ပွဲချိန် နောက်ရွှေ့ဆိုင်းခဲ့ရတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေ အပေါ် အပြစ်ပုံချလို့ ဝေဖန်မှုတွေ ခံနေရတဲ့ UEFA

ဥရောပ ဘောလုံး အဖွဲ့ချုပ်ဟာ သူတို့ အတွက် ဝင်ငွေ လမ်းကြောင်းကို အဓိက ရှာဖွေ ပေးနေတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကိုတောင် ဒီနှစ် ဘောလုံးရာသီမှာတော့ အစီစဉ်ကျအောင် စီစဉ်နိုင်ခြင်း မရှိခဲ့ပါဘူး။

မူလ က ရုရှား နိုင်ငံ စိန့်ပီတာဘတ်မြို့မှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ၊ ရုရှား – ယူကရိန်း အရေးအခင်း ဖြစ်ပြီး နောက်ပိုင်း ပြင်သစ်က ပဲရစ်မှာ ပြောင်းလဲကျင်းပဖို့ စီစဉ်ခဲ့ပါတယ်။ သို့သော် ဥရောပ ရဲ့ အရှိန်အဝါ အကြီးဆုံး နှစ်သင်း ထိပ်တိုက်တွေ့ကြတဲ့ ဗိုလ်လုပွဲ အနေအထားကို လျှော့တွက်ခဲ့ဟန် တူပါတယ်။

ဗိုလ်လုပွဲ ကျင်းပချိန်ဟာ မူလ သတ်မှတ်ထားတဲ သတ်မှတ်ချိန်ထက် မီးနစ် 40 ခန့် နောက်ကျခဲ့ရပါတယ်။

အစောပိုင်းမှာတော့ UEFA က “ပရိသတ်တွေ ကွင်းအတွင်း ဝင်ရောက်တာ နောက်ကျတဲ့ အတွက် ပွဲချိန်ကြန့်ကြာတာ ဖြစ်တယ်” လို့ တရားဝင် ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို ထုတ်ပြန်တဲ့ အပေါ် ပရိသတ်တွေက ပေါက်ကွဲခဲ့ပြီး ၊ UEFA က လိမ်ညာတဲ့ အဖွဲ့အစည်း တစ်ခုလို့ စွပ်စွဲ တုန့်ပြန်ခဲ့ကြပါတယ်။

တကယ်တော့ ကွင်းပြင်ဘက်မှာ ဝင်ခွင့်မရပဲ ဖြစ်နေတဲ့ ပရိသတ် အများစုဟာ လီဗာပူး ပရိသတ်တွေ ဖြစ်ပြီး ၊ ပွဲမစခင် 2 နာရီ ခွဲ အလိုလောက် ကတည်းက ရောက်ရှိခဲ့တာ ဖြစ်ပေမယ့် စီမံခန့်ခွဲမှု လိုအပ်ချက်တွေကြောင့် ဝင်ခွင့်ရဖို့ ကြန့်ကြာနေခဲ့ပါတယ်။

တစ်ချိန်တည်းမှာ ပွဲစဖို့ အချိန်က နီးကပ်လာနေတဲ့ အတွက် ဂိတ်ပေါက် တာဝန်ရှိသူတွေက တံခါးပေါက်တွေကို ပိတ်ချလိုက်ချိန်မှာတော့ ရုန်းရင်း ဆန်ခတ်တွေ ဆက်တိုက် ဖြစ်ကာ ၊ အကြမ်းဖက် ဖြိုခွင်းတဲ့ ပုံစံ အထိ အခြေအနေ ဆိုးဝါးခဲ့ပါတယ်။

ပရိသတ်တွေ ဘက်ကလဲ လက်မှတ်ဈေးတွေ ကြီးမြင့်လွန်းတဲ့ အကြားက လီဗာပူး ပွဲကြည့်ချင်လို့ ငွေကြေး ကုန်ကျမှု အမြောက်အများ ခံကာ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လက်မှတ်တွေ ကိုင်ထားတဲ့ အကြားက ဝင်ခွင့်မရတဲ့ အတွက် တော်တော်လေးကို ဒေါသထွက်ခဲ့ပါတယ်။ အဲဒီ အထဲမှာ လီဗာပူး ခံစစ်မှုး မာတစ် ရဲ့ အစ်ကို ဖြစ်သူတောင် ပါဝင်ခဲ့ပါတယ်။

လုံခြုံရေး တာဝန်ယူတဲ့ ပြင်သစ် ရဲတွေကတော့ ပရိသတ်တွေကို အကြမ်းဖက် ဖြိုခွင်းတဲ့ ပုံစံ အပြင် မျက်ရည်ယို ဗုံးတွေ ၊ Tear Gas တွေပါ အသုံးပြုခဲ့တာကြောင့် ကလေးငယ် တွေ အပါအဝင် ၊ မိသားစု အလိုက် ရောက်ရှိလာတဲ့ အမျိုးသမီးတွေပါ ဆိုးဆိုးဝါးဝါး ခံစားခဲ့ရတာပါ။

ဒါကို သိသွားတဲ့ လီဗာပူး အခြေစိုက် သတင်းတွေ သတင်းထောက်တွေဟာ UEFA ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို ၊ စီမံခန့်ခွဲမှု အားနည်းချက်တွေ အပေါ် မေးခွန်း ထုတ်ခဲ့ကြပါတယ်။

အဲဒီ အချိန်ရောက်မှ ဗိုလ်လုပွဲကို စတင်ဖို့ အချိန်နောက်ဆုတ်ခဲ့တာ ဖြစ်ကာ ၊ ဂိတ်တွေ အားလုံး ပြန်ဖွင့်ပေးပြီး ပရိသတ်တွေကို ဝင်ရောက်ခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

သို့သော် ပြသနာ က နောက်ထပ် UEFA က မှတ်ချက် ပေးလာတဲ့ စကားကြောင့် ပိုပြီး အရှိန်တက်သွားခဲ့ ပြန်ပါတယ်။ အခု ဖြစ်နေတဲ့ ကိစ္စဟာ သူတို့ အားနည်းချက်ကြောင့် ဆိုတာ လုံး၀ ဝန်ခံခြင်း မရှိသလို ၊ လက်မှတ်တု ကိုင်ဆောင်တဲ့ ပရိသတ်တွေကြောင့် နှောင့်နှေး ကြန့်ကြာတာ ဖြစ်တယ်လို့ အကြောင်းပြချက် ပေးခဲ့ပြန်ပါတယ်။

 

ဒီတစ်ကြိမ်မှာတော့ စန်းစန်းတင့်လွန်းတဲ့ အင်္ဂလန် မီဒီယာတွေ အားလုံးဟာ သူတို့ရဲ့ Platform တွေ အားလုံးကို တစ်ပြိုင်နက် အသုံးပြုကာ UEFA ရဲ့ လုပ်ရပ် အပေါ် မေးခွန်းတွေ တစ်ပြိုင်နက် ထုတ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ဘောလုံး ပွဲ ကြည့်ရှုဖို့ လာရောက်သူတိုင်းကို လုံခြုံမှု မပေးနိုင်တာ ၊ ကြမ်းတမ်းစွာ ဆက်ဆံတာတွေဟာ အားကစား ရဲ့ ပုံရိပ်ကို ထိခိုက်လွန်းတယ်လို့ ထောက်ပြလာကြပါတယ်။

လီဗာပူး နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကတော့ အခု အဖြစ်အပျက်တွေ အပေါ် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့ကာ အဖြေထုတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

SM