ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ် title race မှာ ချဲလ်ဆီးတို့ ရေရှည် တိုက်ပွဲမဝင်နိုင်ခဲ့တဲ့ အကြောင်းအရင်း ၃ချက်ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ ပေါလ်မာဆင်

ချဲလ်ဆီး အသင်းဟာ လွန်ခဲ့တဲ့ တပတ်ခန့်ကမှ ပြီးဆုံးခဲ့တဲ့ ၂၀၂၁ – ၂၀၂၂ ပရီးမီးယားလိဂ် ရာသီမှာ အဆင့် ၃ နေရာနဲ့ သိမ်းနိုင်ခဲ့ပါတယ် ။ ရာသီဝက်နီးပါး ကာလက ရပ်တည်မှုနဲ့ ခြေစွမ်းကို ကြည့်ခဲ့ရင်တော့ ၊ ချဲလ်ဆီး ဟာ ယခုထက် ပိုကောင်းအောင် စွမ်းဆောင်နိုင်ခဲ့သင့်တာ ဘောလုံး ပရိသတ် အများစု လက်ခံကြပါလိမ့်မယ် ။

ရာသီဝက်နဲ့ ရာသီကုန် အကြား ၅လခန့် ကာလ အတွင်း ချဲလ်ဆီး အသင်း အတွင်း မထင်မှတ်တဲ့ ကွင်းတွင်းကွင်းပြင် အခက်အခဲ များစွာ ဖြစ်ပေါ်ခဲ့ပြီး ၊ ဒါဟာ ချဲလ်ဆီးတို့ ပြီးခဲ့တဲ့ ရာသီမှာ ထင်သလောက် မအောင်မြင်ခဲ့ရတဲ့ အကြောင်းအရင်း တရပ်လည်း ဖြစ်ပါတယ် ။

သို့့ပေမယ့်လည်း ထိုပြဿနာတွေကိုပဲ ရာနှုန်းပြည့် အပြစ်ပုံချလို့ မရပါဘူး ။ ချဲလ်ဆီး ဟာ ဒီရာသီ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲတိုင်းမှာ ပထမပိုင်း မရှုံးခဲ့သလို ၊ ပွဲအများစုမှာ ဦးဆောင်ဂိုး ရခဲ့ပေမယ့် ၊ အချို့ပွဲတွေမှာ တိုက်စစ်က ပြတ်သားတဲ့ အဆုံးသတ်တွေကို မပြသနိုင်ခဲ့တာကြောင့် အမှတ်လျော့ခဲ့ရတာက ပိုများခဲ့ပါတယ် ။

အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင် ကတော့ အကောင်းဆုံး ပွဲထွက်စာရင်း မသိခြင်း ၊ နားလည်မှု ပြည့်ဝတဲ့ တိုက်စစ် အတွဲအဖက် မတည်ဆောက်နိုင်ခဲ့ခြင်း ၊ ချန်ပီယံတို့ရဲ့ စိတ်ဓာတ် ခံယူချက်မျိုး မရှိခဲ့ခြင်း က ပြီးခဲ့တဲ့ ရာသီ ချဲလ်ဆီးတို့ title race မှာ ရေရှည် တိုက်ပွဲမဝင်နိုင်ခဲ့တာ ဖြစ်ကြောင်း အခုလိုပဲ သုံးသပ်ခဲ့ပါတယ် ။

Daily Star နဲ့ တွေ့ဆုံရာမှာ ပေါလ်မာဆင် က ” အရိုးသားဆုံး ဝန်ခံရရင် သောမတ်စ် တူချယ် ဟာ အခုအချိန် အထိ ချဲလ်ဆီး အသင်းရဲ့ အကောင်းဆုံး ပွဲထွက်စာရင်းကို မသိသေးဘူးလို့ ကျွန်တော် ထင်ပါတယ် ။ သူ့မှာ ရွေးချယ်စရာ အများကြီး ရှိပေမယ့် ၊ တိုက်စစ် ကစားသမား အများစု ဟာ ပြီးခဲ့တဲ့ ရာသီ ချဲလ်ဆီးရဲ့ အလုပ်တွေကို ပြီးမြောက်အောင် မစွမ်းဆောင်ပေးခဲ့ကြပါဘူး ။ ”

