တော်ဝင် ရီးရဲ မက်ဒရစ် ကစားသမားသစ် ဖြစ်လာတော့မယ့် ရူဒီဂါ

ချဲဆီး နောက်ခံလူ ရူဒီဂါ ဟာ ရီးရဲ မက်ဒရစ် နဲ့ 4 နှစ် စာချုပ် ရှိတဲ့ သက်တမ်း တစ်ရပ်ကို ချုပ်ဆိုလိုက်ပြီ ဖြစ်တာကြောင့် ရာသီကုန်တာ နဲ့ လန်ဒန် ကနေ မက်ဒရစ် ဆီ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။

ဂျာမဏီ လက်ရွေးစင် ကစားသမား ဟာ မနေ့က ပဲ ဆေးစစ်မှုတွေ လုပ်ဆောင်ပြီး ၊ ရီးရဲ မက်ဒရစ် နဲ့ စာချုပ် ချုပ်ဆိုသွားခဲ့တာလို့ နားလည်ရပါတယ်။ သူ့ရဲ့ တစ်နှစ် လုပ်ခ လစာဝင်ငွေ က အခွန်ဆောင်ပြီး ယူရို 10 သန်း ဝန်းကျင် ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရီးရဲ မက်ဒရစ် ဟာ သူ့ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး သုံးစွဲလိုက်ရတာမျိုး မရှိတာကြောင့် ၊ စာချုပ် လက်မှတ် ထိုးကြေးကိုပါ သပ်သပ် ပေးအပ်သွားမှာ ဖြစ်ပါတယ်။

The Athletic ကတော့ အခု ရူဒီဂါ ရရှိလိုက်တဲ့ လစာ ပမာဏ ဟာ ချဲဆီး က စာချုပ်သစ်မှာ ထည့်သွင်း ကမ်းလှမ်းခဲ့တဲ့ လစာ ပမာဏထက် တော်တော်ကြီးကို ကျော်လွန် များပြားနေတယ်လို့ မှတ်ချက်ပေးထားပါတယ်။

အသက် 29 နှစ် အရွယ် ခံစစ်မှုး ရဲ့ စာချုပ် ဖျက်သိမ်းခွင့် လျော်ကြေးကိုတော့ ယူရို သန်း 400 သတ်မှတ်ထားတယ်လို့ ရီးရဲ မက်ဒရစ် အသိုင်းဝိုင်းက ပြောဆိုနေကြပါတယ်။

ကစားသမား ကိုယ်တိုင်ကတော့ ဒီရာသီ ကုန်တာ နဲ့ ရီးရဲ မက်ဒရစ် ကို ပြောင်းရွှေ့ ကစားတော့မယ့် အကြောင်း ချဲဆီး အသင်းဖော်တွေ ကို ဒီလ အစောပိုင်း မှာ ကတည်းက ကြိုတင် အသိပေးခဲ့တယ်လို့ နားလည်ရပါတယ်။ ရူဒီဂါ အသင်းကနေ ထွက်ခွာတော့မယ့် သတင်းဟာ ချဲဆီး အတွက်ရော ၊ နည်းပြ တူချယ် အတွက်ပါ ထိုးနှက်ချက် တစ်ခုဖြစ်ပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့ ဘောလုံးရာသီ ချန်ပီယံလိဂ် ဖလားကြီး ဆွတ်ခူးခဲ့စဉ် အချိန်က အသင်းရဲ့ အရေးပါတဲ့ ခံစစ်မှုး တစ်ယောက် ဖြစ်လာခဲ့သလို ၊ Leadership ပိုင်းမှာပဲ အားကိုးရလောက်တဲ့ လွှမ်းမိုးမှုတွေ ကို ဆက်တိုက် ဖော်ပြနိုင်ခဲ့သူ ဖြစ်ပါတယ်။

ချဲဆီး ဟာ သူတို့ ကစားသမား ကို မဆုံးရှုံးစေဖို့ စာချုပ်သစ်တွေ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သည့်တိုင်အောင် ၊ နောက်ဆုံးမှာတော့ ဗြိတိန် အစိုးရက အဗရာမိုဗစ်ချ် ကို ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်ခဲ့ခြင်း နဲ့ အတူ စာချုပ်သစ် ကိစ္စကို လဲ ရပ်ဆိုင်းလိုက်ရတော့တာ ဖြစ်ပါတယ်။

သို့သော် ချဲဆီး နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကတော့ ပိတ်ဆို့ အရေးယူမှုတွေကြောင့် စာချုပ်သစ် ကိစ္စ ဆွေးနွေးကြတဲ့ အပေါ် သက်ရောက်မှု တစ်စုံတရာ မရှိခဲ့ဘူးလို့ မှတ်ချက် ပေးထားပြီး ၊ အသင်းဘက်က ရူဒီဂါ ကို ကလပ်သမိုင်းကြောင်း တစ်လျှောက် လစာ အမြင့်ဆုံး ခံစစ်မှုး အဖြစ် ကမ်းလှမ်းဖို့ ဆန္ဒရှိသည့်တိုင်အောင် အေးဂျင့် ဖြစ်သူက လိုချင်တဲ့ ပွဲခ ပမာဏ က များလွန်းနေတဲ့ အတွက် အဆင်မပြေ ဖြစ်ခဲ့တာလို့ တုန့်ပြန် ပြောဆိုထားပါတယ်။

ရီးရဲ မက်ဒရစ် ဟာ လက်ရှိမှာ ဗဟို ခံစစ်မှုးတွေ အဖြစ် မီလီတာအို ၊ အလာဘာ ၊ နာချို ၊ ဗယ်လီဟို တို့ကို ပိုင်ဆိုင်ထားပြီး ၊ လာလီဂါ ပြိုင်ပွဲမှာ ဒုတိယ ခံစစ် အကောင်းဆုံး အသင်း အဖြစ် ရပ်တည်လျှက် ရှိနေပါတယ်။ တကယ်လို့ ရူဒီဂါသာ ရောက်ရှိလာခဲ့ရင် ၊ အလာဘာ က ဘယ်တောင်ပံ ခံစစ်မှာလဲ ကစားပြနိုင်သူ ဖြစ်လို့ ၊ သူ့ရဲ့ ဗဟို ခံစစ် တာဝန်က အခါအားလျော်စွာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။

SM