စံချိန်သစ် တခု တင်ရင်း ၊ ရိုးမားနဲ့ အတူ ကွန်းဖရန့်လိဂ် ဖိုင်နယ်သို့ တက်ရောက်ခဲ့ပြီးနောက် ၊ အန်ဆယ်လော့တီထံ တိုက်ရိုက် မက်ဆေ့ခ်ျ ပေးလိုက်တဲ့ မော်ရင်ဟို

 

မနေ့ည က ကစားခဲ့တဲ့ ယူရိုပါ ကွန်းဖရန့်လိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲတပွဲမှာ ရိုးမား အသင်း ဟာ လက်စတာ အသင်းကို တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အတူ အနိုင်ရကာ ၊ ၂ကျော့ပေါင်း ရလဒ် ၂ – ၁ နဲ့ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ဒါဟာ ရိုးမား အတွက် နှစ်ပေါင်း ၃၀ အကြာမှာ တကြိမ် ပြန်ရောက်လာတဲ့ ဥရောပဖိုင်နယ်လည်း ဖြစ်ပါတယ် ။ ပေါ်တူဂီ လူမျိုး နည်းပြ ဟိုဆေး မော်ရင်ဟိုဟာလည်း သမိုင်းတလျှောက် မတူညီတဲ့ ကလပ် ၄သင်းနဲ့ ဥရောပ ပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့တဲ့ ပထမဆုံး နည်းပြ အဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ် ။

ပွဲအပြီး Sky Italia နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ မော်ရင်ဟို က ရိုးမား အသင်းကို မိသားစု တစု ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ချီးမွမ်းခန်း ဖွင့်ရင်း ၊ လက်စတာကို အနိုင်ရဖို့ ၄င်းတို့ ဘယ်လို ချဉ်းကပ် ကစားခဲ့တယ် ဆိုတာ အခုလိုပဲ ရှင်းလင်း ပြောဆိုခဲ့ပါတယ် ။

မော်ရင်ဟို က ” ကျွန်တော် အရမ်း ပင်ပန်းနေပါပြီ ။ အိမ်ပြန်ချင်ပါတယ် ။ ဒါဟာ မိသားစု အောင်ပွဲ တပွဲပါ ။ ကွင်းတွင်းနဲ့ အရန်ခုံက ကစားသမားတွေ ၊ နည်းပြ အဖွဲ့ အတွက်သာမက ၊ တကွင်းလုံး က ပရိသတ်တွေ အတွက် အောင်ပွဲ ဖြစ်ပါတယ် ။ ဒါဟာ ကျွန်တော်တို့ရဲ့ ပရိသတ်တွေနဲ့ အတူ ဖန်တီးနိုင်ခဲ့တဲ့ အကြီးကျယ်ဆုံး မှတ်ကျောက် တခု ဖြစ်ပါတယ် ။ ”

” ဒီနေ့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည် က သာမန်ထက် ထူးကဲခဲ့ပြီး ၊ တခြားသူတွေကတော့ ဒါကို တမျိုး ထင်ရင်ထင်ကြမှာပါ ။ ဒါပေမယ့် တိုက်စစ် ကစားသမားကောင်း များစွာ ပိုင်ဆိုင်ထားတဲ့ ပရီးမီးယားလိဂ် ကလပ် တသင်းနဲ့ ရင်ဆိုင်ရတာတောင် ကျွန်တော်တို့ အသင်းရဲ့ ဂိုးသမား က ၂ကြိမ်ပဲ ဂိုးပေါက် ကာကွယ်ခဲ့ရတယ် ဆိုတာ ကျွန်တော်တို့ တခုခု လုပ်ပြနိုင်ခဲ့တယ် ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ညွှန်းနေပါတယ် ။ ”

” ကျွန်တော့ ကောင်လေးတွေ ဒီ အောင်ပွဲနဲ့ ထိုက်တန်ပါတယ် ။ ကျွန်တော်တို့မှာ စီးရီးအေ ရာသီသိမ်းဖို့ ၃ပွဲ ကျန်သေးပြီး ၊ ရလဒ်ကောင်းတွေနဲ့ တတ်နိုင်သမျှ အဆုံးသတ်ချင်ပါတယ် ။ ကျွန်တော်တို့ဟာ ဒီ ပြိုင်ပွဲမှာ ဖိုင်နယ် တက်ရောက်ဖို့ အတွက် စီးရီးအေက ရမှတ် တချို့တောင် လက်လွှတ်ခဲ့ရတာပါ ။ ”

