စံချိန် သမိုင်းသစ် နဲ့ ပဲရစ် ကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ သွားကစားတော့မယ့် လီဗာပူး

 

သတင်းစာရှင်းလင်းပွဲ လုပ်တုန်းက ဗီလာရီးရဲ ပရိသတ်တွေ ရဲ့ ဝန်းရံမှုကို ခန့်မှန်းမိတာကြောင့် ၊ ပရိသတ်တွေ ကြွတက်မလာအောင် ဂိုးပေါက်ကန်သွင်းခွင့်တွေ မပေးဖို့ အရေးကြီးတယ်လို့ ယာဂန် ကလော့ပ် က ပြောဆိုခဲ့ပါတယ်။

 

သို့သော် တကယ့် လက်တွေ့မှာတော့ သူ့ ကစားသမားတွေဟာ အဲဒီလိုမျိုး မဖြစ်အောင် တားဆီးနိုင်စွမ်း မရှိခဲ့ကြပါဘူး။ အထူးသဖြင့် ပွဲစခါနီးမှ မိုးက ဆက်တိုက် ရွာချသွားတဲ့ အတွက် ၊ ဒိုင်လူကြီးတွေတောင် ကွင်းမျက်နှာပြင် အနေအထားကို ထီးနဲ့ ဆင်းကြည့်ကာ ကစားဖို့ သင့်မသင့် အကဲခတ်ခဲ့ကြပါသေးတယ်။

 

တစ်ကွင်းလုံး ရေစိုနေတဲ့ အချက်က ဘောလုံး ကိုင်ကစားချင်တဲ့ လီဗာပူး အတွက် အခက်တွေ့ခဲ့သလို ၊ အိမ်ရှင် ပရိသတ်တွေ ရဲ့ ဖိအားကိုလဲ တွန်လှန်နိုင်ခြင်း မရှိပဲ 3 မီးနစ် နဲ့ ဂိုးပေးလိုက်ရပါတယ်။ ဒါဟာ အိမ်ရှင် ဗီလာရီးရဲ ကစားသမားတွေ ၊ ပရိသတ်တွေ ရဲ့ မျှော်လင့်ချက်တွေကို ရေလောင်း ပေးလိုက်သလိုပါပဲ။

အံ့အားသင့်စရာ ကောင်းတာက လီဗာပူးဟာ Normal Pass တွေကိုတောင် မှန်အောင် ပေးနိုင်ခြင်း မရှိသလို ၊ Passing အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ တီယာဂို ၊ အာနိုး တို့လို ကစားသမားတွေတောင် လူပေးတွေ ဆက်တိုက် မှားခဲ့ပါတယ်။ ဗီလာရီးရဲ က ဘောလုံး ကိုင်ကစားချင်တဲ့ လီဗာပူး ကို နေရာလွတ် မပေးချင်လို့ ကစားသမား တော်တော်များများ တက်ဖိထားတယ် ဆိုပေမယ့် ၊ Pressing လုပ်တဲ့ အပိုင်းက ထင်သလောက်ကြီး သပ်ရပ်ခဲ့တာ မဟုတ်ပါဘူး။

 

လီဗာပူး ကစားသမားတွေ ကိုယ်တိုင်က ဖိအားတွေ များရင်း ဘောလုံး အပျက်တွေ ဆက်တိုက် များခဲ့တာ ဖြစ်ပါတယ်။ ပြောရရင် ပထမပိုင်း ခြေစွမ်းဟာ ဒီရာသီ လီဗာပူး ကစားခဲ့တဲ့ တစ်လျှောက်မှာ အဆိုးဝါးဆုံး ခြေစွမ်းလို့တောင် ပြောလို့ရပါတယ်။

 

