ဗန်ဒိုက်က်ို အထူးချီးကျူးသွားခဲ့ကာ ချန်ပီယံလိဂ်ဖိုင်နယ်နဲ့ ပက်သက်ပြီး ခန့်မှန်းလိုက်တဲ ဝုဒ်ဂိတ်

ရီးရဲယ်မက်ဒရစ် နဲ့ စပါး နောက်ခံလူဟောင်း ဖြစ်သူ ဂျိုနသန်ဝုဒ်ဂိတ်က ဗာဂျယ်ဗန်ဒိုက်ဟာ တအားကို ကောင်းလွန်းလှတဲ့ နောက်ခံလူလို့ ဆိုလိုက်ပြီး ဒီရာသီ လီဗာပူး စတားရဲ့ စွမ်းဆောင်ပေးထားမှု အပေါ် ချီးကျူးသွားခဲ့ပါတယ်။ ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ရာသီရဲ့ ကာလအများစုကို ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် လွဲချော်ခဲ့ရပေမယ့်လည်း ဒီရာသီမှာတော့ ကလပ်အတွက် ပြိုင်ပွဲစုံမှာ ၄၈ ပွဲ ကစားထားခဲ့ပြီး ဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ လီဗာပူးတို့ ကာရာဘောင်ဖလား ချန်ပီယံဖြစ်အောင် ကူညီပေးခဲ့တဲ့ အပြင် အက်ဖ်အေဖလား နဲ့ ချန်ပီယံလိဂ်ဖိုင်နယ် တို့ကို တက်ရောက်နိုင်အောင်လည်း စွမ်းဆောင်ပေးခဲ့ပါတယ်။ နယ်သာလန် နောက်ခံလူဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ယခုလကုန်မှာ ကျင်းပသွားမယ့် ချန်ပီယံလိဂ်ဖိုင်နယ်မှာ သူ့ကစားသမားဘ၀ရဲ့ အခက်ခဲဆုံး စမ်းသပ်မှု အဖြစ် ရီးရဲယ်မက်ဒရစ် တိုက်စစ်မှုး ဘန်ဇီးမားနဲ့ ရင်ဆိုင်ကစားရတော့မှာ ဖြစ်ပါတယ်။

ဘန်ဇီးမားဟာ သူ့ရဲ့ တစ်ကိုယ်တော် အစွမ်းတွေနဲ့ အတူ ပီအက်ဂျီ ချဲလ်ဆီး နဲ့ မန်စီးတီး တို့ကို ကျော်ဖြတ်ကာ ရီးရဲယ်မက်ဒရစ်တို့ ချန်ပီယံလိဂ်ဖိုင်နယ် တက်နိုင်အောင် ကူညီပေးထားသူ ဖြစ်ပါတယ်။

၀ုဖ်ဂိတ်က “ကျွန်တော်ကတော့ ဗန်ဒိုက်ဟာ ကျွန်တော့်ဘ၀တစ်လျှောက် မြင်တွေ့ခဲ့ဖူးတဲ့ ဗဟိုနောက်ခံလူတွေထဲမှာ အကောင်းဆုံးလို့ ထင်ပါတယ်။ သူဟာ တကယ့်ကို မယုံနိုင်စရာပါ။ မြင်တွေ့ဖူးသမျှ ထဲမှာ အကောင်းဆုံးပါပဲ။ ဘန်ဇီးမားဟာ ဒီရာသီမှာ ရီးရဲယ်အတွက် ၄၃ ဂိုးထိ သွင်းယူပေးထားခဲ့ကာ တကယ့်ကို မယုံနိုင်စရာ စွမ်းဆောင်ရည်ကို ပြသထားခဲ့တယ်လို့ ထင်ပါတယ်။ သူ့အနေနဲ့ ဗန်ဒိုက်နဲ့ ရင်ဆိုင်ရတဲ့ အခါ အကောင်းဆုံး ဖြစ်နေဖို့ လိုအပ်ပါတယ်။

