“ပွဲကျပ်တွေ မကစားချင်ရင် ချန်ပီယံလိဂ် ကနေ စောစောစီးစီး ထွက်လိုက်ပေါ့” လို့ ကလော့ပ် ကို ဝေဖန်လိုက်တဲ့ မန်စီးတီး ကစားသမားဟောင်း ဒန်နီ မေးလ်

မန်စီးတီး နဲ့ လိဒ် ယူနိုက်တက် ကစားသမားဟောင်း ဒန်နီ မေးလ် က ပွဲကျပ်တွေ ကစားရတိုင်း ၊ ပွဲစဉ် ဇယား ရေးဆွဲတဲ့ သူတွေကို အပြစ်တင်လေ့ရှိတဲ့ ကလော့ပ် အနေနဲ့ ကိုယ့်အလုပ်ကိုသာ အာရုံစိုက်သင့်တယ်လို့ ဝေဖန် ပြောဆိုလိုက် ပါတယ်။

လီဗာပူး နည်းပြကြီး ဟာ ပွဲစဉ် ဇယား နဲ့ ပတ်သက်လာရင် ထိပ်ဆုံးကနေ ဝေဖန်လေ့ရှိသူ ဖြစ်ကာ ၊ ဥရောပ ဘောလံုံး အဖွဲ့ချုပ် အနေနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကနေ ရတဲ့ ပိုက်ဆံတွေကို ခွဲယူပြီး ၊ အဓိပ္ပါယ် မရှိတဲ့ Nation League ပြိုင်ပွဲ ဆိုတာကြီး ကို ဖျက်သိမ်းသင့်တယ်လို့တောင် မကြာခင်ကမှ ထုတ်ဖော် ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

Football Insider နဲ့ ပြုလုပ် ခဲ့တဲ့ အင်တာဗျူး မှာတော့ “ စနေ – အင်္ဂါနေ့ ညတွေမှာ ကစားရတာနဲ့ ပတ်သက်ပြီး ငြီးပြနေတယ် ဆိုရင် ၊ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်လိုက်ပါ။ ချန်ပီယံလိဂ် ပြိုင်ပွဲမှာလဲ နောက်ဆုံး အဆင့်တွေအထိ ရောက်မယ် ဆိုရင်တော့ ဒီလို ပွဲစဉ်မျိုးက ရှိနေမှာပါပဲ။ ဒါက ပုံမှန်လို ဖြစ်နေပြီလေ။

အဲဒီလိုမှ မဟုတ်ရင်လဲ အာဆင်နယ် လို လုပ်လိုက်ပေါ့ဗျာ။ တစ်ပတ်မှ ပရီးမီးယားလိဂ် တစ်ပွဲပဲ ကစားရတာလေ။ အဲဒီလောက် အထိ ပွဲစဉ် ဇယား အပေါ် စိုးရိမ်နေရင် ပြည်တွင်း ဖလားပြိုင်ပွဲတွေရော ၊ ချန်ပီယံလိဂ် ပြိုင်ပွဲတွေရော ကစားမနေပါနဲ့ ၊ အရံ အသင်းနဲ့ပဲ လွှတ်ထားလိုက်ပါတော့။

ပြောတော့ ဂိုထောင်ထဲမှာ ဖရာရီ ကားတွေ ပြည့်နေတယ် ဆိုပြီး ၊ အဲဒါတွေကို ဘာလို့ ထုတ်မမောင်းတာလဲ။

သူ့ စကားသံ နားထောင်ရတာ ဆင်ခြေပေးတဲ့ ပုံဆန်ပါတယ်။ ဒီအဆင့် ဒီအချိန်မျိုး အထိ မျှော်လင့်ချက် ရှိချင်သေးတယ် ဆိုရင် ၊ ကိုယ့်ရဲ့ ကစားသမား စာရင်းကို အကောင်းဆုံး အလှည့်ကျ ထုတ်သုံးရမှာမို့လား” လို့ ဝေဖန်သွားခဲ့ ပါတယ်။

တကယ်တော့ ဒန်နီ မေးလ် ဟာ လိဒ် ယူနိုက်တက် မှာ ကစားခဲ့တဲ့ အချိန်က တစ်ရာသီပဲ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားဖူးပြီး ၊ ကျန်တဲ့ အသင်းတွေမှာတော့ ဥရောပ ပြိုင်ပွဲ ဝင်ခွင့်ရတဲ့ ကလပ်မျိုးမှာ ကစားခွင့်ရသူ မဟုတ်ပါဘူး။ ဒါကြောင့် ချန်ပီယံလိဂ် ပြိုင်ပွဲ ရဲ့ ပွဲပန်းမှုတွေ အကြောင်း သုံးသပ်ပြောဆိုဖို့က သူ့ရဲ့ လက်တွေ့ရင်ဆိုင်ခဲ့ရတဲ့ အနေအထားတွေ နဲ့ တော်တော်လေး ကင်းကွာနေမှာ သေချာပါတယ်။

လီဗာပူး ဟာ ဒီရာသီမှာ စုစုပေါင်း 61 ပွဲအထိ ကစားပြီးပြီ ဖြစ်ကာ ၊ ဒီရာသီ ဖလားပြိုင်ပွဲ ပေါင်းစုံမှာ ပွဲစဉ် အစ ကနေ အဆုံးအထိ ကစားခွင့်ရတဲ့ တစ်ခုတည်းသော ကလပ် အဖြစ်လဲ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ရာသီကုန် ပန်းဝင်ခါနီးလေလေ ၊ ကလော့ပ် က သူ့ရဲ့ ကစားသမား စာရင်းကို သေချာ ပွဲထုတ်ပြီး အသုံးပြုနေတာ ဖြစ်ပါတယ်။

သို့သော် မေးလ် ကတော့ အဲဒီလောက် နဲ့တင် အားမရပဲ အခုလို ဆက်ပြီး ဝေဖန်သွားခဲ့ ပါတယ်။

“ ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်ပါ။

ကလော့ပ် က ပွဲကျပ်တွေ ကစားရတဲ့ အကြောင်းအရင်းပဲ ပြောနေတယ်။ ဒါပေမယ့် ဒါက သူတို့ ကိုဗစ် ဖြစ်ချင်ယောင်ဆောင်ပြီး ပွဲစဉ် ရွှေ့ဆိုင်းလိုက်တဲ့ အကြောင်းရင်းရဲ့ ရလာဒ်တွေ ဖြစ်ပါတယ်။

ဘယ်သူမှလဲ ကိုဗစ် ကူးစက်ခံခဲ့ရတာ မဟုတ်တာကို သက်သေပြပြီးသားလေ။ ဒါကြောင့် သူတို့ဟာ ပွဲတွေ ဆက်တိုက် ထပ်ကစားနေရတာပါ။ ပြီးတော့ ဖလား ပြိုင်ပွဲတွေကြောင့် ပွဲ အရေအတွက်လဲ ပိုလာပါတယ်။

အပြစ်တင်မယ် ဆိုရင် ကိုယ့်ကိုယ်ကိုပဲ တင်ကြပါ ဘာလို့လဲ ဆိုတော့ ဆေးစစ်ချက်ကို သေချာ မလုပ်ခဲ့ကြလို့လေ” လို့ မှတ်ချက် ပေးသွားခဲ့ပြန်ပါတယ်။

SM