ပရိသတ်တွေ ကို ပိုပြီး ဆွဲဆောင်မှု ပေးနိုင်မယ့် ချန်ပီယံလိဂ် ကျင်းပမယ့် ပုံစံသစ်

UEFA တာဝန် ရှိသူတွေ ၊ ကလပ် နဲ့ လိဂ်ပြိုင်ပွဲ တာဝန်ရှိသူတွေ ဟာ ချန်ပီယံလိဂ် ကျင်းပမယ့် ပုံစံသစ် နဲ့ ပတ်သက်လို့ မနေ့က အပြန်အလှန် ဆွေးနွေးမှုတွေ လုပ်ဆောင်ကာ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အခု ကျင်းပမယ့် ပုံစံသစ်ကို 2024 ခုနှစ်မှာ စတင် ကျင့်သုံးသွားမှာ ဖြစ်ပြီး ၊ ပြိုင်ပွဲဝင် အသင်း အရေအတွက် ကိုလဲ 32 သင်း ကနေ 36 သင်း အထိ တိုးမြှင့်သွားခဲ့ပါတယ်။

အခု ကျင်းပမယ့် ပုံစံသစ် ကို UEFA Club Competitions Committee က သဘောတူညီမှု ပေးလိုက်ပြီ ဖြစ်လို့ ၊ UEFA Executive Committee က ဆက်လက် သဘောတူလိုက်တဲ့ တစ်ပြိုင်နက် တရားဝင် သက်ဝင်သွားတော့မှာ ဖြစ်ပါတယ်။


———
လက်ရှိ ကျင်းပနေတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ ပုံစံက 32 သင်း ကို 4 သင်းအုပ်စု 8 အုပ်စု ခွဲကာ ၊ အိမ်ကွင်း အဝေးကွင်း 6 ပွဲ ကစားတဲ့ ပုံစံနဲ့ ကျင်းပနေတာ ဖြစ်ပါတယ်။ အုပ်စု ပထမ နဲ့ ဒုတိယ ရတဲ့ အသင်းတွေ က ရှုံးထွက် အဆင့်ကို တက်ရောက်ခွင့် ရရှိကြတာပါ။

သို့သော် ကျင်းပမယ့် ပုံစံသစ်မှာတော့ ပရိသတ်တွေ ကို ပိုပြီး ဖျော်ဖြေမှု ရသ ပေးချင်တဲ့ အတွက် ပြိုင်ဘက် တစ်သင်းထဲကို အိမ်ကွင်း / အဝေးကွင်း နှစ်ကျော့ ကစားတဲ့ စနစ် ပါဝင်တော့မှာ မဟုတ်ပါဘူး။ တစ်ချိန်တည်းမှာပဲ ကလပ် အသင်းတွေ ဝင်ငွေ ပိုမို ရရှိစေဖို့ အတွက် အုပ်စု အဆင့် 6 ပွဲ ကစားရမယ့် အနေအထားကနေ 8 ပွဲ အထိ တိုးမြှင့် ကစားခွင့်ရမှာ ဖြစ်ပါတယ်။

2024 ခုနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲ ကစလို့ အုပ်စုတွေ အမျိုးမျိုး ခွဲတော့မှာ မဟုတ်ပဲ ၊ အမှတ်ပေး ပြိုင်ပွဲ တစ်ခုတည်းလို 36 သင်း စလုံးဟာ လိဂ် ပြိုင်ပွဲ တစ်ခု အနေနဲ့ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ အဲဒီလို ယှဉ်ပြိုင် ကစားတဲ့ နေရာမှာ အသင်း တစ်သင်းဟာ မတူညီတဲ့ ပြိုင်ဘက် 8 သင်း နဲ့ 8 ပွဲ ကစားရမှာပါ။ အဲဒီ 8 ပွဲမှာ 4 ပွဲ က အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပြီး ၊ ကျန်တဲ့ 4 ပွဲ က အဝေးကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။

ပရိသတ်တွေ အနေနဲ့တော့ အုပ်စု အဆင့်မှာတင် ကိုယ့်အသင်းဟာ မတူညီတဲ့ အသင်း 8 သင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်လို့ ၊ မတူညီတဲ့ ဖျော်ဖြေမှု ရသတွေ ကို ခံစားရမှာပါ။

ပွဲစဉ် 8 ပွဲစီ ကစားပြီးတာ နဲ့ အမှတ်ပေးဇယား ကို ကြည့်မှာ ဖြစ်ပါတယ်။ ထိပ်ဆုံး 8 နေရာမှာ ရပ်တည်တဲ့ 8 သင်းက ရှုံးထွက် အဆင့်ကို အလိုအလျှောက် တက်ရောက်နိုင်မှာ ဖြစ်ပြီး ၊ အဆင့် 9 ကနေ 24 အတွင်း ရပ်တည်တဲ့ အသင်းတွေ က နှစ်ကျော့ ကစားတဲ့ စနစ် နဲ့ Play-Off ကစားရမှာပါ။ အဲဒီကနေ တက်လာတဲ့ 8 သင်း + ထိပ်ဆုံး နေရာ က 8 သင်းဟာ 16 သင်း ရှုံးထွက် အဆင့်ကို စတင် ကစားမှာ ဖြစ်ပါတယ်။