ဗန်ဒိုက်ဟာ ဗဟိုနောက်ခံလူ တစ်ဦး အနေနဲ့ ကိုယ်လိုချင်တဲ့ အရည်အသွေး အားလုံး ရှိနေသူပါ။ ကိုယ့်ရဲ့ အသင်းမှာ ဘယ်လိုမျိုး ဗဟိုနောက်ခံလူကို လိုချင်သလဲလို့ မေးလိုက်မယ်ဆိုရင် ဒါဟာ ဗန်ဒိုက်ပဲ ဖြစ်ပါတယ်။ အကယ်၍ လီဗာပူးတို့ သူ့ကို ဆုံးရှုံးခဲ့မယ်ဆိုရင် သူဟာ အစားထိုးနိုင်မယ့် ကစားသမား မဟုတ်ပါဘူး။ သူဟာ လီဗာပူးအသင်းမှာ အရေးပါဆုံး ကစားသမား ဖြစ်ပါတယ်။ ဘန်ဇီးမားနဲ့ ရင်ဆိုင်ရတာဟာ ခက်ခဲပါတယ်။ ဒါပေမယ့် ဗန်ဒိုက်ကို ရင်ဆိုင် ကစားရတာကလည်း တကယ့်ကို မလွယ်ကူလှပါဘူး။ သူဟာ အထူးကို ကောင်းလွန်းပါတယ်။” လို့ ချီးကျူးလိုက်ပါတယ်။

လာမည့် မေလ ၂၈ ရက်နေ့ လီဗာပူးနဲ့ ရီးရဲယ်မက်ဒရစ်တို့ ရင်ဆိုင်ကစားသွားကြမယ့် ချန်ပီယံလိဂ်ဖိုင်နယ်နဲ့ ပက်သက်ပြီး ဝုဒ်ဂိတ်က “လီဗာပူးတို့ ဗိုလ်စွဲပါလ်ိမ့်မယ်။ သူတို့မှာ အရည်အသွေးမြင့် ကစားသမားတွေ တအားကို များလွန်းပါတယ်။ သူတို့ဟာ တအားကို ကျားကုတ်ကျားခဲ ကစားကာ တအားကို မြန်ကြပါတယ်။ သူတို့ဟာ space တွေကို လျှင်မြန်စွာ ပိတ်ကစားတက်တဲ့ အသင်းပါ။ လီဗာပူး ကစားသမားတွေဟာ တကယ့် သားရဲတွေပါပဲ။ သူတို့ဟာ တားမရဆီးမရ ဖြစ်နေတဲ့ စက်ယန္တရားကြီးပါ။

သူတို့ရဲ့ အသင်းမှာ အရည်အသွေးမြင့် ကစားသမားတွေ အများအပြား ရှိနေပါတယ်။ သူတို့ဟာ ရီးရဲယ်ထက် လျှင်မြန်မှု ပါဝါ နဲ့ intensity ပိုမြင့်မားပါတယ်။ ကျွန်တော်ကတော့ ရီးရဲယ်တို့ ရုန်းကန်ရလိမ့်မယ်လို့ ထင်ပါတယ်။ စီးတီး ချဲလ်ဆီး ပီအက်ဂျီ တို့နဲ့ပွဲစဉ်တွေမှာ သူတို့ရဲ့ ကစားပုံကို ကျွန်တော် ကြည့်ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ ဒီအသင်းအားလုံးကို နိုင်ခဲ့တာ မှန်ပေမယ့် ကံတရားကို အားကိုးခဲ့ရပါတယ်။ ဒါဟာ လီဗာပူးနဲ့ ရင်ဆိုင်ရမယ့် တစ်ပွဲထိုးပွဲပါ။ ဘာနေဗျူးမှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ လီဗာပူးဟာ သူတို့အတွက် တအားကို ကောင်းလွန်းကာ ဗိုလ်စွဲသွားလိမ့်မယ်လို့ ထင်ပါတယ်။” လို့ ခန့်မှန်းခဲ့ပါတယ်။

SM