တွဲလက်တွေ ခိုင်မြဲဖို့ ရာသီကုန်ရင် မာနေး နဲ့ စာချုပ်သစ် ကိစ္စ စကားပြောမယ့် လီဗာပူး 

အခုရက်ပိုင်း သတင်းတော်တော်များများ မှာ မာနေး ဟာ အခြား အသင်းကြီး တစ်သင်းကို ပြောင်းဖို့ စိတ်ဝင်စားနေတဲ့ အကြောင်း ရေးသားဖော်ပြလျှက် ရှိနေပါတယ်။

Sky Sports သတင်းဌာနက မာနေး ရဲ့ အေးဂျင့်ဖြစ်သူ Bjorn Bezemer ဟာ ဘိုင်ယန် မြူးနစ် အားကစား ဒါရိုတ်တာ နဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့ကိစ္စတွေ ကို ဆွေးနွေးနေတဲ့ အကြောင်း Breaking News အဖြစ် ဖော်ပြခဲ့သလို ၊ ကတ်တလန် အခြေစိုက် သတင်းစာကြီး ဖြစ်တဲ့ Mundo ကလဲ မာနေး ဟာ လာလီဂါ ကို ပြောင်းကစားဖို့ စိတ်ကူးရှိနေကာ ၊ ဘာစီလိုနာ ရဲ့အဓိက ပစ်မှတ် ဖြစ်လာနိုင်တယ် လို့ ဆက်တိုက် ဖွလျှက် ရှိနေပါတယ်။

လက်ရှိ လီဗာပူး ရဲ့ တည်ဆောက်ထားပုံ နဲ့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အကြောင်းအရင်းတွေကြောင့် မာနေး လို အထိုင်ကျပြီးသား ဘောလုံးသမား တစ်ယောက်ဟာ အန်ဖီးလ် ကနေ လွယ်လွယ်နဲ့တော့ ထွက်မှာ မဟုတ်ပါဘူး။

တကယ်လို့ ထွက်မယ် ဆိုရင်တောင် စာချုပ်သစ် ကိစ္စတွေ အစွမ်းကုန် ညှိနှိုင်းဆွေးနွေးပြီး ၊ အဆင်မပြေ ဖြစ်မှသာ အပြောင်းအရွှေ့ လုပ်ဖို့ စဉ်းစားလာမှာပါ။

လက်ရှိ အခြေအနေ အထိအရ လီဗာပူး ဘက်ကရော ၊ မာနေး ရဲ့ ကိုယ်စားလှယ်တွေ ကပါ အနာဂတ် ကိစ္စနဲ့ ပတ်သက်လို့ အလျှင်စလို မရှိသလို ၊ ရာသီ အကုန်ရောက်မှသာ စာချုပ်သစ် ကိစ္စ ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ Goal သတင်းထောက် Neil Jones က အခိုင်အမာ ဆိုလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဂျာမဏီ အခြေစိုက် သတင်းထောက်တွေက ဘိုင်ယန် မြူးနစ် ဟာ မာနေး ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် ဆိုတဲ့ သတင်းတွေဟာ လုံး၀ မမှန်ဘူးလို့ ငြင်းဆိုလိုက်သလို ၊ Mirror Football က လီဗာပူး အခြေစိုက် သတင်းထောက် ဒေးဗစ် မက်ဒေါ့ ကလဲ ဘိုင်ယန် နဲ့ မာနေး အကြား ဘာအဆက်အသွယ်မှ မရှိတဲ့ အကြောင်းကို အခိုင်အမာ ဆိုလိုက်ပါတယ်။

နောက်ပိုင်း ထွက်လာတဲ့ သတင်းတွေ အရ ဘိုင်ယန် အားကစား ဒါရိုတ်တာ နဲ့ အေးဂျင့် Bjorn Bezemer တို့ တွေ့တဲ့ သတင်းဟာ မာနေး ရဲ့ အပြောင်းအရွှေ့ ကိစ္စ မဟုတ်ပဲ ၊ ဂျာမန် တောင်ပံ ကစားသမား ဂနာဘရီ ကို စာချုပ်သက်တမ်း တိုးဖို့ ဆွေးနွေးကြတာလို့ သိရပါတယ်။ ဂနာဘရီ နဲ့ ဘိုင်ယန် တို့အကြား ချုပ်ဆိုထားတဲ့ စာချုပ် သက်တမ်းကလဲ 2023 ခုနှစ် မှာ ကုန်ဆုံးမှာပါ။

လီဗာပူး နဲ့ နီးစပ်တဲ့ အသိုင်း အဝိုင်းကတော့ အားကစား ဒါရိုတ်တာသစ် ဖြစ်လာမယ့် ဂျူလီယံ ဝါ့ဒ် နဲ့ Bjorn Bezemer တို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိပြီးသားမို့ ၊ စာချုပ်သစ် ကိစ္စ အပေါ် ရာသီ အကုန်မှာ စတင် ဆွေးနွေးလာဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။

လီဗာပူး ဘက်ကလဲ ဆာလာ ရဲ့ စာချုပ်သစ် ကိစ္စကို ဦးစားပေး လုပ်ဆောင်နေတာမို့ ၊ မာနေး ကိုယ်တိုင် အဲဒီ အကြောင်းအရင်းကို နားစွင့် အကဲခတ်နေတယ်လို့ ယူဆရပြီး ၊ ဆာလာ ရရှိလာမယ့် လစာ ပမာဏမျိုးနဲ့ နှိုင်းယှဉ်ကာ တောင်းဆိုလာဖွယ် ရှိနေပါတယ်။

ဗီလာ ရီးရဲ မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်တုန်းကလဲ မာနေး ရဲ့ အေးဂျင့် ဖြစ်သူနဲ့ လီဗာပူး တာဝန်ရှိသူတွေဟာ အတူတူ ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

မာနေး ဟာ မိုဆာ လာ ဂိုးပေါက် ပျောက်နေချိန်မှာ အသင်း ရဲ့ သွင်းဂိုးတွေ ကို အဓိက သွင်းယူပေးလျှက် ရှိနေသူ ဖြစ်ပြီး ၊ မနေ့ညက ကစားခဲ့တဲ့ အက်စ်တွန် ဗီလာ နဲ့ ပွဲမှာ ဆိုရင် ချန်ပီယံ လမ်းကြောင်းပေါ်က သွေဖယ် မသွားစေမယ့် အနိုင်ဂိုး ကို သူကပဲ သွင်းယူပေးခဲ့တာပါ။

ဒါ့အပြင် ပွဲစဉ် အလိုက် အကောင်းဆုံး ကစားသမား ဆုကိုလဲ မာနေး ပဲ ဆွတ်ခူး သွားခဲ့ ပါတယ်။

SM