16 သင်း ရှုံးထွက် အဆင့် ရောက်တာ နဲ့ လက်ရှိ ကျင်းပတဲ့ ပုံစံအတိုင်း ပြန်ဖြစ်သွားမှာပါ။

ဒီနေရာမှာ ပရိသတ်တွေ ကို သိသင့်တဲ့ အချက်က 32 သင်း ကနေ 36 သင်း တိုးမြှင့်လိုက်ချိန်မှာ ၊ တိုးလိုက်တဲ့ 4 သင်းက ဘယ်လိုတွေ ဝင်ခွင့်ရမှာလဲ ဆိုတာ ရှင်းပြဖို့ လိုမယ် ထင်ပါတယ်။ အစောပိုင်းတုန်းက ထွက်ပေါ်ခဲ့တဲ့ အတိတ်တုန်းက ချန်ပီယံလိဂ် စွမ်းဆောင်ရည်တွေကြောင့် ချန်ပီယံလိဂ် တစ်နေရာစာ မျှော်လင့်ခွင့် ရတယ် ဆိုတဲ့ အချက်ကို ၊ ပရိသတ်တွေ က ဝိုင်းဝန်း ကန့်ကွက်တာကြောင့် UEFA ဘက်က အဲဒီ အချက်ကို ပယ်ဖျက်လိုက်ရပါတယ်။

ဥပမာ အနေနဲ့ ပြောရရင် ယူနိုက်တက် လို အသင်းဟာ အတိတ်မှာ ချန်ပီယံလိဂ် စွမ်းဆောင်ရည် ကောင်းမွန်ခဲ့သည့်တိုင်အောင် အဆင့် 4 (သို့) အဆင့် 5 အတွင်း မရပ်တည်နိုင်ပဲနဲ့တော့ ချန်ပီယံလိဂ် ဝင်ခွင့် လုံး၀ မျှော်လင့်လို့ ရမှာ မဟုတ်ပါဘူး။

ထပ်တိုး 4 နေရာ အတွက် မျှော်လင့်ချက် ရှိနိုင်တဲ့ အသင်းများ –

1. UEFA က သတ်မှတ်တဲ့ နိုင်ငံတွေ ရဲ့ အဆင့်သတ်မှတ်ချက် 5 နေရာမှာ ရှိတဲ့ နိုင်ငံ က အဆင့်မြင့်ဆုံး လိဂ်ပြိုင်ပွဲက တတိယ နေရာ ရတဲ့ အသင်းဟာ တစ်နေရာစာ ရပါမယ်။ (လောလောဆယ်တော့ အဲဒီနေရာ ကို ပြင်သစ် က ရပ်တည်နေပါတယ်)
2. အဆင့် 4 အတွင်း ဝင်ရောက်နိုင်ခြင်း မရှိတဲ့ ထိပ်သီး လိဂ်ပြိုင်ပွဲတွေ က စွမ်းဆောင်ရည် အကောင်းဆုံး ပြည်တွင်းဖလား (Domestic cup) ချန်ပီယံ က တစ်နေရာစာ ရပါမယ်။
3. အခြား နှစ်နေရာကတော့ ဥရောပ ပြိုင်ပွဲတွေမှာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံတွေက ကလပ်အသင်းတွေရဲ့ စုစုပေါင်း စွမ်းဆောင်ရည်ကို တွက်ချက်ပါမယ်။ အမြင့်ဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တဲ့ နိုင်ငံ 2 နိုင်ငံက ချန်ပီယံလိဂ် ဝင်ခွင့်နေရာနောက် ကလပ်လျှက် ရပ်တည်နိုင်တဲ့ အသင်း 2 သင်းကို ပေးမှာ ဖြစ်ပါတယ်။ ဥပမာ ထိုးပြရရင် လက်ရှိ အနေအထား အရ ဆိုရင် အင်္ဂလန် နဲ့ ဟော်လန် လိဂ်က အသင်းတွေ က ဝင်ခွင့် ရမှာပါ။

အင်္ဂလန် အသင်းတွေဟာ ဒီရာသီလို ဥရောပ စာမျက်နှာမှာ ခြေစွာမယ် ဆိုရင် ပရီးမီးယားလိဂ် အဆင့် 5 နေရာမှာ ရပ်တည်တဲ့ အသင်းက ချန်ပီယံလိဂ် ကစားခွင့် မျှော်လင့်ချက် ရှိမှာ ဖြစ်ပါတယ်။

မှတ်ချက် – UEFA ကိုယ်တိုင်က ပြိုင်ပွဲ ကျင်းပမယ့် အသေးစိတ် ပုံစံမျိုးကို ချပြခြင်း မရှိသေးလို့ ၊ ယေဘုယျ နားလည်အောင်ပဲ ကြိုးစား ရေးသားထားခြင်း ဖြစ်ပါတယ်။

SM