ ရခဲ့တာလဲ ဆိုတာ မှတ်မိလား။

Mo: မန်စီးတီး ကို အက်ဖ်အေ ဖလား အကြိုဗိုလ်လုပွဲ အနိုင်ယူပြီးမှာ အဲဒီ ယုံကြည်မှုမျိုး ရလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ် ကိုတော့ အစောကြီး ကတည်းက မှန်းထားတာပါ။

အုပ်စုတွင်းတုန်းက ကျနော်တို့ဟာ မရဏ အုပ်စုတွင်း ကျရောက်ခဲ့သည့်တိုင်အောင် ပွဲစဉ်အားလုံးကို အနိုင်ကစားပြခဲ့တယ်လေ။ ဒါကြောင့်မို့ ငါတို့ ဒီနှစ်တော့ ချန်ပီယံလိဂ် ဖလား ဗိုလ်စွဲမယ် ဆိုပြီး ယုံကြည်မှု က အပြည့်ရှိနေခဲ့တာပါ။

ဖာဒီနန် : မနက်ဖြန်ည မန်စီးတီး နဲ့ ရီးရဲ မက်ဒရစ် ကစားကြတော့မယ်။ ဘယ်အသင်းနဲ့ ဗိုလ်လုပွဲမှာ ကစားချင်လဲ။

Mo : ရီးရဲမက်ဒရစ် နဲ့ ကစားချင်ပါတယ် ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင် မန်စီးတီး က အရမ်းကို ကစားရတာ ခက်တဲ့ အသင်းပါ။ ဒီရာသီမှာ သူတို့ နဲ့ အကြိမ်ရေ အနည်းငယ် ရင်ဆိုင် ကစားခဲ့ဖူးပါပြီ။

ကျနော့် ခံစားချက်ကို ပြောရရင် ရီးရဲ မက်ဒရစ် နဲ့ပဲ တွေ့ချင်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ကို ဗိုလ်လုပွဲမှာ ရှုံးနိမ့်ထားခဲ့လို့ပါပဲ။

 

 

SPORTS MYANMAR