” ချဲလ်ဆီးမှာ တည်ငြိမ်မှု ဆိုတာ မရှိခဲ့ပါဘူး ။ ဒါက အထောက်အကူလည်း မပေးခဲ့ပါဘူး ။ ဘာလို့လဲဆိုတော့ ဒီ ကစားသမားတွေ အကြားမှာ နားလည်မှု ရရုံနဲ့ အသင်းကို တည်ဆောက်လို့ မရတဲ့ အတွက်ကြောင့်ပါ ။ ဒါက ရိုမီလူ လူကာကူရဲ့ အဓိက ပြဿနာဆိုလည်း မမှားပါဘူး ။ ”

” သူဟာ ချဲလ်ဆီး အတွက် လုံလောက်တဲ့ ကြိုးစား အားထုတ်မှုမျိုး မပြနိုင်ခဲ့ဘူးလို့ ကျွန်တော် ယူဆပါတယ် ။ ဒါပေမယ့် သူဟာ တိုက်စစ်မှာ ကစားခွင့် ရတဲ့အခါတိုင်း တူညီတဲ့ အတွဲအဖက်ကို အမြဲတမ်း မရခဲ့ပါဘူး ။ ချဲလ်ဆီး ဟာ တပတ်ပြီး တခါ တိုက်စစ် အတွဲအဖက်က ပြောင်းနေတတ်တာပါ ။ ”

” နောက်ပြီး စိတ်ဓာတ် ခံယူချက်လည်း ပြောင်းလဲပစ်ဖို့ လိုနေပါတယ် ။ ဘာလို့လဲဆိုတော့ သူတို့သာ ပုံစံကောင်းမှာ ရှိနေရင် မန်စီးတီး ၊ လီဗာပူးတို့နဲ့ ဘာမှ မကွာခြားလို့ပါပဲ ။ သူတို့ဟာ ပြီးခဲ့တဲ့ရာသီ Top 6 ပြိုင်ဖက်တွေကို ရင်ဆိုင်ခဲ့ရာမှာ လီဗာပူးထက်တောင် ရလဒ် ပိုကောင်းခဲ့ပါသေးတယ် ။ ”

” လီဗာပူး ဟာ ပြည်တွင်း ရှုံးထွက်ဖလား ဖိုင်နယ် ၂ခုလုံးမှာ သူတို့ကို သာမန် ပွဲချိန် အတွင်း အနိုင်မရခဲ့ပါဘူး ။ ဒါပေမယ့် လီဗာပူး ဟာ ကိုယ့်ထက် အားနည်းတဲ့ အသင်းတွေကို အနိုင် ကစားပြခဲ့ပါတယ် ။ အဲဒီအချိန်မှာ ချဲလ်ဆီး ဟာ ဘရန်းဖို့ဒ်လို တန်းတက်အသင်းကို ရှုံးလို့ ရှုံးနေခဲ့တာပါ ။ ”

” နောက်ပြီး သူတို့ဟာ ရာသီပိတ် နောက်ဆုံးပွဲမှာတောင် ဝက်ဖို့ဒ်လို အသင်းမျိုးကို နောက်ဆုံး မိနစ်ဂိုးနဲ့မှ နိုင်ခဲ့တာပါ ။ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့ရဲ့ စိတ်ဓာတ် ခံယူချက် ဟာ မူမမှန်နေဘူးလို့ တွက်ဆလို့ ရပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး အသင်းပိုင်ရှင်သစ် အလွှဲအပြောင်း ကိစ္စက ဘာမှသက်ဆိုင်မှု မရှိပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR