ဒဏ်ရာပြသနာ သတင်းကောင်းတွေ အပြင် မာနေးနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ အပြောင်းအရွေ့သတင်းတွေကို တုန့်ပြန်လိုက်တဲ့ ကလော့

ယာဂန်ကလော့က ယနေ့ည ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ် မတိုင်မီ ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ ဖာဘင်ညို နဲ့ တီယာဂိုအယ်ကန်တာရာ တို့ရဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ကြံ့ခိုင်မှု အခြေအနေတွေကို ပြောပြသွားခဲ့ပါတယ်။ တီယာဂိုဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဝုဖ်ကို နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး ဖာဘင်ညိုကတော့ မေလ ၁၀ ရက်နေ့က အက်စတွန်ဗီလာနဲ့ ကစားခဲ့တဲ့ ပွဲစဉ် နောက်ပိုင်း လီဗာပူး အတွက် ကစားပေးနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။

 

ကစားသမား ၂ ဦးစလုံးဟာ ရီးရဲယ်မက်ဒရစ်နဲ့ ဖိုင်နယ်ပွဲစဉ် အတွက် ပဲရစ်ကို လိုက်ပါနိုင်ခဲ့ကြပြီး အသင်းနဲ့ အတူ လေ့ကျင့်ခန်းဆင်းခဲ့တာကို တွေ့ခဲ့ရပါတယ်။

 

မနေ့ညက သတင်းစာရှင်းလင်းပွဲမှာ ကလော့က “အမှန်ပါပဲ။ ကစားသမား ၂ ဦးလုံး အခြေအနေကောင်းတဲ့ ပုံစံပါပဲ။ ဖာဘင်ညိုဟာ အသင်းနဲ့ အတူ ပုံမှန်အတိုင်း လေ့ကျင့်ခန်းဆင်းနေခဲ့ပါတယ်။ တီယာဂို ကလည်း မနေ့က အသင်းနဲ့ အတူ လေ့ကျင့်ခန်းဆင်းခဲ့ပြီး ဒီနေ့မှာလည်း ထပ်ပြီး လေ့ကျင့်မှု ပြုလုပ်အုံးမှာပါ။ အဲဒီနောက် လူရွေးချယ်မှု လုပ်သွားရတာပေါ့။” လို့ ပြောလိုက်ပါတယ်။

 

ရီးရဲယ်မက်ဒရစ်နဲ့ ဖိုင်နယ်ပွဲစဉ် မတိုင်မီ ရက်ပိုင်းအလိုမှာ ဆာဒီယိုမာနေး နဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ရဲ့ အပြောင်းအရွေ့ သတင်းတွေက hot ဖြစ်နေခဲ့ပြီး ကလော့က သူ့အနေနဲ့ ဒီကိစ္စကို ဂရုစိုက်နေမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။ မာနေးဟာ ယခုနှစ်ပိုင်းအတွင်း လီဗာပူးရဲ့ အောင်မြင်မှုတွေမှာ အထူးအရေးပါတဲ့သူ ဖြစ်ပြီး အန်ဖီးကလပ်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ပါတော့တယ်။ ထွက်ပေါ်နေတဲ့ သတင်းများအရ ဘွန်ဒက်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်ဟာ မာနေးနဲ့ သဘောတူညီမှု ရရှိရန် နီးစပ်နေတယ်လို့ သိရပါတယ်။

မာနေး ကိုယ်တိုင်ကတော့ သူ့ရဲ့ အနာဂတ်ကို ချန်ပီယံလိဂ်ဖိုင်နယ် အပြီးမှာ ပေးသိသွားမှာ ဖြစ်တယ်လို့ တုန့်ပြန်ထားခဲ့ပါတယ်။ ဒါပေမယ့် ကလော့ကတော့ ပဲရစ်မှာ ကစားရမယ့် ဖိုင်နယ်မတိုင်မီ ဘိုင်ယန်နဲ့ မာနေး တို့ရဲ့ သတင်းတွေအပေါ် ဆွေးနွေးရန် စိတ်၀င်စားမှု မရှိဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

ကလော့က “ဆာဒီယိုဟာ သူ့ကစားသမား ဘ၀ရဲ့ အကောင်းဆုံး ပုံစံကို ရရှိနေတယ်ဆိုတာ သေချာပါတယ်။ သူ့ရဲ့ လေ့ကျင့်မှုတွေ ပွဲအတွင်းကစားမှုတွေကို ကြည့်လိုက်ရင် သူဟာ အခုချိန်မှာ အကောင်းဆုံး ပုံစံကို ရနေပါတယ်။ ကျွန်တော်တို့ဟာ သူ့ကို အများကြီး တောင်းဆိုပါတယ်။ ဘောလုံးကလည်း သူ့ကို အများကြီး တောင်းဆိုပါတယ်။ ဒီရာသီဟာ တကယ့်ကို ရှည်လျားတဲ့ ရာသီတစ်ခု ဖြစ်ပြီး ဖိုင်နယ်တွေ အများကြီး ကစားခဲ့ရတဲ့ အပြင် ဒါဟာ ကျွန်တော်တို့ အတွက် အအောင်မြင်ဆုံးရာသီတွေ ထဲက တစ်ခုလည်း ဖြစ်ပါတယ်။

ဒီအချိန်မှာ ဘိုင်ယန်မြူးနစ်နဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေကို ကျွန်တော် ဂရုမစိုက်အားပါဘူး။ ကျွန်တော်တို့ဟာ ဖိုင်နယ်ပွဲစဉ်အတွက်ပဲ အပြည့်အ၀ အာရုံစိုက်ထားတာပါ။ ဆာဒီယိုကလည်း ဒီပွဲအတွက် အာရုံအပြည့်စိုက်ထားပါတယ်။ ဒါဟာ သူနဲ့ ကျွန်တော်တို့အတွက် ဘယ်လောက် အရေးပါသလဲဆိုတာ သူသိပါတယ်။ ဒါ့ကြောင့် ဘာမှ စိတ်ပူစရာ မရှိပါဘူး။

ဒါဟာ လုံး၀ သာမန်အခြေအနေ ပါပဲ။ ကျွန်တော့်ရဲ့ နည်းပြဘ၀မှာ ကိုယ့်ရဲ့ ကစားသမားတွေနဲ့ ဘိုင်ယန်မြူးနစ်တို့ ကောလဟာလတွေ သတင်းထွက်ပေါ်တာ ဒါဟာ ပထမဦးဆုံး အကြိမ် မဟုတ်ပါဘူး။ ကျွန်တော် အဲဒီအချိန်တုန်းက ဘာလုပ်ခဲ့သလဲဆိုတာ မသိတော့ပါဘူး။ ဒီကိစ္စဟာ လုံး၀ ပြသနာ မရှိပါဘူး။ ဒါဟာ ဒီအကြောင်းကို ပြောဖို့ မှားယွင်းတဲ့ အချိန်ဖြစ်ပါတယ်။ လာမည့်ရာသီ ဆာဒီယို ဘယ်အသင်းမှာပဲ ကစားကစား သူဟာ အဲဒီကလပ်ရဲ့ big player ဖြစ်နေမှာတော့ သေချာပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM