‘ ဖိုင်နယ် အမှီ ပြန်ကောင်းဖို့ မဖြစ်နိုင်သလောက်ပါပဲ ‘ – ကိုဗာဆစ် ဒဏ်ရာ အကြောင်း စိုးရိမ်ဖွယ် ပြောပြရင်း ၊ ဒန်ဂျိမ်းစ်ရဲ့ အနီကတ် အပေါ် မှတ်ချက်ပေးလိုက်တဲ့ တူချယ်

 

ချဲလ်ဆီး အသင်းဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ တန်းမဆင်းရဖို့ ကြိုးစားနေတဲ့ လိဒ်စ်ယူနိုက်တက် အသင်းကို Elland Road မှာ တဖက်သတ် သက်တောင့်သက်သာ ကစားပြီး ၊ ၀ – ၃ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ် ။

ဒီရလဒ်ကြောင့် ချဲလ်ဆီး ဟာ အောက်က လန်ဒန်မြို့ခံ ပြိုင်ဖက် ၂သင်းရဲ့ ထိပ်တိုက် တွေ့ဆုံမှုမှ သရေ ဖြစ်တာနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် တနေရာ သေချာမှာ ဖြစ်ပါတယ် ။ ဒီလို အရေးပါတဲ့ အနိုင် ၃မှတ်ဟာ ချဲလ်ဆီး ပရိသတ်တွေ အဖို့တော့ ရာနှုန်းပြည့် ပျော်စရာ မဖြစ်စေခဲ့ပါဘူး ။

 

အားထားရတဲ့ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ် ဟာ ပထမပိုင်း မိနစ် ၂၀ ဝန်းကျင်မှာ လိဒ်စ်တိုက်စစ်မှူး ဒန်နီရယ် ဂျိမ်းစ်ရဲ့ ဆိုးရွားတဲ့ ပြစ်ဒဏ် ကျူးလွန်ပုံကြောင့် ခြေကျင်းဝတ် ဒဏ်ရာ ထပ်ရခဲ့ပြန်ပါတယ် ။ ဒါကြောင့် လာမယ့် စနေနေ့မှာ ယှဉ်ပြိုင် ကစားမယ့် လီဗာပူးနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲကို ကိုဗာဆစ် တယောက် လွဲချော်ဖို့ သေချာသလောက် ဖြစ်နေပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ကိုဗာဆစ် ဟာ ဒီ ခြေကျင်းဝတ် ယောင်ကိုင်းမှုကြောင့် ဝင်ဘလေဖိုင်နယ်ကို ရာနှုန်းပြည့် လွဲချော်ပြီလို့ ပြောမရပေမယ့် ၊ ဒဏ်ရာ အခြေအနေကို ကြည့်ပြီး ၊ ဗိုလ်လုပွဲ ကစားဖို့ မမှီတော့တာကို ခန့်မှန်းသိနိုင်ကြောင်း ဆိုခဲ့ပါတယ် ။

တူချယ် က ” ကျွန်တော် ခင်ဗျားတို့ကို ဒီ ဒဏ်ရာ အကြောင်း နည်းပြ မဟုတ်တဲ့ ၊ ကျွမ်းကျင် ပညာရှင် မဟုတ်တဲ့ ရှုထောင့်ကနေ ပြောပြပါမယ် ။ ဒီ ဒဏ်ရာဟာ ရက်ပိုင်းနဲ့ ပြန်ကောင်းဖို့ မလွယ်တဲ့ ဒဏ်ရာမျိုးပါ ။ ပထမဆုံး အနေနဲ့ မတ်တီယို ဟာ ပွဲတပွဲမှာ ဒဏ်ရာ ရရင်တောင် ၊ နောက်တပွဲကို လုံးဝ လွဲချော်သွားပြီ ဆိုတဲ့ အနေအထားမျိုး တော်ရုံ မရှိခဲ့ပါဘူး ။ ”

 

” အက်ဖ်အေဖလား ဆီမီးဖိုင်နယ် မတိုင်ခင်ကလည်း သူဟာ ဒီလိုမျိုး ခြေကျင်းဝတ်မှာ ဒဏ်ရာ ရခဲ့ဖူးပါတယ် ။ ဝင်ဘလေမှာ သူ ၁၅ မိနစ်လောက် စမ်းကစားကြည့်ခဲ့ပြီး ၊ နောက်ထပ် ဆက်ကစားလို့ မဖြစ်နိုင်တော့လို့ ရူဘင်နဲ့ ကျွန်တော်တို့ လူစားလဲခဲ့ရပါတယ် ။ အခုလည်း ဒီအတိုင်းပါပဲ ။ ”

