ပရီးမီးယားလိဂ် ချန်ပီယံ တိုက်ပွဲက “လုံးဝ” မပြီးသေးဘူးလို့ ဆိုလိုက်တဲ့ ဂယ်ရီ နဗီးလ်

 

လီဗာပူး က အိမ်ကွင်းမှာ စပါးကို သရေကျပြီး ၊ မန်စီးတီး က နယူးကာဆယ် ကို အနိုင်ယူပြလိုက်တဲ့ အတွက် ပရိသတ် အများစုက ပရီးမီးယားလိဂ် တိုက်ပွဲဟာ အဖြေပေါ်သွားခဲ့ပြီလို့ သုံးသပ်ကောင်း သုံးသပ်နေကြပါလိမ့်မယ်။ သို့သော် အဲဒီထဲမှာ Sky Sports ရဲ့ အစီအစဉ် တင်ဆက်သူ ဂယ်ရီ နဗီးလ် ပါဝင်ခြင်း မရှိသေးပါဘူး။

 

ယူနိုက်တက် ကစားသမားဟောင်းကြီး က ချန်ပီယံ တိုက်ပွဲ ဆက်ပြီး သက်ဝင်နေဆဲ ဖြစ်ရတဲ့ အကြောင်းအရင်းကို အချက် 2 ချက်ကို အခုလို ဆွဲထုတ်ပြသွားခဲ့ပါတယ်။

 

“ ကျနော် အပြည့်အ၀ ယုံကြည်ထားတာ က ဝက်စ်ဟမ်း (သို့) ဝုဖ် ဟာ မန်စီးတီး ကို ရှော့ဖြစ်သွားအောင် လုပ်ပြကောင်း လုပ်ပြနိုင်လိမ့်မယ် ဆိုတာပါ။

 

ဒီယက်ဇ် ဒဏ်ရာရသွားခြင်းနဲ့ အတူ သူတို့ဟာ မန်စီးတီး ရဲ့ ကစားပုံကို ဒုက္ခပေးနိုင်တဲ့ အသင်းမျိုးတွေ နဲ့ ရင်ဆိုင် ကစားရတော့မှာ ဖြစ်ပါတယ်။ နှစ်သင်း စလုံးကလဲ ဒီရာသီမှာ အကောင်းဆုံး ဖြတ်ကျော်ပြထားပါတယ်။ မန်စီးတီး အနေနဲ့ အကောင်းဆုံး ပုံစံတွေ ဖြစ်နေမှကို ရမှာပါ။ ဗဟို ခံစစ်အတွဲ က ပျက်ယွင်းသွားပါပြီ။

ဒီဒဏ်ရာ သတင်းဟာ လီဗာပူး ကို အခွင့်အရေး ပေးလိုက်သလိုမျိုးလဲ ဖြစ်သွားနိုင်ပါတယ်။ ကျနော် ယုံကြည်ထားတာ က ချန်ပီယံ တိုက်ပွဲမှာ တစ်ခုခုတော့ ကျန်နေဆဲ ဆိုတာပါ။ ဒီပုံစံနဲ့တော့ အဆုံးသတ်သွားမှာ မဟုတ်ပါဘူး။

 

မန်စီးတီးသာ နောက် 2 ပွဲ ကို ကျော်ဖြတ်ပြမယ် ဆိုရင် သေချာပေါက် အောင်ပွဲ ခံလို့ ရပါပြီ။ ဝက်စ်ဟမ်း (သို့) ဝုဖ် တို့ထဲက တစ်သင်းသင်း က အမှတ်လုယူမယ် ဆိုရင်တော့ ၊ ပွဲက မပြီးသေးပါဘူး။

တကယ်လို့ လီဗာပူး ကိုသာ မန်စီးတီး အတွက် နောက်ထပ် အဝေးကွင်း 2 ပွဲ ကစားဖို့ ပြိုင်ဘက်တွေ ရွေးချယ်ခိုင်းလိုက်မယ် ဆိုရင် အာဆင်နယ် နဲ့ စပါးကို ရွေးမှာ သေချာပါတယ်။ ဒါပေမယ့် အဲဒီ နှစ်သင်းပြီးတာ နဲ့ ဝက်စ်ဟမ်း နဲ့ ဝုဖ် ကိုပဲ ဆက်ပြီး ရွေးမှာပါ။ ယူနိုက်တက် က ဘာမှ အားကိုးလို့ရတဲ့ အဆင့်မျိုး မဟုတ်တော့သလို ၊ ချဲဆီး ကလဲ စွမ်းဆောင်ရည်တွေ ကျနေပါပြီ။

 

ကစားစရာ ပွဲတွေက အများကြီး ကျန်ပါသေးတယ်။ ဒီအခြေအနေက ပရီးမီးယားလိဂ် အတွက် ပိုကောင်းပါတယ်။ လီဗာပူး က အရင်ကစားတယ် ၊ ပြီးရင် အမှတ်တူ တန်းညှိခွင့် ရှိနေတယ်လေ။ ကျနော် ကတော့ လီဗာပူး ဟာ နောက်ထပ် အမှတ်လျှော့တော့မယ် မထင်ပါဘူး။ သူတို့ အလုပ် သူတို့ လုပ်ပြတော့မှာပါ”

“ဘယ်သူက ဗိုလ်စွဲပြီး ၊ ဘယ်အသင်းက ဒုတိယ နေရာမှာပဲ ရပ်တည်ရပါစေ ၊ ဒါက ပြိုင်ဘက်ကို နောက်ကောက်ချပြသွားတယ်လို့ သုံးနှုန်းလို့ မရပါဘူး။

 

ဒီနှစ်သင်းဟာ သူတို့ရဲ့ စိတ်ဓါတ်ပိုင်း ၊ လုပ်အားနှုန်းတွေ နဲ့ ပတ်သက်လို့ ဘယ်တုန်းကမှ စိတ်မပျက်စေခဲ့ဖူး ပါဘူး။ ပရော်ဖက်ရှင်နယ် ကျကျ နဲ့ ပြင်ဆင်မှုတွေ ကောင်းကောင်း လုပ်တယ် ဆိုတာ သူတို့အတွက် ပုံမှန် လုပ်ရိုး လုပ်စဉ် တစ်ခုလို ဖြစ်နေပါပြီ။

 

သူတို့ဟာ ကိုယ့်အလုပ်ကို တအား ဂရုစိုက်ကြပါတယ်။ ပက်ဂွာဒီယိုလာ ၊ ကလော့ပ် တို့ရဲ့ လက်အောက်တွေမှာ အမှားဆိုတာ မရှိသလောက် နည်းပါးလွန်းပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

လီဗာပူး ဟာ အင်္ဂါနေ့ညမှာ အက်စ်တွန် ဗီလာ နဲ့ ကစားရမှာ ဖြစ်ပြီး ၊ မန်စီးတီး ကတော့ နောက် 24 နာရီ အကြာမှာ ဝုဖ် နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

SPORTS MYANMAR