အန်ဖီးလ် ကွင်းတုန်းက ဗီလာရီးရဲ ကို ဂိုးပေါက်တည့် ကန်သွင်းချက် တစ်ကြိမ်မှ မပေးလိုက်ရတဲ့ ကလော့ပ် အသင်းဟာ ၊ ဗီလာရီးရဲ နဲ့ ဒုတိယ အကျော့ ပြန်ကစားချိန်မှာတော့ ပထမပိုင်း ဂိုးပေါက် ခြိမ်းခြောက်မှုတောင် တစ်ကြိမ် တခါမှ မရှိခဲ့တာပါ။ ဒါကြောင့် ပထမပိုင်းမှာတင် 2 ဂိုး ပေးလိုက်ရပြီး ၊ နှစ်ကျော့ပေါင်း ရလာဒ် 2-2 ဖြစ်သွားခဲ့ ပါတယ်။

ပွဲ ရဲ့ အလှည့်အပြောင်းကို ဖန်တီးပြသူက ဒုတိယပိုင်းမှာ လူစားလဲ ဝင်ရောက်လာတဲ့ ကိုလံဘီယာ တောင်ပံ ကစားသမား ဒီယက်ဇ် ဖြစ်ပါတယ်။ သူဟာ ဂျော်တာ ရဲ့ နေရာကို ဝင်ရောက် ကစားရင်းကနေ ဘယ်တောင်ပံ တစ်လျှောက် တောက်လျှောက် ဖိအားတွေ ဆက်တိုက်ပေးရင်း ၊ လီဗာပူး ကစားသမားတွေ တည်တည်ငြိမ်ငြိမ် နဲ့ ဘောလုံး ကိုင်နိုင်အောင် ကူညီပေးလာနိုင်ပါတယ်။

ဗီလာရီးရဲ ကလဲ တိုက်စစ်ပြန်ဖွင့်လာမယ့် လီဗာပူး ရဲ့ ဗျူဟာကို သိနေတဲ့ အတွက် ပထမပိုင်း တုန်းကလို မကစားတော့ပဲ ခံစစ်ကို အနည်းငယ် အားပြုလိုက်တာ က လီဗာပူး ကို မျှော်လင့်ချက် ပေးလိုက်သလိုပါ။ ကလော့ပ် ရဲ့ အသင်းဟာ ဘောလုံးကို ပိပိရိရိ ကိုင်ကစားလို့ ရပြီ ဆိုတာနဲ့ ဘယ်လိုနေရာလွတ် ရှာပြီး ဂိုးသွင်းရမယ် ဆိုတာ ကောင်းကောင်း သဘောပေါက်ထားတဲ့ အသင်းမျိုး ဖြစ်ပါတယ်။

 

ပထမ ချေပဂိုး ကို ဆာလာ ရဲ့ ဖန်တီးမှု ကနေ တဆင့် ဖာဘင်ဟို က အပြင်းကန်သွင်းပြီး ရယူလိုက်ပါတယ်။ အဲဒီ ဂိုးဟာ ပထမပိုင်းတစ်ခုလုံး ဖိအားများနေတဲ့ လီဗာပူး ကစားသမားတွေ ကို ယုံကြည်မှု ပြန်လည် မွေးဖွားပေးလိုက်တဲ့ ဂိုးမျိုးဖြစ်ပြီး ၊ သူတို့ လုပ်ပြနိုင်တယ် ဆိုတဲ့ အသိကို အားလုံး ပြန်လည် အမှတ်ရသွားစေခဲ့ပါတယ်။

အဲဒီနောက် ဆက်တိုက် ဆိုသလို အာနိုး ဖန်တီးမှု ကနေ တဆင့် ဒီယက်ဇ် က ခေါင်းတိုက် သွင်းပြီး ဒုတိယဂိုး ထပ်မံ ရယူလိုက်ချိန်မှာတော့ ဗီလာ ရီးရဲ ရဲ့ မျှော်လင့်ချက်တွေဟာ လုံး၀ ကို ပျက်သုဉ်းသွားခဲ့ပါပြီ။ ဒုတိယပိုင်းမှ ဝင်လာတဲ့ ဒီယက်ဇက် ဟာ သူ့ရဲ့ တိုးအားတွေ ၊ အလိမ် အခေါက်တွေ နဲ့ ပြိုင်ဘက် ခံစစ်ကို တရစပ် ဖိအားပေးသွားတာ အရမ်း ထိရောက်ခဲ့သလို ၊ သွင်းဂိုးပါ ရယူလိုက်ချိန်မှာတော့ ဒီပွဲ ရဲ့ Game Changer အဖြစ်ပါ သတ်မှတ်ခံလိုက်ရပါတယ်။