” အခု ကျွန်တော်တို့ ဖိုင်နယ် တက်လာပြီ ဖြစ်လို့ ဖလားပါ ရယူသွားလိုပါတယ် ။ ဒီနေ့မှာ ကျွန်တော်တို့ရဲ့ pressing စတိုင်လ် က အန္တရာယ် များတာကြောင့် မိနစ် ၉၀ အပြည့် ဒါကို မလုပ်ဆောင်နိုင်ပါဘူး ။ ဒီတော့ ၅ – ၃ – ၁ – ၁ ကစားကွက် ပြောင်းပြီး ၊ ခံစစ် လုံခြုံအောင် ကြိုးစားခဲ့ပါတယ် ။ ”

” ကွင်းလယ်လူတွေဆီကလည်း ခံစစ် အတွက် အံ့သြဖွယ် ကြိုးစားအားထုတ်မှုတွေ မြင်ခဲ့ရပြီး ၊ မစ်ခီတာရန် မရှိပဲနဲ့ ကျွန်တော်တို့ ခြေထဲ ဘောလုံးကြာကြာ ထိန်းနိုင်ဖို့ မလွယ်ကူခဲ့ပါဘူး ။ ဒါပေမယ့် အသင်းသား အားလုံး ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ကြပါတယ် ။ ထပ်ပြီး ပြောရရင် ဒါဟာ မိသားစု တစုပါ ။ ဒီစကားလုံးနဲ့ ကျွန်တော့ အသင်းကို ခေါင်းစဉ်တပ်ချင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

 

ဆက်လက်ပြီး မော်ရင်ဟို က အနိုင်ဂိုးရှင် တမ်မီ အေဘရာဟမ်နဲ့ ပတ်သက်ပြီးလည်း ” ဒါက လုံလောက်မှု မရှိသေးဘူး ဆိုတာ တမ်မီ သိပါတယ် ။ ကျွန်တော်ဟာ သူ့ကို တချိန်လုံး ကြီးကြီးမားမား ချီးကျူးနေမှာ မဟုတ်ပါဘူး ။ ဘာလို့လဲဆိုတော့ သူဟာ အခုထက် ပိုကောင်းအောင် စွမ်းဆောင်နိုင်သေးလို့ပါ ။”

 

” သူဟာ ပိုပြီး ကြီးကျယ်တဲ့ ကစားသမား တယောက် ဖြစ်လာနိုင်တဲ့ အလားအလာကို ပိုင်ဆိုင်ထားပါတယ် ။ သူ့အနေနဲ့ ပွဲတိုင်း ဒီလိုမျိုး ပြင်းပြင်းထန်ထန် ကြိုးစားပြဖို့ လိုပါတယ် ။ လာဇီယိုနဲ့ ဒါဘီပွဲ ကစားမှ ၊ ဥရောပ ဖိုင်နယ် တက်ဖို့ တိုက်ပွဲဝင်မှ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တမြန်နေ့ညကတော့ ရီးရဲလ်မက်ဒရစ် ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ဘာနေဗျူးမှာ မန်စီးတီးကို နောက်ကနေ လိုက်ကစားရင်း ၊ comeback နဲ့ အနိုင်ရကာ ၊ ဖိုင်နယ်သို့ မှော်ဆန်ဆန် တက်လှမ်းသွားနိုင်ခဲ့ပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး မော်ရင်ဟို က သူ့အသင်းဟောင်းနဲ့ လုပ်ဖော်ကိုင်ဖက် နည်းပြ ကာလို အန်ဆယ်လော့တီထံ အခုလိုပဲ မက်ဆေ့ခ်ျ ပေးခဲ့ပါတယ် ။

မော်ရင်ဟို က ” ခင်ဗျား ခွင့်ပြုမယ်ဆိုရင် ကြီးကျယ်တဲ့ နည်းပြ တဦးလည်းဖြစ် ၊ ကျွန်တော့ရဲ့ မိတ်ဆွေအရင်း တဦး ဖြစ်တဲ့ ကာလက်တို ( အန်ဆယ်လော့တီ ) ဆီ မက်ဆေ့ခ်ျ ပေးချင်ပါတယ် ။ ကျွန်တော်တို့ အတူ ဖိုင်နယ်မှာ ကိုယ်စီ ဖလားမြှောက်ကြပါစို့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR