“ဒီဂျာစီ က ကျွန်တော်တို့ကို နောက်ဆုံးစက္ကန့် မတိုင်ခင်အထိ တိုက်ပွဲဝင်ချင်စိတ် ဖြစ်စေပါတယ်။” ရီးယဲလ်မက်ဒရစ် ရဲ့ဟီးရိုး ရိုဒရိုင်ဂို ရဲ့ပွဲပြီး ပြောစကား

 

ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်း ဖြစ်ပြီး UCL King ရယ်လို့ ခေါ်ဝေါ် ဂုဏ်ပြုခြင်း ခံရတဲ့ ရီးယဲလ်မက်ဒရစ် အသင်းဟာ နောက်ထပ် comeback နိုင်ပွဲ တစ်ပွဲကို ပြသပြီး ဗိုလ်လုပွဲ အရောက် တက်လှမ်း သွားခဲ့ပါတယ် ။

ပထမအကျော့မှာ မန်စီးတီး ကို ၄-၃ နဲ့ ရှုံးနိမ့် ခဲ့ရတဲ့ ရီးယဲလ်မက်ဒရစ် အသင်းဟာ ဒုတိယအကျော့ အိမ်ကွင်း ဘာနေဗျူးမှာလည်း ၈၉ မိနစ် အထိ ၀-၁ နဲ့ ရှုံးနိမ့် နေခဲ့ရပါတယ် ။ ဒါပေမယ့်လည်း လူစားဝင် ကစားသမား ရိုဒရိုင်ဂို ရဲ့ ၂ မိနစ် အတွင်း သွင်းယူခဲ့တဲ့ ၂ ဂိုးကြောင့် ရီးယဲလ် တို့ ပြန်လာ နိုင်ခဲ့ပါတယ် ။

သာမန် ပွဲကစားချိန် အတွင်း နှစ်ကျော့ပေါင်း ရလဒ် ညီမျှ နေတာကြောင့် အချိန်ပို မိနစ် ၃၀ ထပ်ကစားရာမှာ ရီးယဲလ်မက်ဒရစ် အသင်း ပင်နယ်တီ ကန်သွင်းခွင့် ရရှိ ခဲ့ပါတယ် ။ အဆိုပါ ပင်နယ်တီကို ဘန်ဇီးမား က အမှားအယွင်း မရှိ ကန်သွင်းနိုင်ခဲ့ပြီး ရီးယဲလ် တို့ ဂိုးထပ်မပေးရအောင် စွမ်းဆောင် နိုင်ခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၆-၅ နဲ့ ဗိုလ်လုပွဲ တက်လှမ်း သွားခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ရီိးယဲလ်မက်ဒရစ် အတွက် လူစားဝင် ကစားပြီး နှစ်ဂိုး သွင်းယူ ပေးခဲ့တဲ့ ရိုဒရိုင်ဂို က ” ကျွန်တော် အနည်းငယ် စိတ်လှုပ်ရှား ရင်ခုန် နေခဲ့ပါတယ် ။ အရန်ခုံတွင်ထိုင်နေချိန်မှာ သူတို့ ခံစစ်ရဲ့ အားနည်းချက် ကို ကျွန်တော် တောက်လျှောက်ရှာဖွေ နေခဲ့ပါတယ် ။ ”

” အဲ့တာကြောင့်ပဲ လူစား​ဝင် ကစားချိန်မှာ သွင်းဂိုး ၂ ဂိုးသွင်း နိုင်ခဲ့တာပါ ၊ အရန်ခုံကနေ ပွဲတွေကို ထိုင်ကြည့်ရတာ အင်မတန် ခက်ခဲပါတယ် ။ ”

 

ဆက်လက်ပြီး ဘရာဇီးသား ရိုဒရိုင်ဂို က ရီးယဲလ်မက်ဒရစ် အသင်းရဲ့ သမိုင်းကြောင်း အစဉ်အလာတွေကြောင့် ပီအက်စ်ဂျီ ၊ ချဲလ်ဆီး နဲ့ မန်စီးတီး သုံးပွဲဆက် come back နိုင်ခဲ့တာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

” အန်ချယ်လော့တီ က ကျွန်တော့်ကို ကွင်းထဲ ဝင်ပြီး ဂိုးသွင်းဖို့ ပြောခဲ့ပါတယ် ၊ အဲ့တုန်းက ကျွန်တော်တို့ အဆုံးသတ်တော့မလို ဖြစ်နေခဲ့ပါတယ် ၊ ဒါပေမယ့် ဒီအင်္ကျီက ကျွန်တော်တို့ကို နောက်ဆုံး စက္ကန့် အထိ တိုက်ပွဲဝင်တတ်အောင် လေ့ကျင့် သင်ကြား ပေးထားတယ် ဆိုရမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ရီးယဲလ်မက်ဒရစ် အသင်းဟာ ဗိုလ်လုပွဲမှာတော့ လီဗာပူး အသင်း နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို မေလ ၂၉ ရက်နေ့ ၊ ပြင်သစ် နိုင်ငံ ပဲရစ် မြို့မှာ ယှဉ်ပြိုင် ကစားသွားမှာပါ ။

 

SM