တော့ဒ်ဘိုလီခေတ် ပထမဆုံး ကစားသမားသစ် ခေါ်ယူမှု အဖြစ် ကွန်းဒေးကို ပေါင် ၄၂သန်းနဲ့ စတင် ကမ်းလှမ်းသွားမယ့် ချဲလ်ဆီး

ချဲလ်ဆီး အသင်းဟာ လွန်ခဲ့တဲ့ ၁၂လ ၊ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်းက ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ ဆီဗီးလား ခံစစ်မှူး ဂျူးလ်စ် ကွန်းဒေးကို ယခု တကြိမ် စျေးကွက်မှာလည်း ပေါင် ၄၂သန်းနဲ့ ကနဦး ကမ်းလှမ်းမှု ပြုလုပ်ဦးမှာ ဖြစ်ပါတယ် ။

လွန်ခဲ့တဲ့ တနှစ်ကလည်း ချဲလ်ဆီးဟာ ကွန်းဒေး အတွက် ပေါင် ၄၂သန်းကနေ စတင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီး ၊ အပြောင်းအရွှေ့ စျေးကွက် မပိတ်သိမ်းခင် ၂သင်းကြား ပေါင် ၆၇သန်းနဲ့ သဘောတူညီမှု ရခဲ့ပေမယ့် ၊ အဆုံးမှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်ပြယ်ခဲ့ရပါတယ် ။

အခုတကြိမ်မှာလည်း ပေါင် ၄၂သန်းနဲ့ ချဲလ်ဆီးတို့ ကွန်းဒေး အတွက် စတင် ကမ်းလှမ်းမှာ ဖြစ်ပြီး ၊ အပိုဆုကြေး ပေါင် ၈သန်း ထည့်သွင်းပေးသွားဖို့လည်း ရှိနေကြောင်း The Telegraph သတင်းဌာနရဲ့ ချဲလ်ဆီး ဂျာနယ်လစ် ဖြစ်သူ မတ်လော က အတည်ပြုခဲ့ပါတယ် ။

ကစားသမား ဖြစ်သူ ကွန်းဒေးဖက်ကတော့ မနှစ်က ချဲလ်ဆီးသို့ မပြောင်းရွှေ့ ဖြစ်ခဲ့ခြင်း အတွက် ဆီဗီးလား အသင်းအပေါ် လုံးဝ စိတ်ပျက်ခဲ့ပြီး ၊ အခုအချိန်အထိလည်း ချဲလ်ဆီးသို့ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေဆဲဖြစ်ကြောင်း ခိုင်လုံတဲ့ သတင်းဌာနတွေက ဖော်ပြထားကြပါတယ် ။

အသက် ၂၃နှစ် အရွယ် ယင်းပြင်သစ်လက်ရွေးစင် ဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက ကလပ် ၂သင်း အကြား ပြောင်းရွှေ့ကြေး အတည်ပြုချက် မရခင် ၊ ချဲလ်ဆီးနဲ့ နှုတ်အားဖြင့် စောစီးစွာ သဘောတူညီမှု ရခဲ့တာကြောင့် ၊ ဒီတကြိမ် ကလပ်နဲ့ ကစားသမား အကြား ဆွေးနွေးမှုဟာလည်း ထွေထွေထူးထူး အခက်အခဲ ရှိလာမှာ မဟုတ်ပါဘူး ။

ဆီဗီးလား အသင်းဟာ ကွန်းဒေးရဲ့ ပါတနာ ဖြစ်တဲ့ ဘရာဇီးသား ခံစစ်မှူး ဒီယေဂို ကားလို့စ်ကို အက်စတွန်ဗီလာ အသင်းသို့ အပြီးသတ် ရောင်းချထားပေမယ့် ၊ ဒါဟာ ကွန်းဒေးရဲ့ အပြောင်းအရွှေ့ အပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့လည်း မတ်လောက ဆိုပါတယ် ။

ပြီးခဲ့တဲ့ ရာသီ ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကို နောက်ဆုံးအချိန် ရောက်မှ ငြင်းဆန် ပယ်ချခဲ့တာကြောင့် ဒီတကြိမ်မှာ ကွန်းဒေးကို ကလပ်ဖက်က ထပ်မံ တားဆီးဖို့ အပေါ်ယံ မဖြစ်နိုင်တော့သလို ၊ အသင်းရဲ့ ငွေကြေး အင်အား ပြန်လည် ဖြည့်တင်းဖို့ အတွက်လည်း ကွန်ဒေး အတွက် အပြောင်းအရွှေ့ကို လက်ခံ စဉ်းစားဦးမှာ ဖြစ်ပါတယ် ။

ကွန်းဒေးရဲ့ အသင်းဟောင်း ဖြစ်တဲ့ ဘော်ဒိုး ကတော့ ချဲလ်ဆီးသို့ ကွန်းဒေးရဲ့ အပြောင်းအရွှေ့ ဖြစ်လာခဲ့ပါက ၊ ယခင် ၄င်းအား ရောင်းချခဲ့တဲ့ စာချုပ် အရ ပြောင်းရွှေ့ကြေး တစိတ်တပိုင်း ရရှိသွားဖို့ ရှိနေပါတယ် ။ တဖက်မှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ အခုချိန်ထိ နွေရာသီ အားလပ်ရက် ခရီးစဉ် ရေးဆွဲရခြင်း မရှိသေးတာကြောင့် ပိုင်ရှင်သစ်နဲ့ ဘုတ်အဖွဲ့ထံ အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ သူ့ရဲ့ ထင်မြင်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ် ။

လာမယ့် တနင်္လာနေ့မှာ အသင်းပိုင်ရှင် အလွှဲအပြောင်း အမှန်တကယ် ဖြစ်လာတော့မယ့် အပြင် နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွက် ပိုင်ရှင်သစ် ဖြစ်သူ တော့ဒ်ဘိုလီ ဟာ လန်ဒန်မှာ အချိန် အများစု ကုန်ဆုံးဖို့တောင် ဆုံးဖြတ်ထားပြီးပြီလို့ မတ်လောရဲ့ အဆိုအရ သိရပါတယ် ။

ချဲလ်ဆီး နည်းပြ ဖြစ်သူ သောမတ်စ် တူချယ်ကတော့ နောက်ဆုံး သတင်းစာ ရှင်းလင်းပွဲမှာ ခံစစ်ကို အဓိက အားဖြည့်ပေးဖို့ တောင်းဆိုခဲ့သလို ၊ ကိုယ်တိုင်ကလည်း လာမယ့် နွေရာသီမှာ ခံစစ်မှူး အသစ် အနည်းဆုံး ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ် ။

SPORTS MYANMAR