စပါး အသင်းနဲ့ သရေကျပြီးနောက် လီဗာပူး အသင်းရဲ့ဖလားလေးလုံး မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး ဝန်ခံမှု ပြုလုပ်လာတဲ့ ကလောပ့်

ဂျာဂင် ကလောပ့် က အန်ဖီးလ်မှာ စပါး အသင်း နဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျပြီးနောက် လီဗာပူး အသင်း ရဲ့ ဖလား လေးလုံး အိပ်မက်ဟာ ပြီးဆုံး သွားသလောက် ရှိပြီ ဖြစ်ကြောင်း ဝန်ခံ ပြောကြား လိုက်ပါတယ် ။

ဒီနေ့ မနက်မှာ ကစားခဲ့တဲ့ ပွဲမှာ စပါး အသင်းဟာ ဆွန်ဟောင်မင် ရဲ့ သွင်းဂိုး စတင် ဦးဆောင် နိုင်ခဲ့ပြီး လီဗာပူး အတွက် ချေပဂိုး ကို ပွဲပြီးခါနီး ၁၅ မိနစ် အလိုမှာ ဒီယက်ဇ် က ပြန်လည် သွင်းယူပေး ခဲ့ပါတယ် ။

လီဗာပူး အသင်းဟာ စပါး အသင်းနဲ့ သရေကျသွားခဲ့ပေမယ့် မန်စီးတီး နဲ့ရမှတ်တူ ၊ တစ်ပွဲပိုကစား ၊ ဂိုးကွာခြားချက် အသာစီး ရထားတာကြောင့် အမှတ်ပေး ဇယားထိပ်ဆုံးကို တက်လှမ်း နိုင်ခဲ့ပါတယ် ။ ဒါပေမယ့်လည်း ဒီကနေ့မှာသာ မန်စီးတီး အသင်း နယူးကာဆယ် ကို အနိုင် ကစားနိုင်ပါက လီဗာပူးကို ရမှတ် ၃ မှတ်အထိ ဖြတ်ထားနိုင်မှာ ဖြစ်ပါတယ်။

လီဗာပူး နည်းပြ ကလောပ့် က ပက်ဂွာဒီယိုလာ ရဲ့မန်စီးတီး အသင်း ခြေချော်ပြီး သူတို့ အသင်း အခွင့်အရေးရလိမ့်မယ်လို့ မမျှော်လင့်ထားကြောင်း စပါး အသင်း နဲ့ သရေကျခဲ့တဲ့ ပွဲအပြီး အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ် ။

လီဗာပူး အသင်းဟာ ဒီရာသီမှာ ခါရာဘောင်းဖလား ရယူထားပြီး ဖြစ်သလို အက်ဖ်အေဖလား နဲ့ ချန်ပီယံလိဂ်ဖလား တို့မှာလည်း ဗိုလ်လုပွဲ တက်ရောက်ထားနိုင်တာကြောင့် တစ်ရာသီတည်း ဖလား လေးလုံး ရနိုင်တဲ့ အခွင့်အရေး ရှိနေတာပါ ။

ကလောပ့် က BBC Sports နဲ့ အင်တာဗျူးမှာ ” ကျွန်တော် ပျော်တော့ မပျော်နေပါဘူး ၊ ဒါပေမယ့် အခုအချိန် ကစားသမားတွေ ဝမ်းနည်းနေသလိုမျိုးလည်း ဝမ်းမနည်းနေပါဘူး ၊ ကျွန်တော့်မှာ ဘာတွေ ဘာကြောင့် ဖြစ်ပျက်သွားခဲ့သလဲ ဆိုတာ ရှင်းပြဖို့တာဝန် ရှိပါတယ် ။ ”

“ဟယ်ရီကိန်း နဲ့ ဆွန်ဟောင်မင် တို့ နှစ်ဦးစလုံးက အပြည့်အ​ဝ အနားရထားကြတာပါ ၊ ဒါကြောင့်လည်း အတော်လေး ခက်ခဲသွားခဲ့တယ် ဆိုရမှာပါ ၊ အဲ့ဒါကြောင့်လည်း ဖလားလေးလုံးရဖို့ ဆိုတာက မဖြစ်နိုင်တာပါ ။ ”

” ဒီနိုင်ငံ က ကလပ် အသင်း အနေနဲ့ ဖလား လေးလုံး မရနိုင်တဲ့ အကြောင်းအရင်းက ရှိကို ရှိပါတယ် ။ ကျွန်တော်တို့ ဆက်လ​က် ကြိုးစားသွားပါဦးမယ် ၊ ကျွန်တော် ဒီမှာ ထိုင်ပြီး မန်စီးတီး အသင်း အမှတ်လျော့လိမ့်မယ်လို့ ပြောချင်တာပေါ့ဗျာ ။ ”

” ဒါပေမယ့် သူတို့ အမှတ်လျော့နိုင်တဲ့ အလားအလာ မမြင်ပါဘူး ၊ ကျွန်တော် မတူ ကွဲပြားတဲ့ အမြင်နဲ့ တွေးနိုင်ဖို့ ဆုတောင်းချင်ပေမယ့် စီးတီး အမှတ်လျော့နိုင်ချေကို မတွေ့ပါဘူး ၊ ဒါပေမယ့် ဘာတွေ ဆက်ဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM