ဒိုင်လူကြီး အကြောင်း မှတ်ချက်ပေးလိုက်ရင် ကျနော်ကို 6 လ လောက် ပွဲပယ်ထားကြမှာပါ #အာတေးတား

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ North London Derby ပွဲစဉ် က ကွင်းလယ် ဒိုင်လူကြီး ပေါလ် တီယာနေး ရဲ့ စွမ်းဆောင်ရည်တွေ နဲ့ ပတ်သက်လို့ အာဆင်နယ် နည်းပြ အာတေးတား က တစ်စုံ တရာ မှတ်ချက်ပေးဖို့ ငြင်းဆန်သွားခဲ့ ပါတယ်။

ဒီပွဲမှာ အာဆင်နယ် က 3-0 ရလာဒ် နဲ့ ရှုံးနိမ့်ခဲ့ပြီး ၊ အဆင့် 4 နေရာကို ဆက်လက် ရပ်တည်နိုင်ခဲ့သည့်တိုင်အောင် အနီးကပ် ပြိုင်ဘက် စပါးက တစ်မှတ် အကွာ အနေအထားထိ နီးကပ်လာခဲ့ပါတယ်။ သူတို့ နှစ်သင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာစာ အတွက် အကြိတ်အနယ် ကစားနေကြသူတွေ ဖြစ်လို့ ၊ လက်ကျန် နှစ်ပွဲမှာ အမှားမခံတဲ့ အသင်းက ချန်ပီယံလိဂ် ကစားခွင့် အခွင့်ရေးကို ဆုပ်ကိုင် သွားဖွယ် ရှိနေပါတယ်။

ပွဲချိန် 22 မီးနစ် အရောက်မှာ စီးဒရစ် က ဆွန် ကို တွန်းတယ် ဆိုတဲ့ ပြစ်ဒဏ်ကြောင့် အာဆင်နယ်ဟာပင်နယ်တီ ကန်ခွင့် ပေးလိုက်ရပါတယ်။ အဲဒီနောက် ခံစစ်မှုး ရော့ဘ် ဟိုးဒင်းကလဲ 2 ဝါ 1 နီ နဲ့ ထုတ်ပယ်ခံလိုက်ရပြီး ၊ အဲဒီ အဝါကဒ် 2 ခု အကြား ကွာခြားချက်က အချိန် 7 မီးနစ်သာ ရှိခဲ့တာပါ။

ဒါကြောင့်လဲ အားတေးတား ဟာ ကွင်းလယ်ဒိုင် ပေါလ် တီယာနေးကို အကြီးအကျယ် ပေါက်ကွဲခဲ့ပြီး ၊ ပွဲအပြီးမှာ အခုလို မှတ်ချက် ပေးသွားခဲ့ ပါတယ်။

“ ကျနော့် စိတ်ထဲမှာ ရှိတဲ့ အတိုင်း ပြောချလိုက်မယ် ဆိုရင် ၊ နောက်ထပ် 6 လ လောက် ပွဲပယ် ခံရနိုင်ပါတယ်။ နည်းပြ တစ်ယောက် အနေနဲ့ ကွင်းထဲမှာ ဘာတွေ ဖြစ်ခဲ့တာလဲ ဆိုတာ ကို ကိုယ်နားလည်သလို ပြန်ပြောခွင့်တော့ ရှိပါတယ်။ ဒါပေမယ့် ကိုယ့် အမြင်ကို ဘယ်လို ဖုံးကွယ်ထားရမယ်မှန်း မသိပါဘူး။ ဒါကြောင့် ထုတ်မပြောတာ ပိုကောင်းတယ်လို့ ကျနော်က ယူဆပါတယ်။

ကျနော် စိတ်ထဲက ရှိတဲ့ အတိုင်းတော့ မပြောနိုင်ပါဘူး။ ပွဲပယ်ခံရလိမ့်မယ်။ ကျနော့် ကစားသမားတွေ အတွက် ဂုဏ်ယူပါတယ်။

ဒိုင်လူကြီးလာလို့ရှိရင် သူ့ရဲ့ ဆုံးဖြတ်ချက် နဲ့ ပတ်သက်ပြီး ရှင်းပြဖို့ ခင်ဗျားတို့လဲ မေးခွန်းထုတ်လို့ ရတာပဲလေ။ တော်တော်ရှက်ဖို့ ကောင်းပါတယ် ဘာလို့လဲ ဆိုတော့ ပွဲကောင်း တစ်ပွဲကို ဖျက်ဆီးသွားခဲ့တာကြောင့်ပါ” လို့ ဖွင့်ဟ သွားခဲ့ပါတယ်။

စပါး နည်းပြ ကွန်တီ ကတော့ အာတေးတား ရဲ့ စကားနဲ့ ပတ်သက်ပြီး အခုလို တုန့်ပြန်သွားခဲ့ပါတယ်။

“သူ့ က တအားကို စောဒက တက်နေတာပါ။ သူ့အနေနဲ့ ကိုယ့်အသင်းကို ပိုပြီး အာရုံစိုက်သင့်ပါတယ်။ စောဒကတွေ တက်နေရမှာ မဟုတ်ပါဘူး” လို့ တုန့်ပြန် သွားခဲ့ပါတယ်။

ကွင်းလယ် ဒိုင်လူကြီး ပေါလ် တီယာနေး ဟာ ယာဂန် ကလော့ပ် နဲ့ အကြိတ်အနယ် ဖြစ်ခဲ့ဖူးတဲ့ ဒိုင်ဖြစ်သလို ၊ လီဗာပူး ဖန်တွေ မျက်မုန်းကျိုးခံရသူလဲ ဖြစ်ပါတယ်။ အခုတော့ အာဆင်နယ် ဖန်တွေ တိုးလာပြန်ပါပြီ။

စပါးဟာ လက်ကျန် ရာသီ ပွဲစဉ် အဖြစ် ဘန်လေ ၊နော့ဝှစ်ခ်ျ တို့ နဲ့ ကစားရမှာ ဖြစ်ပြီး ၊ အာဆင်နယ် ကတော့ နယူးကာဆယ် ၊ အဲဗာတန် အသင်းတွေ နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။

SM