” သူ့ရဲ့ ခြေကျင်းဝတ်က အတော်လေး ယောင်ကိုင်းနေခဲ့ပြီး ၊ သူကိုယ်တိုင်လည်း အတော်လေး နာကျင်ခံစားခဲ့ရပါတယ် ။ ကျွန်တော်ဟာ ဆရာဝန် တဦး မဟုတ်တာကြောင့် ၊ ဒီဒဏ်ရာနဲ့ ပတ်သက်ပြီး နောက်ထပ် ဆေးစစ်မှုတွေ လုပ်ဖို့ စောင့်ရပါမယ် ။ ဖိုင်နယ် ကစားနိုင်ဖို့တော့ မဖြစ်နိုင်သလောက်ပါပဲ ။ ဒါဟာ ပြီးပြည့်စုံတဲ့ ညနေခင်း တခု အတွက် သတင်းဆိုး တရပ် ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

 

တဖက်မှာ လိဒ်စ်တိုက်စစ်မှူး ဒန်ဂျိမ်းစ် ဟာ ထိုကြမ်းတမ်းတဲ့ ဖြတ်ထုတ်ပုံကြောင့် တိုက်ရိုက် အနီနဲ့ အထုတ်ခံခဲ့ရပြီး ၊ တန်းမဆင်းရဖို့ အရေး ကြိုးစားနေတဲ့ မိမိ ကလပ် အပေါ် ဒုက္ခတွင်းထဲ တွန်းပို့ခဲ့ပါတယ် ။ တူချယ် ကတော့ ၄င်းရဲ့ အနီကတ် အပေါ် အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ် ။

တူချယ် က ” မတ်တီယို ဟာ ကျွန်တော်တို့ အတွက် ပွဲထွက် ကစားသမား တယောက် ဖြစ်တာကြောင့် ၊ ဖိုင်နယ်ကို သူ လွဲချော်မယ် ဆိုရင် ကျွန်တော်ကတော့ အရမ်း စိတ်ပျက်မိမှာပါ ။ ဒီနေ့ ကွင်းလယ်က သူနဲ့ ဂျော်ဂျီ အတွဲကို ကြည့်မယ်ဆိုရင် ၊ ပြိုင်ဖက် တယောက် မလျော့ခင် ကတည်းက ပွဲကို ကျွန်တော်တို့ လွှမ်းမိုးနိုင်ခဲ့တာပါ ။ ”

 

” သူဟာ ကျွန်တော်တို့ရဲ့ ကွင်းလယ်မှာ အဓိက သော့ချက် ကစားသမားပါပဲ ။ ဒီရာသီ လီဗာပူးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲတိုင်း သူ ကစားပေးခဲ့ပါတယ် ။ ပွဲတိုင်းမှာ သူ အထူး ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။ သူဟာ ဒီလိုပွဲမျိုးတွေ ကစားဖို့ အမြဲတမ်း ဆာလောင်တတ် ၊ စိတ်လှုပ်ရှားနေတတ်တာပါ ။ ”

 

” ဟုတ်ပါတယ် ။ ဖိုင်နယ်ကို လွဲချော်ဖို့ သူ ကြောက်ရွံ့နေပါတယ် ။ ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်ကြတာပေါ့ ။ ကံတရားက ကိုယ့်ဖက်မှာ ရှိနေရင်တော့ သူ ဖိုင်နယ် အမှီ ပြန်ပါနိုင်ဖို့ ကျွန်တော်တို့ တတ်နိုင်သလောက် ကြိုးစားပေးမှာပါ ။ ဒီ ပြစ်ဒဏ် ကျူးလွန်မှုကို ကျွန်တော် live မမြင်ခဲ့ရပါဘူး ။ ”

” IPad ကနေ ကျွန်တော် မြင်ခဲ့ရတာပါ ။ ဒီလို အချင်းအရာတွေကို ကျွန်တော် ကြည့်လို့ မတတ်သလို ၊ ဒါမျိုးတွေ မြင်ရရင် ကျွန်တော့ အတွက် နာကျင်စေပါတယ် ။ ဒါပေမယ့် လူတိုင်းကတော့ ဒါဟာ တိုက်ရိုက် အနီပဲလို့ ပြောကြပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

 

SPORTS MYANMAR