လီဗာပူး အတွက် တတိယမြောက် သွင်းဂိုးတော့ လူကျွံ ထောက်ချောက်ကို ဖောက်ထွက်သွားတဲ့ မာနေး က ဂိုးသမား နဲ့ ညာနောက်ခံလူကိုပါ လိမ်ခေါက်ပြီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီသွင်းဂိုးကြောင့် မာနေးဟာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်မှာ ဂိုးအများဆုံး သွင်းယူထားတဲ့ အာဖရိက ကစားသမား ဒရော့ဘာ ရဲ့ စံချိန်ကို ကျော်ဖြတ်ကာ ၊ စုစုပေါင်း 15 ဂိုး နဲ့ စံချိန်သစ် ရေးထိုး သွားခဲ့ ပါတယ်။

 

ဗီလာရီးရဲ က ပထမပိုင်းမှာ သူတို့ အစွမ်းအစ ဘယ်လောက်အထိ ရှိလဲ ဆိုတာ ပြသခဲ့သလို ၊ လီဗာပူး ကလဲ ဒုတိယပိုင်း မှာတော့ သူတို့ရဲ့ ခြေစွမ်း ဘယ်လောက်အထိ ကောင်းလဲ ဆိုတာ မှတ်ကျောက်တင်ခံပြသွားခဲ့ပါတယ်။

ကလော့ပ် နဲ့ လီဗာပူး ကစားသမားတွေ ဟာ မျှော်လင့်ချက် အပြည့်နဲ့ လာရောက် ဝန်းရံခဲ့တဲ့ အိမ်ရှင် ပရိသတ်တွေ ၊ ဗီလာရီးရဲ ကစားသမားတွေ ကို လေးစားမှု ပြသတဲ့ အနေနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်ခဲ့သည့်တိုင်အောင် အလွန်အကျွံ အောင်ပွဲခံတာမျိုးတွေ မလုပ်ခဲ့ပါဘူး။

ထိုနည်းတူစွာပဲ ဗီလာရီးရဲ ကလဲ သူတို့ရဲ့ Twitter အကောင့်ကနေ တဆင့် လီဗာပူး ဟာ ဗိုလ်လုပွဲဆီကို ထိုက်ထိုက်တန်တန် တက်ရောက်သွားတာ ဖြစ်ကြောင်း #Congratulations လုပ်ပြီး စတေးတပ် တင်သွားခဲ့ပါတယ်။

အခုဆိုရင် လီဗာပူး ဟာ ဘောလုံးသမိုင်းကြောင်း တစ်လျှောက်မှာ ဘယ်အသင်းမှ မရယူဘူးတဲ့ စံချိန်မျိုးတွေ ရယူသွားခဲ့ပါပြီ။

 

အင်္ဂလန် ဘောလုံးသမိုင်းကြောင်း တစ်လျှောက် တစ်ရာသီ အတွင်း ကာရာဘောင် ဖလား ဗိုလ်လုပွဲ ၊ အက်ဖ်အေဖလား ဗိုလ်လုပွဲ ၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေကို ဆက်တိုက် တက်ရောက်နိုင်တဲ့ ပထမဆုံး အသင်းအဖြစ် မှတ်တမ်းသစ် ရေးထိုးသွားပြီ ဖြစ်ပါတယ်။

 

ဒါ့အပြင် နည်းပြကြီး ယာဂန် ကလော့ပ် ကလဲ အထက်ဖော်ပြပါ ဗိုလ်လုပွဲကို တစ်ရာသီအတွင်း တစ်ပြိုင်နက်ရောက်အောင် ပို့ပေးနိုင်တဲ့ ပထမဆုံး နည်းပြ ဖြစ်လာခဲ့ပါတယ်။

လီဗာပူး ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီးကို အဝေးကွင်း 100% အနိုင်ရလာဒ် နဲ့ ထိုက်ထိုက်တန်တန် တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

 

 

SPORTS MYANMAR